စီးပွားရေးအတွက် အတွင်းရန်သူများ (Inner Enemies For Business)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


2(2).png

Image from google


မနေ့ကဆောင်းပါလေးမှာ စီးပွားရေးအတွက် အပြင် ရန်သူ (၅) ယောက်အကြောင်းလေးရေးသားခဲ့ပါသည်။ ဒီနေ့ တော့ စီးပွားရေးအတွက် အတွင်းရန်သူ (၄) ယောက်အကြောင်းဆက်လက်ရေးသားပေးပါမည်။ အတွင်းရန်သူဟု ဆိုလိုက်သဖြင့် စီးပွားရေးလုပ်ငန်းများတွင် သူလျိုအဖြစ်ဝင်ရောက်နေတတ်သူများကို ဆိုလိုခြင်း မဟုတ်ပါ။ မိမိတို့ရဲ့ ခန္ဓာကိုယ်အတွင်းတွင် တည်ရှိနေသော စိတ်နှင့်ဆက်စပ်နေသော ရန်သူ (၄) ဦးကိုဆိုလိုခြင်း ဖြစ်ပါသည်။ မိမိတို့၏ ကိုယ်တိုင်သာ လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သသောကြောင့် မိမိတို့နှင့်သာ သက်ဆိုင်နေပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပင် ပြုပြင်ပြောင်းလဲရမည်ဖြစ်သလို ကိုယ်တိုင်ကာကွယ်ရေး လုပ်ကြရမည်ဖြစ်ပါသည်။ ထိုရန်သူ(၄)ယောက်အား အောက်တွင်ဖော်ပြလိုက်ပါသည်။

အတွင်းရန်သူ(၄)ယောက်

(၁) မိန်းမအလွန်အကျွံလိုက်စားသောအလေ့အကျင့်ရှိသူ(မိန်းမကြူးခြင်း)
(၂) အရက်နှင့်မူးယစ်ဆေးများကို အလွန်အကျွံသုံးစွဲသော အလေ့အကျင့်ရှိသူ(သေကြူးခြင်း)
(၃) လောင်းကစားကိုအလွန်အကျွံ လုပ်တတ်သော အလေ့အကျင့်ရှိသူ(အန်ကြူးခြင်း)
(၄) မကောင်းသော အလုပ်များ နှင့် မကောင်းသောအလေ့အကျင့်များနှင့်ပျော်မွေ့တတ်သော မိတ်ဆွေများရှိသူ (မကောင်းသော အဆွေခင်ပွန်းရှိသူ) စသည်တို့ဖြစ်ကြောင်း သိရှိရပါသည်။

ထိုရန်သူများသည် အဓိကအားဖြင့် မိမိတို့နှင့်သာသက်ဆိုင်နေသည်ဟု ထင်မြင်မိပါသည်။ ရန်သူဟုခေါ်ဆိုခြင်းသည် မိမိတို့၏ အကျိုးစီးပွားများအား ထိခိုက်စေခြင်း၊ ပျက်စီးစေခြင်း တို့ကြောင့်ဖြစ်ကြောင်း သတိချပ်သင့်လှပေသည်။ အတွင်းရန်သူများဖြစ်သော ရန်သူများအားလည်း ကာကွယ်ရန်မှာ မိမိတို့တာဝန်တစ်ခု ဖြစ်ပေသည်။ အကျိုးစီးပွား တိုးတက်လိုပါက အကျိုးစီးပွားအား ထိခိုက်စေမည့် အကြောင်းတရားတို့ကို ရှောင်ရှားရမည်ဖြစ်ပေသည်။


222 p.png

Image from google


အတွင်းရန်သူနံပါတ်တစ်ကို ကာကွယ်ရန်မှာ မိမိတို့ကိုယ်တိုင်က ပြုပြင်ကြရမည်ဖြစ်ပါသည်။ ဒီနေရာမှာ မိန်းမအလွန်အကျွံလိုက်စားခြင်းဟု ရေးသားထားချက်သည် ဖို မ ဆက်ဆံရေးကို ညွှန်းဆိုခြင်းဖြစ်မည် ထင်ပါသည်။ ဖိုမ ဆက်ဆံရေးသည် ယောက်ျားများကသာ စောင့်ထိန်းရမည့် ကိစ္စမဟုတ်ပါ။ မိန်းကလေးများသည်လည်း အလွန်အကျွံမဖြစ်စေရန် စောင့်ထိမ်းခြင်းရန်လိုအပ်ပါမည်။ နေ့ခေတ်အခါသည် လိင်ဆက်ဆံရေးဟု ခေါ်ဆိုကြသည့် ဖိုမ ဆက်ဆံရေးသည် အလွန်တရာလွယ်ကူနီးစပ်နေသော ခေတ်ကာလဖြစ်ပါသည်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကာမ ဆက်ဆံရေးတွင် အလွန်အကျွံပြုလုပ်ပါက ပျက်စီးခြင်းသို့ရောက်ရှိမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ယောက်ျားများကိုသာ ရည်ညွှန်းသည်ဟု မိန်းကလေးများကမမှတ်ယူသင့်ပါ။ ထိုကဲ့သို့ ဖိုမ ဆက်ဆံရေးသည် အပျော်အပါးမှ စတင်ဖြစ်ပေါ်လာတတ်ပေသည်။ အပျော်အပါးကို လိုက်စားလွန်းလျှင် ယခုခေတ်တွင် နောက်ဆုံး ဖိုမဆက်ဆံရေးသို့ရောက်ရှိနိုင်ကြသောကြောင့် သတိပြုဆင်ခြင် သင့်သည်ဟုထင်ပါသည်။ မိမိတို့၏ စိတ်ကို နိုင်နင်းအောင် မဆုံးမ မထိန်းသိမ်းနိုင်ပါက အတွေ့တွင် ရှောင်နိုင်ရန် မလွယ်ကူပါ။ ထိုသို့ ဖိုမဆက်ဆံရေးတွင် အမြဲတမ်း အလွန်အကျွံလိုက်စားသောအဆင့်ဖြစ်သို့ ရောက်ရှိသွားမည်ဆိုပါက ဥစ္စာပစ္စည်းများ ဆုံးရှုံးနိုင်ခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက အလုပ်ထိခိုက်နိုင်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းနိုင်ခြင်း၊ HIV မှ အစပြုသော AIDS ရောဂါကဲ့သို့သော ရောဂါဘယများ ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် သတိထားသင့်ပေသည်။ ထို့ကြောင့် မိမိတို့၏ အသိဥာဏ်ကို ရှေ့တန်းတင်လို့ ရန်သူကို ကာကွယ်နိုင်ပါမည်။ အသိဥာဏ်ကွယ်လျှင် ရန်သူ့ လက်သို့ကျရောက်ပေမည်။


drunking.png

Image from google


နံပါတ်နှစ်ရန်သူသည် အရက်သေစာများ၊ မူးယစ်စေသောအရာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာ တတ်ကြောင်း သိရှိမှတ်သားဖူးပါသည်။ ဒီအချက်ကလည်းရှင်းနေပါသည်။ အရက်သေစာသောက်စားမူးယစ်သော အကျင့်ရှိနေသောသူများကို လူအများစုက ဆက်ဆံမှု သိပ်မလုပ်ချင်ကြကြောင်းလည်းတွေ့ရှိရပါသည်။ ထို့ကြောင့် မိမိတို့လုပ်ငန်းနှင့်ဆက်ဆံနေရသော အသိုင်းအ၀ိုင်းတွင် တတ်နိုင်သမျှ အရက်သေစာ သောက်သုံးခြင်းအား ရှောင်ရှားသင့်လှပေသည်။ လုံးဝသောက်သုံးခြင်းမပြုလျှင် အကောင်းဆုံးဖြစ်ပါမည်။ ပေါင်းသင်းဆက်ဆံရေး ကြောင့် အားနာသဖြင့် သောက်သုံးမိရာကစ အသက်သေသည်အထိဖြစ်သွားကြရသော လူများကိုမြင်ဖူးတွေ့ဖူး ခဲ့ပါသည်။ အပေါင်းအသင်းများနှင့်သောက်သုံးမိရာကအစ အရက်စွဲတတ်သည်ကို သတိပြုဆင်ခြင်ကြစေချင်ပါ သည်။ အရက်သေစာ သောက်စားထားချိန်တွင် မပြောသင့် မဆိုသင့်သော စကားများ၊ မလုပ်သင့် မလုပ်ထိုက်သော အပြုအမူများကို သတိနှင့်ထိန်းချုပ်ရန် မလွယ်ကူပါ။ မြန်မာရာဇ၀င်များတွင်လည်း မင်းဧကရာဇ် များပင် ပျက်စီးသော အကြောင်းအရာများ အမှန်တကယ်ရှိနေခဲ့ပါသည်။ မူးယစ်စေသော အခြား အကြောင်းအရာ များသည်လည်း ပိုမိုဆိုးရွားနိုင်ပါသည်။ နံပါတ်နှစ်ရန်သူကိုလည်း မိမိတို့ဥာဏ်အသိဖြင့် ကာကွယ်နိုင်ပါသည်။


gambler.png

Image from google


နံပါတ်သုံးရန်သူသည် လောင်းကစားတွင် အလွန်ဝါသနာထုံခြင်းအလေ့အကျင့်ရှိသူ ဖြစ်ပေသည်။ လောင်ကစား ကိုလူတိုင်းသိမြင်ကြပါသည်။ သို့သော် ဆင်ခြင်တိုင်းတာနိုင်မှုကိုတော့ လူတိုင်းနီးပါးလောက် မည်သူမျှ မလုပ်ကြပါ။ အဘယ့်ကြောင့်ဆိုသော် မတော်လောဘထွက်နေတတ်သောကြောင့် လောဘ၏ ဖုံးကွယ်မှုကြောင့် အသိဥာဏ်ပညာ ကွယ်ပျောက်နေတတ်သောကြောင့်ဖြစ်ပါသည်။ သတိနှင့်ထိန်းသိမ်းသင့်ပါသည်။ လောင်းကစား လုပ်ခြင်းဖြင့် ချမ်းသာနေသူများမှာ ဒိုင်အဖြစ်လက်ခံသူများသာဖြစ်ကြောင်းကိုလည်း လေ့လာကြည့်နိုင်ပေသည်။ လောင်းကစားခြင်းကိုလည်း တရားဥပဒေကခွင့်မပြုပါချေ။ ထို့ကြောင့် လောင်းကစားခြင်းကြောင့် မင်းဘေးလည်း သင့်နိုင်ပေသေးသည်။ ငွေကြေးဟုတ်တိ ပတ်တိ မရဘဲနှင့်အချိန်ကုန်လောင်းကစားမိသဖြင့် ထောင်ကျသွားသူ များကိုလည်း မြင်နေရပါသည်။ ဘေးမှ ကြည့်မိသောသူပင်လျှင် ထောင်ကျနိုင်ပါသည်။ သတိပြုဆင်ခြင်နိုင်ပါစေ။


The fake friend.png

Image from google


နံပါတ်လေးရန်သူသည် မကောင်းသော အဆွေခင်ပွန်းများ မိမိတို့၏ မိတ်ဆွေများတွင် ပါရှိနေခြင်းဖြစ်ပေသည်။ ထိုကဲ့သို့သော မိတ်ဆွေများရှိနေခြင်းသည် မိမိတို့၏ ကောင်းကျိုးထက် ဆိုးကျိုးသာများမည်ထင်ပါသည်။ မကောင်းသောအလေ့အကျင့်ရှိသော မိတ်ဆွေဟု ဆိုရာတွင် မိမိတို့ ကောင်းမှုပဲလုပ်လုပ်၊ မကောင်းမှုပဲလုပ်လုပ်၊ ဘာလုပ်လုပ် မြှောက်ပင့်ကာ ကောင်းတယ်ဟု အမြဲတမ်းဆိုတတ်သော မိတ်ဆွေတုများ လည်းပါပေသည်။ မိတ်ဆွေစစ်ယောင်ဆောင်တတ်ကြပေသေးသည်။ ထိုသို့သောသူများ မိမိတို့၏ မိတ်ဆွေများထဲတွင် ပါရှိပါက ပျက်စီးခြင်းသို့ ဆိုက်ရောက်တတ်ကြပေသေးသည်။ မိတ်ဆွေစစ်တို့မည်သည်ကား မိမိ မကောင်းမှုကိုလုပ်ပါက တားမြတ်တတ်သလို ကောင်းမှုပြုပါကလည်း လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာရှိပြီး တတ်အားသရွှေ့ ကူညီတတ်ကြပေသေးသည်။ မိတ်ဆွေအပေါင်းအသင်းများကိုလည်း သတိပြု ပေါင်းသင်းဆက်ဆံသင့်ပေသည်။


success in life.png

Image from google


အတွင်းရန်သူလေးယောက်သည် အဓိကအားဖြင့် မိမိတို့ကိုယ်တိုင် ဆင်ခြင် ကြရမည့် ရန်သူများဖြစ်ပါသည်။ ထိုသို့ မိမိကိုယ်တိုင် ထိန်းသိမ်းခြင်းကြောင့် အကျိုးယုတ်လျော့နိုင်မည်မဟုတ်ပါ။ မိမိတို့၏ စိတ်ကို ထိန်းချုပ်ခြင်းဖြင့် ကောင်းကျိုးများ ခံစား စံစားနိုင်ပေမည်။ ထိုသို့မဟုတ်ပဲ မိမိတို့၏ စိတ်အား လွှတ်ထားပေးပါက မည်သည့်အရာမှ ကောင်းကျိုးရရှိနိုင်မည်မဟုတ်ပါချေ။ အတွင်းရန်သူများကို ရှောင်ကြဉ်ခြင်းသည် သီလစောင့်ထိန်းခြင်းလည်း မည်ပေမည်။ မိမိတို့၏ ကိုယ်ကျင့်တရားလည်း မည်ပေသည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်ကျင့်သီလကိုလည်း ထိန်းသိမ်းပြီးဖြစ်ပါမည်။ စီးပွားရေးလုပ်ငန်းတွင်ဖြစ်စေ၊ လူမှုရေးလုပ်ငန်းတွင်ဖြစ်စေ မည်သည့်အရေားအရာကိစ္စတွင်မဆို ကိုယ်ကျင့်သီလစောင့်ထိန်းသူ နှင့် ကိုယ်ကျင့်သီလ မစောင့်ထိန်းသူတို့သည် နှိုင်းယှဉ်မရနိုင်သည်ကိုလည်း လူတိုင်းနားလည်မည်ဖြစ်ပါသည်။ အထက်ပါရန်သူလေးယောက် အကြောင်းသည်လည်း ကျယ်ပြန့်လှပေသည်။ ဗဟုသုတအနေဖြင့်သာ ရေးသားခြင်းဖြစ်ပါသောကြောင့် အမှားအယွင်းများတွေ့ရှိပါက ထောက်ပြဝေဖန်ပေးကြပါခင်ဗျာ။

အားလုံးသောညီအစ်ကိုမောင်နှမအပေါင်း ရန်သူအမျိုးမျိုးဘေးမှ ကင်းဝေးနိုင်ကြပြီး အောင်မြင်သောဘ၀ခရီးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အောင်မြင်သောဘ၀ပိုင်ရှင်များဖြစ်အောင်ကြိုးစား နိုင်ကြပါစေဗျာ။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

31-10-2017 အင်္ဂါနေ့(Tuesday)