စီးပွားရေးအတွက် ရန်သူများ(Enemies For Business)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


ဒီတစ်ခေါက်တော့ စီးပွားရေးလုပ်ကိုင်နေသော မိတ်ဆွေများ၊ စတင်လုပ်ကိုင်ကြတော့မည့်မိတ်ဆွေများအတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် သတိထားသင့်သည့် ရန်သူများအကြောင်းကိုရေးသားလိုက်ပါတယ်။ အထူးအဆန်းတော့မဟုတ်ပါ။ သိထားပြီးသားများဖြစ်နေပါလိမ့်မည်။ ပြန်လည်သတိပေးခြင်းအနေဲ့ ဖတ်ရှုပေးကြပါခင်ဗျာ။


0001.png


လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြရာတွင် နဖူးကချွေး ခြေမကျအောင် ပင်ပန်းကြီးစွာ ရှာဖွေနေကြသော်လည်း အောင်မြင်မှုမရ ဆုံးရှုံးမှုနှင့်ကြုံတွေ့ရတတ်ပေသည်။ အဘယ့်ကြောင့် ထိုကဲ့သို့ မအောင်မမြင်ဖြစ်ရကြောင်းကို မြတ်ဗုဒ္ဓဟောကြားခဲ့ဘူးသော တရားတော်များမှာပါရှိသော အချက်အလက်များမှ ဖတ်ရှုထားမိသော စီးပွားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖော်ပြပေးခြင်းဖြစ်ပါသည်။ စီးပွားရေးကို ပင်ပန်းစွာရှာဖွေနေကြပါသော်လည်း မလုပ်သင့်မပေါင်းဖော်သင့်သော ရန်သူများနှင့်လက်တွဲထားမိပါက အောင်မြင်ရန်အလှမ်းဝေးနေမည်ဖြစ်ပါသည်။ ထိုကြောင့် သတိပြုဆင်ခြင်နိုင်ကြပါစေရန်အောက်တွင် ဖော်ပြ ပေးလိုက်ပါသည်။
မည်သူမဆို စီးပွားရေးလမ်းမကြီးပေါ်တွင် လျှောက်လှမ်းကြရာတွင် ရန်သူကြီး(၉)ယောက်နှင့်လွတ်အောင် ရှောင်ရှားကြရမည်ဖြစ်ပေသည်။ ထိုရန်သူ(၉)ယောက်ဆိုရာတွင် ပြင်ပရန်သူ(၅)ယောက် နှင့် အတွင်းမှရန်သူ(၄) ယောက်ဟု ရှိကြောင်း မှတ်သားရပါသည်။ အပြင်တွင်ရှိသောရန်သူ သို့မဟုတ် ပြင်ပရန်သူ (၅)ယောက်တို့ကား-

(၁) ရာဇ၀တ်မှုခင်းများ(မင်းဘေးဟုခေါ်ဆိုထိုက်ပါသည်)
(၂) သူခိုး ၊ ဓားပြ ဆိုသည့် နှောင့်ယှက်ဖျက်စီးတတ်သူများ၊
(၃) မီးအန္တရာယ်(မီးလောင်ခြင်း)
(၄) ရေဘေး(သဘာဝအလျောက်ဖြစ်တတ်သော ရေးဘေးအန္တရာယ်)
(၅) အမွေခံသားဆိုး သမီးဆိုး(မိမိတို့မွေးဖွားထားသည့် သားသမီးဆိုးများ) များဖြစ်ကြကြောင်း မှတ်သားမိပါသည်။ ရန်သူမျိုး (၅) ပါးဟု လူသိများပေသည်။

စီးပွားရှာခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ကြောင်း လူတိုင်းနားလည်သဘောပေါက်ကြမည်ဖြစ်ပါသည်။ မိမိတို့ ကိုယ်အား၊ ဥာဏ်အား စိုက်ထုတ်ပြီး ရိုးသားစွာရှာဖွေထားကြသော ပစ္စည်းဥစ္စာများကို အထက်ပါရန်သူများ နှင့် တွေ့ကြုံခဲ့သည်ဆိုပါက အနည်းနှင့်အများ မိမိတို့၏ ဥစ္စာပစ္စည်းများ ဆုံးရှုံးကြမည်သာဖြစ်ပေသည်။ ရှာဖွေထားသောပစ္စည်းဥစ္စာများသည် လမ်းမပေါ်တွင် အလွယ်တကူကောက်ယူရရှိနိုင်သည့် ကျောက်ခဲများမဟုတ်။ အလွယ်တကူကောက်ယူရသည်ဟူသောသူများကိုတော့ မဆိုလိုပါပေ။ အလွယ်တကူ ရှာဖွေနိုင်ကြသောသူများလည်း လောကတွင် ရှိနေနိုင်ကြပါမည်။ သို့သော် လွယ်လွယ်ရလျှင် လွယ်လွယ်ကုန်ကြ သည်သာများပြားပေသည်။ ရိုးသားစွာရှာဖွေထားသော ဥစ္စပစ္စည်းများကို ကောင်းမွန်စွာ စောင့်ရှောက်ရန်လည်း လိုအပ်လှသည်မဟုတ်ပါလား။ ထိုသို့စောင့်ရှောက်မှသာလည်း တိုးတက်ကြီးပွားသော လမ်းမပေါ်သို့ လျှောက်လှမ်း နိုင်ကြမည်ဖြစ်ပေသည်။


01.png

Image from google


ထိုကဲ့သို့သော မိမိစီးပွားဥစ္စာများအား ရှာဖွေနေကာမျှဖြင့် ပြီးစီခြင်းသို့မရောက်နိုင်ပါ။ ဖျက်ဆီးတတ်သော ရန်သူများရန်မှလည်း ကာကွယ်ရန်အရေးကြီးလှပေသည်။ မည်သို့ကာကွယ်နိုင်သနည်း။ ကာကွယ်ရမည့် နည်းလမ်းများလည်းရှိပါသည်။ မင်းဘေးဟုခေါ်ဆိုအပ်သောရန်သူအား ကာကွယ်ရန်အတွက် နေ့စဉ်စီးပွားဖွေရှာရာတွင် အုပ်ချုပ်သူမင်း တနည်းအားဖြင့် အစိုးရနှင့်မပတ်သက်သော ကိစ္စများကလည်းမရှိသလောက်ဖြစ်ပါသည်။ ဥပဒေပြဌာန်းချက်များ လည်း မရှိမဖြစ်ရှိနေကြပါသည်။ ထိုဥပဒေပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် နံပါတ်(၁)ရန်သူအား ကာကွယ်နိုင်ပေမည်။ စည်းကမ်းဖောက်ဖျက်မိခဲ့ပါလျှင် ထိုက်တန်သော အပြစ်ဒဏ်များလည်းခံရမည်ဖြစ်သော ကြောင့် မင်းဘေးနှင့်ကြုံတွေ့ရပေတော့မည်။ အနိမ့်ဆုံးအနေဖြင့်ပြောလျှင် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ် ဆောင်းရန်ပျက်ကွက်ခဲ့သည်ရှိသော် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်မှုဖြင့် အနည်းဆုံးဒဏ်ငွေတော့ ဆောင်ကြရပေတော့မည်။ ထိုကိစ္စသည် စည်းကမ်းမလိုက်နာခြင်းကြောင့် အသေးဆုံးဟုခေါ်ဆိုနိုင်သည့် မင်းဘေး သင့်ခြင်းပင်မဟုတ်ပါလော။ အသေးဆုံးသော စည်းကမ်းလေးကိုပင်မဖောက်ဖျက်သင့်ပါချေ။ လောဘကြောင့် ဒေါသကြောင့်လည်း မင်းဘေးသင့်နိုင်ပါသေးသည်။ ဒေါသထွက်သဖြင့် ရန်ဖြစ်ခြင်း၊ လောဘတက်သဖြင့် လောင်းကစားလုပ်ခြင်း တို့ကြောင့်လည်း မင်းဘေးသင့်နိုင်ပါသည်။ မည်သည့်မင်းဘေးမဆို အနည်းနှင့်အများ မိမိ တို့၏ ပစ္စည်းဥစ္စာများ ကုန်ခမ်းနိုင်ကြောင်းပါ။ မင်းဘေးအန္တရာယ်ကိစ္စများသည် အလွန်များပြားလှသောကြောင့် သတိပြုဆင်ခြင်နိုင်ပါစေ။ စည်းကမ်းဥပဒေများကို မချိုးမဖောက်မိအောင်နေထိုင်ခြင်းဖြင့် မင်းဘေးကို ရှောင်ရှား နိုင်ကြပါစေ။


04.png

Image from google


သူခိုးဘေး၊ ဓားပြဘေး ကိုတော့ မိမိတို့ဥစ္စာများကို အသိဥာဏ်ဖြင့် စောင့်ရှောက်ရပါမည်။ ရရှိထားသောဥစ္စာပစ္စည်း များကို လုံခြုံစိတ်ချရသော နေရာဌာနများ၊ လုံခြုံစိတ်ချရသော ရင်းနှီးမြုပ်နှံမှုများတွင် ထားလျှင်သင့်တော်မည်ထင် ပါသည်။ ယခုခေတ်ကာလတွင် ရင်နှီးမြုပ်နှံစရာလုပ်ငန်းများ ပေါများလာပြီဖြစ်ပါသည်။ သူခိုးဟုဆိုရာတွင် ယခုခေတ်ကာလတွင် ခါးပိုက်နှိုက်ခံရခြင်း၊ လုယက်ခံရခြင်းများလည်း ပါဝင်လာပေသည်။ ထိုကိစ္စများသည်လည်း ယနေ့ခေတ်ကာလတွင် နေ့စဉ်နှင့်အမျှ ကြားသိနေရပေသည်။ ဂရုစိုက် သတိပြု သင့်ပါသည်။ မိမိတို့ ၀တ်ဆင်မိသော ရတနာပစ္စည်းများကြောင့် အသက်ကိုပင် အန္တရာယ်ဖြစ်စေတတ်သည်ကိုလည်း သတိပြုကြ စေချင်ပါသည်။


03.png

Image form google


မီးဘေးအန္တရာယ်အတွက်ကတော့ မိမိပိုင်ပစ္စည်များဖြစ်သော ရွှေ၊ ငွေ၊ အိမ်၊ ကား၊ စက်ရုံ၊ အလုပ်ရုံ စသည်တို့အား မီးအာမခံထားခြင်းဖြင့် ကာကွယ်ထားနိုင်မည်ဖြစ်ပါသည်။ မတော်တဖဖြစ်စေ ပေါ့လျော့မှုကြောင့်ဖြစ်စေ မီးလောင်မှုဖြစ်ပေါ်လာပါကလည်း မိမိတို့နေအိမ်အဆောက်အဦ များတွင် မီးငြိမ်းသတ်သည့် ကရိယာများ ထားရှိ ဖြင်းဖြင့်လည်းအလွယ်တကူ ငြိမ်းသတ်နိုင်အောင် ဆောင်ရွက်ထားသင့်ပါသည်။ မီးလောင်မှုဖြစ်ပေါ်လာပါက မင်းဘေးလည်း သင့်နိုင်ပေသည်။ သတိပြုအပ်လှပါသည်။


05.png

Image from google


သဘာဝအလျောက်ဖြစ်ပေါ်သော ရေဘေးအန္တရာယ်အတွက်သည်လည်း မိမိတို့၏ ဥာဏ်ပညာဖြင့် ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ပေသည်။ အရောင်းအ၀ယ်ပြုလုပ်နေသော ကုန်ပစ္စည်းများကို ရေစိုခြင်းဖြင့် ပျက်စီးတတ် ခြင်းသည်လည်း ရေဘေးကြောင့်ဆုံးရှုံးခြင်းမည်ပေသည်။ ဆန်များ၊ အထည်အလိပ်များ၊ စားဖွယ်သောက်ဖွယ် ကုန်ပစ္စည်းများ၊ ဆေးများ စသည်တို့အားကုန်ရောင်း ကုန်ဝယ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသူ ဖြစ်ပါက မိမိတို့ကုန်ပစ္စည်းများဘား ရေစိုခြင်းဖြင့် မပျက်စီး မဆုံးရှုံးကြစေရန်အတွက် ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ထားရမည်ဖြစ်ပေသည်။ မိုးရွာခြင်းဖြင့် ကုန်ပစ္စည်များ မိုးရေစိုပြီး ပျက်စီးဆုံးရှုံးခြင်းသည် ရေဘေးသင့်ခြင်းမည်ပေမည်။ ရေကြီးခြင်းအတွက်လည်း မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်အား ပြုပြင်ပေးခြင်း၊ ရေ နှင့်လွတ်ကင်းအောင်ပြုလုပ်ထားခြင်းများဖြင့် ကာကွယ်ထားသင့်ပေသည်။


06.png

Image from google


မိမိတို့၏ သားဆိုး သမီးဆိုးများ၏ ရန်မှကာကွယ်ရန်အတွက်သည်လည်း မိမိတို့တွင်တာဝန်ရှိပေသည်။ အဓိကအားဖြင့်ဆိုရသော် သားဆိုး သမီးဆိုးများဖြစ်သွားခြင်းသည် လက်ဦးဆရာများလိုအပ်ချက်များကြောင့်ဟု ထင်မြင်ယူဆမိပါသည်။ မိဘတို့၏ ၀တ္တရားငါးပါးအတိုင်း ပြုကျင့်ဆောင်ရွက်မည်ဆိုလျှင် သားဆိုး သမီးဆိုးများ ဖြစ်နိုင်ခွင့် နည်းသွားနိုင်သကဲ့သို့ သားဆိုးသမီးဆိုးများအဖြစ်သို့ လုံးဝမရောက်ရှိနိုင်ခြင်းများလည်း ရှိလာပါမည်။ သားဆိုး သမီးဆိုးများမဖြစ်တော့လျှင် သားကောင်း သမီးရတနာများဖြစ်လာနိုင်ပြီး မိမိတို့အား အကူအညီပြန်လည် ပေးဆပ်ကြမည်ဖြစ်ပေသည်။ ထို့ကြောင့် သားဆိုး သမီးဆိုးများရန်မှ ကာကွယ်ရန်သည်လည်း မိမိတို့ကိုယ်တိုင်မှာ တာဝန်ရှိသည်ဟု ထင်မြင်မိပါသည်။

အထက်ပါတို့သည် အပြင်မှလာသော ရန်သူ (၅) ယောက်ဖြစ်ပါသည်။ ထိုရန်သူများ၏ ရန်ကိုကာကွယ်ရန်မှာလည်း အခြားသူများမဟုတ်ပါ။ မိမိတို့ကိုယ်တိုင်ကပင် ဂရုစိုက်လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်းကို သတိထားမိပါသည်။ စီးပွားရေးလုပ်ငန်းသာမက ထိုရန်သူများသည် အခြားအခြားသော ကဏ္ဍများတွင်လည်း လာရောက်ဒုက္ခပေးနိုင်ကြောင်းကိုလည်း သတိပြုဆင်ချင်မိပါသည်။ ရန်သူများကား ကျန်ရှိနေပေသေးသည်။ သို့သော် ဆက်လက်ရေးသားလျှင် ရှည်လျားသွားတော့မည်ဖြစ်ပါသဖြင့် အတွင်းရန်သူ များအကြောင်းကို နောက်ထပ်ဆက်လက်ရေးသားပေးပါအုံးမည်။ စောင့်မျှော်ဖတ်ရှုပေးကြပါလို့လည်း ပြောကြား လိုပါသည်။ အထက်ဖော်ပြပါ ရန်သူ(၅)မျိုးသည် အပြည့်အစုံရေးမည်ဆိုလျှင်ပင် အလွန်ရှည်လျားမည်ဖြစ်ပါသည်။ သိသင့်သော အကြောင်းအရာလေးများကိုသာ အတိုချုံးဖော်ပြလိုက်ခြင်းဖြစ်သောကြောင့် မပြည့်မစုံဖြစ်နေပါက သည်းခံကြပါရန်လည်း တောင်းပန်အပ်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

30-10-2017 တနင်္လာနေ့(Monday)