စီးပွားရေးလုပ်တော့မယ်ဆိုရင်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့ခေတ်ဟာ စီးပွားရေးလုပ်ငန်းမျိုးစုံကို နယ်ပယ်မျိုးစုံမှာ လုပ်ကိုင်ဆောင်ရွက်နေကြတာကို မြင်တွေ့ရပါ တယ်။ အလုအယက် အပြိုင်အဆိုင် စီးပွားရှာနေကြရပါတယ်။ ဒါကလည်း အောက်ခြေက ငွေကြေးအရင်းအနှီး နည်းပါးနေသူတွေပဲဖြစ်ပါတယ်။ ငွေကြေးချမ်းသာကြွယ်ဝနေသူများကတော့ ဘယ်လိုစီးပွားရေးလုပ်ငန်းကိုမဆို အလွယ်တကူ ပြုလုပ်နိုင်နေကြတာကို တွေ့ရပါတယ်။ စီးပွားရေးလုပ်ကိုင်တယ်ဆိုရာမှာ ငွေကြေး အရင်းအနှီးအပြင်၊ မိတ်ဆွေအပေါင်းအသင်း နဲ့ လူမှုဆက်ဆံရေးတွေလည်း လိုအပ်မယ်လို့ထင်ပါတယ်။ ခေတ်ကာလက အလွန်လျင်မြန်စွာ ပြောင်းလဲနေခြင်းဖြစ်ရာ စီးပွားရေးပညာစာအုပ်များထဲမှ နည်းစနစ်များဟာ တစ်ခါတစ်ရံ ဘောင်ဝင်ချင်မှ ၀င်နိုင်ပေတော့တယ်။ စီးပွားရေးကျမ်းများမှာ မပါရှိတဲ့ နည်းစနစ်တွေကို အသုံးပြု နေကြတာလည်း ဖြစ်နိုင်တယ်လို့ထင်မိပါတယ်။ ကမ္ဘာ့အရပ်ရပ်မှ စီးပွားရေးနည်းစနစ်ပုံစံများဟာလည်း ရှုတ်ထွေးလှပါတယ်။ ဒါကြောင့်လည်း သမားရိုးကျနည်းစနစ်များကို အသုံးပြုရင် နောက်ကျကျန်ရစ်ခဲ့တာကိုပဲ မြင်ကြရမယ်ထင်ပါတယ်။ ကြီးကျယ်တဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်တော့ စွန့်ဦးတီထွင်လုပ်တယ်ပေါ့။ စွန့်ဦးတီထွင် ဆိုတာကလည်း ကိုယ်ကအရင်လုပ်ကိုင်နိုင်လို့ လုပ်မယ်ဆိုရင် လူကြိုက်များအောင်လုပ်ဖို့လည်း လိုပါတယ်။ စီးပွားရေးအောင်မြင်တယ်ဆိုတာကလည်း လူအများကြိုက်နှစ်သက်လို့ပဲ အောင်မြင်တာပါ။ လူတွေ မကြိုက်တော့ဘူးဆိုခဲ့ရင် အဲဒီ စီးပွားရေးလုပ်ငန်းကလည်း အောင်မြင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းဟာ စာအုပ်ကြီးထဲကအတိုင်း လိုက်လုပ်လို့ မအောင်မြင်နိုင်တော့ပါဘူး။ စာအုပ်တွေထဲမှာ မပါတဲ့နည်းစနစ်တွေက လက်တွေ့ပညာရပ်နယ်ပယ်တွေမှာ အမြဲတမ်းရှိနေတတ်ပါတယ်။
စီးပွားရေးလုပ်ကိုင်ကြရာမှာလည်း စီးပွားရေးနယ်ပယ် နှစ်ရပ်ရှိတယ်လို့ဆိုပါတယ်။ စည်းလွတ် ၀ါးလွတ် စီးပွားရေးနယ်ပယ် နဲ့ စည်းညီ ၀ါးညီ စီးပွားရေးနယ်ပယ် ဆိုပြီး သတ်မှတ်လာကြပါတယ်။ ပထမစကားဖြစ်တဲ့ စည်းလွတ် ၀ါးလွတ်ဆိုတဲ့ စီးပွားရေးနယ်ပယ်ဆိုတာက ဥပေဒေဘောင်နဲ့မညီမညွတ်၊ အခွန်မဆောင် ရှောင်ရှား၊ လိုင်စင်မဲ့ စတဲ့ အလုပ်တွေနဲ့ လုပ်ကိုင်နေကြတဲ့ စီးပွားရေးတွေကို ခေါ်ဆိုကြပါတယ်။ စည်းလွတ် ၀ါးလွတ်ကို နားလည်တယ်ဆိုရင် စည်းညီ ၀ါးညီဆိုတာ သီးသန့်ပြောစရာလိုမယ်မထင်ပါဘူး။ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ စီးပွားရေးနယ်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ စည်းလွတ် ၀ါးလွတ်လို့ဆိုတဲ့ စီးပွားရေး တွေက တရားဝင်ခွင့်ပြုထားတဲ့လုပ်ငန်းဖြစ်ပေမယ့် အထက်မှာ ရေးခဲ့သလို စည်းကမ်းနဲ့အညီ မလုပ်ကိုင် မဆောင်ရွက်တဲ့လုပ်ငန်းတွေကို ပြောခြင်းဖြစ်ပါတယ်။ ချဲထီ လောင်းကစားခြင်း၊ ဘိန်းဖြူစတဲ့ မူးယစ်ဆေးတွေ ရောင်းဝယ်ဖောက်ကားခြင်းစတဲ့ ဥပေကခွင့်မပြုထားတာတွေလည်း ပါမယ်ထင်ပါတယ်။ ဒါနဲ့နောက်ဆက်တွဲက တော့ ပိစိကွေးလို့ခေါ်ရမယ့် အသေးစား စီးပွားရေးလုပ်ငန်းလေးတွေပါပဲ။ အသေးစားစီးပွားရေးလုပ်ငန်းလေး တွေကတော့ ရပ်တည်နိုင်ဖို့အတော်ကြိုးစားနေကြရတာပါပဲ။ အရင်းအနှီးနည်းနည်းနဲ စီးပွားရေးလုပ်ကြရတာ ဖြစ်လေတော့ တစ်ချက်မှားတာနဲ့ ကုန်ကြရှာလေရောပေါ့ဗျာ။ ခက်တာကလည်း အဲဒီ ပီစိကွေးစီးပွားရေး လုပ်ငန်းလေးတွေဟာ အမှန်အကန်ဆိုရင်လည်း အရင်းကပြုတ်နိုင်သေးသလို မမှန်မကန်လုပ်နေပြန်ရင်လည်း အရင်းကပြုတ်နိုင်တယ်။ ပိစိကွေး သေးသေးလို့ပဲဆိုပြီး သက်ညှာမှုပေးတာ နည်းမယ်လို့လည်းထင်ပါတယ်။ တစ်နေ့စာ တစ်နေ့ အလျင်မီအောင် လုပ်ကိုင်စားသောက်နေကြရမှာ အသေအချာပါ။ တစ်နေ့စာအတွက် အလျင်မမီတော့ဘူးဆိုရင် သေချာတာတစ်ခုကတော့ အကြွေးတင်သွားမှာပါပဲ။ တစ်နေ့စာ အကြွေးတင်သွားရင် နှစ်နေ့စာ အလုပ်လုပ်မှ ပုံမှန်ပြန်ဖြစ်နိုင်မှာပါ။
မည်သူမဆိုအလုပ်လုပ်ကြပါတယ်။ အလုပ်မရှိရင်လူဟာအသက်တိုသွားနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း အလုပ်လုပ်ကြရပါတယ်။ စားဝတ်နေရေးအတွက်သာမက အသက်ရှင်နေထိုင်ရေးအတွက်ပါ အလုပ်လုပ်ကြ ရပါတယ်။ အလုပ်မလုပ်တော့ပဲ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသူတစ်ယောက်ဟာ မြန်မြန်သေစေနိုင် သည့်နည်းလမ်းသာဖြစ်ပါလိမ့်မယ်။ အလုပ်လို့ဆိုလိုက်တာနဲ့ ပိုက်ဆံရတဲ့အလုပ်ကိုသာ မမြင်ကြစေလိုပါ။ ပိုက်ဆံမရပဲ မဖြစ်မနေလုပ်နေကြရသည့်အလုပ်များစွာ လောကတွင် ရှိနေပါတယ်။ မြင်လွယ် စေရန် ဥပမာပြရမယ်ဆိုရင်တော့ မီးဖိုချောင်ကဲ့သို့သော အလုပ်မျိုး၊ အ၀တ်လျှော် မီးပူတိုက်သည့်အလုပ်မျိုးတို့ သည် ပိုက်ဆံမရသော်လည်း မိသားစုတိုင်းတွင် လုပ်ကိုင်နေကြရမှာပဲဖြစ်ပါတယ်။ အလုပ်သည် ဂုဏ်ရှိသည်ဟု ဆိုရာမှာ လူအများစုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ငွေရသော အလုပ်ကို ဆိုလိုကြမည်ဖြစ်ပါတယ်။ ဒါပေမယ့် ပိုက်ဆံမရသောအလုပ်ဖြစ်တာကြောင့် ထမင်းချက်၊ အ၀တ်လျှော်၊ မီးပူတိုက် အလုပ်များအားမလုပ်လိုလျှင် ပိုက်ဆံကုန်ရတတ်ပါတယ်။ စီးပွားရေး အတွက် စဉ်းစားတတ်ကြသူများဟာ စီးပွားရေးလုပ်ဖို့အတွက် ငငွကို သုံးဖို့ လက်မတွန့်တတ်ပေမယ့် အလကား သက်သက်ဖြုန်းတီးခြင်းမပြုတတ်တာကိုလည်း တွေ့ရပါတယ်။ အများစုသောလူတို့ စီးပွားရေးလုပ်ငန်းလုပ် ကြပြီး မကြာမီ အရင်းပြုတ်ကြခြင်းတွင် မဆင်မခြင် ဖြုန်းတီးခြင်းကြောင့်ပင်ဖြစ်ပါတယ်။ ဖြုန်းတီးခြင်း နဲ့ သုံးစွဲခြင်းကို သေချာကွဲပြားစွာ နားမလည်တာကြောင့်လည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ရန်အတွက် ငွေကို သုံးရမှာပဲဖြစ်ပါတယ်။ ဖြုန်းရမှာမဟုတ်ပါဘူး။ အပိုဖြစ်တဲ့ ပစ္စည်းတွေကြောင့် လုပ်ငန်းမတိုးတက်နိုင်ပါ ဘူး။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ဆိုင်းဘုတ်အကြီးကြီးထောင်လိုက်တဲ့အတွက် လုပ်ငန်းကြီးမကြီးတော့ မသိပါ။ ဆောင်ရတဲ့ အခွန်အခအလွန်များပြားသွားတာကတော့ သေချာပါတယ်။ အလွန်ကြီးမားတဲ့ လုပ်ငန်းများ ကိုတော့ မဆိုလိုပါ။ ပိစိကွေးလုပ်ငန်းလေးတွေကို ပြောလိုခြင်းသာဖြစ်ပါတယ်။ လုပ်ငန်းစတင်လုပ်မယ့်သူများ ကိုသာ ရည်ရွယ်ခြင်းဖြစ်ပါတယ်။
လုပ်ငန်းပိစိကွေးလေးတွေက အောင်မြင်လာစအချိန်တွင် အလုပ်အပေါ်ထားသော သဘောထားများကိုလည်း ပြောင်းလဲသွားတတ်တဲ့အတွက် အရင်းပြုတ်သွားတဲ့ လုပ်ငန်းငယ်များစွာ မြင်နေရပါတယ်။ လုပ်ငန်းတိုင်းရဲ့ အသက်ဟာ စားသုံးသူ၊ ၀ယ်ယူအားပေးသူတွေရဲ့ အပေါ်မှာ အမြဲတမ်းမူတည်နေတာ အမှန်ပဲဖြစ်ပါတယ်။ နောင်လည်းပဲ ဒီအတိုင်းဆက်ရှိနေမယ်လို့ထင်ပါတယ်။ အားပေးသူမရှိတော့တဲ့ စီးပွားရေးလုပ်ငန်းဆိုတာ ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အားပေးနေသူတွေဟာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ ကျေှးဇူးရှင်တွေလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ အရောင်းအ၀ယ်ပဲဖြစ်ဖြစ်၊ ၀န်ထမ်းပဲဖြစ်ဖြစ် ၀န်ဆောင်မှုဆိုတဲ့ စကားလုံးက အရေးပါနေဆဲပဲဖြစ်ပါတယ်။ ၀န်ဆောင်မှုမကောင်းခဲ့ရင်တော့ လုပ်ငန်းပြုတ်ဖို့ သေချာသလောက်ပါပဲ။ ၀န်ဆောင်မှုဆိုရာတွင် မ၀ယ်ယူမီက ဆက်ဆံရေး နဲ့ ၀ယ်ယူပြီးချိန်တွင်ဆက်ဆံရေးသည် အတူတူပင်ဖြစ်သင့် ပါသည်။ ၀ယ်ယူစဉ်ကတစ်မျိုး၊ ၀ယ်ယူပြီးချိန်တစ်မျိုးဖြစ်နေလျှင် တစ်နပ်စားဥာဏ်ဖြင့် လိမ်လည်နေခြင်းသာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အဆင်မပြေနိုင်ပါ။ အခုခေတ်ကာလစကားလုံးတွေကို သုံးနှုံးရမယ်ဆို ဒါဟာ Marketing ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းတိုးတက်ရန် အလွန်ခက်ခဲသွားတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအား ကျွမ်းကျင်သော စီးပွားရေးပညာရှင်တစ်ယောက်မဟုတ်ပေမယ့် အခြားသူများရဲ့ စီးပွားရေးလုပ်ငန်းများအား ဘေးမှ ကြည့်ကာ ဆင်ခြင်မိသောအကြောင်းအရာတို့အား ရေးသားမျှဝေခဲ့ခြင်းသာ ဖြစ်ပါတယ်။ အမှားအယွင်းပါခဲ့မယ်ဆိုရင်လည်း အမှန်ပြင်ပေးနိုင်ပါတယ်။ အသေးစား စီးပွားရေးလုပ်ငန်းများမှ သည် အကြီးစား လုပ်ငန်းကြီးများကို ပိုင်ပိုင်နိုင်နိုင်လုပ်ကိုင်နိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
21-Oct-2018 တနင်္ဂနွေနေ့(Sunday)