စိတ်ကောင်း နှလုံးကောင်း

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


လူတို့၏ အကျင့်စာရိတ္တများ ဆုတ်ယုတ်လာကြသည်နှင့်အမျှ လူ့သက်တမ်းသည်လည်း တဖြည်းဖြည်းနှင့် တိုတောင်းလာကြောင်း သတိပြုမိပါသည်။ လူအများစုကတာ့ သတိထားမိ မည်မထင်ပါ။ အချို့သော လူနည်းစုသာလျှင် သတိပြုမိမည်ထင်ပါသည်။ အသက် ၁၂၀ ရှည်စေသော်ဆိုသော စာတမ်းသည်လည်း ပျောက်ကွယ်သွားသည်မှာ ဆယ်ရာစု နှစ်ခုပင်ကျော်လာပြီထင်ပါသည်။ အသက် ၁၂၀ မပြောနှင့်။ ယခုအခါ အသက် ၃၀ ပင် ပြည့်အောင်မနေလိုက်ရသူ အများအပြားပင်ဖြစ်လာချေသည်။ မကြားဘူးသောအရာများ မမြင်ဘူး မတွေ့ဘူးသော အရာများအား ကြားနေ မြင်နေ တွေ့လာနေရပါသည်။ စာပေကျမ်းဂန်များအရ လူတို့၏ သီလတရားများ ပျက်စီးကုန်ကြခြင်းကသည်ပင် လူတို့၏ သက်တမ်းကို တိုစေသည်။ ပျက်စီးခြင်းသည် လူတို့၏ အကျင့်သီလများ မစောင့်ထိန်းကြခြင်း ကစတင်လာခြင်းဖြစ်ပေသည်။ သီလဆိုသဖြင့် ကြီးကျယ်သောကိစ္စဟု မထင်မှတ်ကြပါနှင့်။ ကြီးကျယ်သော အကျိုးတရားတို့အား ပေးစွမ်းနိုင်သော ထိုသီလဆိုသည့်အရာကို ကျွန်တော် တို့အနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဆောင်ရွက်နေချိန်တွင် စောင့်ထိန်းရခြင်း များက အခြေခံသီလတရားများအား စောင့်ထိန်းခြင်းပင်ဖြစ်ပေမည်။ နေရာဌာနအသီးသီးတို့တွင် ငါ ကိုသာ ရှေ့တန်းတင်မည်ဆိုပါက ပြဿနာဖြစ်စရာသာရှိပါသည်။ စိတ်နှလုံကောင်းများထားကာ ငါ အား နောက်တွင်ထားခဲ့ပါက ငြိမ်းချမ်းမှု၊ သာယာမှုတို့သည် အလိုအလျောက်ပေါ်ပေါက်လာနိုင်ပါသည်။


02.png

Image from google


ကျွန်တော်တို့သည် မည်ကဲ့သို့သော လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းခြင်း ပြုကြပါစေ။ မိမိလုပ်ကိုင်ဆောင်ရွက်နေသော အလုပ်တိုင်းအား စိတ်ကောင်း စေတနာကောင်းဖြင့် လုပ်ကိုင် ဆောင်ရွက်ကြမည်ဆိုပါက ကောင်းလေစွဟု တွေးတောမိပါသည်။ အလုပ်အကိုင်ဟု ဆိုရာတွင် မည်သည့်အလုပ်မို့လို့ဟု မဆိုလိုနိုင်ပါ။ ဈေးရောင်းသည်ဖြစ်စေ၊ ကူလီထမ်းသည် ဖြစ်စေ၊ စာရေး စာချီ လုပ်ကိုင်သော အစိုးရရုံးဝန်ထမ်းပင်ဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းများပင် ဖြစ်စေ နေ့စဉ်မိမိတို့လုပ်ကိုင်ဆောင်ရွက်နေရသော လုပ်ငန်းများအား စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်သင့်ပါသည်။ တစ်ဦးချင်းစီ တစ်ဦးချင်းစီက ထိုသို့ စိတ်ကောင်း စေတနာကောင်းများဖြင့် ဆောင်ရွက်ပါက လူ့လောကကြီး အမှန်တကယ် ငြိမ်းချမ်းမှုကို ရရှိနိုင်မည်ဖြစ်ပါသည်။ စိတ်ကောင်း စေတနာကောင်းဟု ပါးစပ်ကသာ ကြွေးကြော်နေခြင်းမျိုးကို မဆိုလိုပါ။ မိမိတို့၏ စိတ်အတွင်းမှပင် မိမိနှင့်ဆက်ဆံနေရသူမှန်သမျှ စိတ်ချမ်းသာမှုရရှိစေရန် တတ်နိုင်သမျှ ဆောင်ရွက်ပေးမည်ဆိုပါက မအေးချမ်းစရာ၊ မငြိမ်းချမ်းစရာမရှိပါ။ ဈေးရောင်းသူက ဈေးဝယ်သူအား စိတ်တိုင်းကျဆောင်ရွက်ပေးသကဲ့သို့ ဈေးဝယ်သူကလည်း ဈေးရောင်းသူအား နိုင်ထက်စီးနင်းမပြုပါက နှစ်ဦးနှစ်ဖက် အဆင်ပြေကာ အေးချမ်း သာယာသွားကြမည် မဟုတ်ပါလား။ အပြောကတော့ အလွန်လွယ်ကူသည်ဟု ထင်စရာ ဖြစ်ပါမည်။ အကျင့်ဖြစ်လာလျှင် မလွယ်ကူစရမရှိပါ။ ကျွန်တော်ကွန်ပျူတာ စကိုင်ချိန်က စာတစ်လုံးကိုပင် မှန်အောင် မရိုက်နိုင်ခဲ့ပါ။ အလေ့အကျင့် များလာသော အချိန်တွင် စာတစ်ပုဒ်သည် အချိန်ဘာမျှမကြာတော့ပါ။ အလေ့အကျင့်ဆိုသည်မှာလည်း ကိုယ်တိုင်ကပင် လုပ်ကိုင်ကြရသည်သာဖြစ်ပါသည်။ လူသား အားလုံးသည် တစ်ဦး နှင့် တစ်ဦး အပြန်အလှန်လေးစားကြခြင်း၊ အပြန်အလှန် စိတ်ကောင်း စေတနာကောင်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးခြင်းတို့ဖြင့် ကမ္ဘာလောကကြီးတစ်ခုလုံးအား အမှန်တကယ် ငြိမ်းချမ်းသာယာနိုင်မည်ဖြစ်ပါသည်။ တရားစာအုပ်အချို့မှာ ဖတ်ဘူးတဲ့စာသားလေးတစ်ခုက "စိန်" ကောင်းမရှိလည်း "စိတ်" ကောင်းရှိရင် အေးချမ်းပါတယ်။ အဲဒီစာသားလေးကို သဘောကျမိပါသည်။


03.png


ယခုမျက်မှောက်ခေတ်တွင် နိုင်ငံတကာ အကြောင်းအရာများအား တီဗီလိုင်းများမှ အခပေးကြည့်ရှုနိုင်နေပြီဖြစ်ရာ နေ့စဉ် နိုင်ငံတကာ သတင်းများအား စောင့်ကြည့်နိုင်ပါသည်။ တစ်ဦး နှင့် တစ်ဦး အယူအဆမတူသောကြောင့်၊ ကောင်းမွန်သော စိတ်ကောင်း စေတနာကောင်းများဖြင့် ဆောင်ရွက်ကြခြင်းမဟုတ်သဖြင့် သတ်ဖြတ်နေကြသည်ကို အထင်းသား တွေ့မြင်နိုင်ကြပေသည်။ မိမိတို့၏ လိုအင်ဆန္ဓကိုသာ ရှေ့တန်းတင်သည့်အတူ အခြားတစ်ဖက်မှလည်း လုပ်ပိုင်ခွင့် လုပ်နိုင်ခွင့်ရှိသည့်အတွက် အာဏာပါဝါများပြလိုသည် ဖြစ်သောကြောင့် မငြိမ်းမချမ်း၊ လူများထိခိုက်ဒဏ်ရာများရကာ သတ်ကြ ဖြတ်ကြသည်အထိ ဖြစ်နေကြပေသည်။ ကုမ္ပဏီပိုင်ရှင်သည် ၀န်ထမ်းများအား မလေးမစား မဆက်ဆံ သင့်သကဲ့သို့ ၀န်ထမ်းများသည်လည်း မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကဲ့သို့ သဘောထားလုပ်ကိုင်ကြမည်ဆိုပါက အဆင်မပြေစရာမရှိဟုထင်ပါသည်။ တစ်ဖက်က ကောင်းနေပြီး အခြားတစ်ဖက်က ဆိုးနေပါကလည်း အဆင်မပြေနိုင်ပါချေ။ အလုပ်သမား မရှိ လျှင် အလုပ်ရှင်သည် အဆင်မပြေနိုင်သကဲ့သို့ အလုပ်ပေးသည့် အလုပ်ရှင်မရှိလျှင်လည်း အလုပ်သမားသည် အဆင်မပြေနိုင်ပါ။ တစ်ဦး နှင့် တစ်ဦး အပြန်အလှန်မှီခိုနေကြရခြင်းသာ ဖြစ်ပါသည်။


04.png

Image from google


မိမိတို့၏ အခက်အခဲကိုသာ အမြဲတမ်း ကြည့်ရှုတတ်ကြပြီး အခြားသူများ၏ အခက်အခဲအား မကြည့်ရှုပါက ထိုဆက်ဆံရေးသည် အဆင်ပြေနိုင်မည်မဟုတ်။ မိမိတို့၏ အချိန်အား ဂရုတစိုက်အလေးထားသော်လည်း အခြားသူ များ၏ အချိန်အား ဖြုန်းတီးနေခြင်းသည် မသင့်တော်။ မလျော်ညီနိုင်ဟုထင်မိပါသည်။ အချိန်အားလေးစားလိုက်နာမှုမရှိခြင်း၊ ချိန်းဆိုထားသည့်အတိုင်း မရောက်ရှိခြင်းတို့သည် အခြားသူများ၏ အချိန်အား မလေးစားခြင်းပင်ဖြစ်ပါသည်။ စိတ်ကောင်း နှလုံးကောင်းဟု ပြောရာတွင် စိတ်ကောင်းမှလည်း နှလုံးကောင်းမည်ဖြစ်ပါသည်။ စိတ်ဆိုးပြီး နှလုံးကောင်းမည်မဟုတ်ပါ။ စိတ်ဆိုး နှလုံးဆိုးသာ ဖြစ်နိုင်ပေမည်။ လူတို့အနေဖြင့် စိတ်ကောင်း နှလုံးကောင်းဖြင့် အပြန်အလှန်ဆက်ဆံကြပါက အဆင်မပြေဆိုသော စကားလုံးသည် လောကမှ ကွယ်ပျောက်သွားနိုင်ပေသည်။ စိတ်နှလုံးကောင်းဆိုတာ နေရာတကာမှာ အမှန်တကယ်လိုအပ်လှပါသည်။ လူအများကလည်း သိရှိလက်ခံနိုင်ကြပေသည်။ သို့သော် ထိုစိတ်မျိုးထားနိုင်ရန် အလွယ်တကူမဖြစ်နိုင်ပါ။ လူတိုင်း ကလည်း စိတ်ကောင်းထားနိုင်ရန်မလွယ်ပါ။ သိသည်။ ကြိုက်သည်။ လက်ခံနိုင်ကြသည်။ သို့သော် မိမိကိုယ်တိုင်က လိုက်နာ လုပ်ဆောင်ရန် ခက်ခဲနေတတ်ကြပါသည်။ ခက်ခဲသည်ကား အမှန်ပင်ဖြစ်ပါသည်။ လူတိုင်းအား စိတ်ကောင်း စေတနာကောင်းလေးများ ထားရန်မှာ အလွန်ခက်ခဲပါသည်။ ခက်ခဲသော်လည်း တတ်နိုင်သမျှ စိတ်ကောင်းစေတနာ ကောင်းလေးများထားမည်ဆိုပါက မိမိတို့ကိုယ်တိုင်အတွက်လည်း အကျိုးမယုတ်လျော့နိုင်ပါ။ ထို့ကြောင့် တတ်နိုင်သမျှ စိတ်ကောင်း စေတနာကောင်းလေးများအား ပျိုးထောင်ကြပါလို့ တိုက်တွန်းရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

22-Mar-2018 ကြာသပတေးနေ့(Thursday)