စိတ်ကူးမရှိ (No Idea)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ဒီနေ့မည်သည့်ဆောင်ပါးရေးသားလျှင်ကောင်းမည်နည်းဟုစဉ်းစားသည်။ ကုန်ကြမ်းလည်းမလာ။ ကုန်ချောလည်းမထွက်။ မည်သို့ဖြစ်နေသည်မသိ။ အတွေးများကားမ၀င်လာ။ စဉ်းစားမရ။ ကဲ ပေါ်ချင်ရာပေါ်တော့။ မစဉ်းစားတော့ဘူးဟုဆိုကာ လူငယ်လူရွယ်များအတွက် အောင်မြင်ရေးလမ်းညွှန်ဟု အတွေးပေါက်ကာ စာများကို ချရေးသည်။ အောင်မြင်ရေးဆိုတော့ ဘယ်အတွက် အောင်မြင်ရေး ရေးရလျှင် ကောင်းမည်လဲ။ လုပ်ငန်းအောင်မြင်ရေး၊ ဘ၀တိုးတက်အောင်မြင်ရေးလား။ အရင်းအနှီးမလိုဘဲ ကိုယ့်အစွမ်းအစဖြင့် ကြီးပွားသူများအကြောင်းကို ရေးလျှင်ကောင်းမည်ထင်မိသည်။ ချရေးသည်။ ပုလဲဘုရင်မင်းမြတ်၊ ဂျပန်နိုင်ငံမှ အရင်းအနှီးမရှိ၊ အဆက်အသွယ်မရှိ ရေးသည်။ စဉ်းစားသည်။ ရေးသည်။ အဲ စဉ်းစားရင်း တွေးရင်း ရေးရင်းဖြင့် စာတစ်ပိုဒ်လောက်ရေးပြီးသောအခါ စာကိုစဉ်းစားရန်ဆန္ဒမရှိတော့။ အောင်မြင်ရေးအတွက် နည်းပေးလမ်းပြလုပ်ရန်၊ ဆရာလုပ်ကြည့်ရန်စဉ်းစား၊ တကယ်တော့ ကိုယ်ကိုယ်တိုင်က မအောင်မြင်။ လုပ်ငန်းပေါင်းစုံလုပ်ပြီး သူများကို စာတွေရေးပြီး ဆရာလုပ်လို့ရနေသည်လေ။ အဲဒီတော့ အပြင်မှာဆို ရိုက်ခံထိနိုင်သည်လေ။ အောင်မြင်ရေးအတွက်နည်းများအား ရေးသားရန် စဉ်းစား၊ ချရေးသည်။ စာနှစ်ပိုဒ်ခန့်ပြီးသွားပြီ။ မဆိုး ဆက်ရေးလျှင် အာရုံရလာစဉ် တုံ တုံ တုံ အချက်ပေးသံ သုံးချက်ဝင်လာသည်။ Messenger မှ Message ၀င်လာခြင်းဖြစ်သည်။ အော် အင်တာနက်မှ မပိတ်မိပေပဲ။ အင်တာနက် ပိတနရန်လက်ကို လှမ်းမိ၊ အဲ ဘယ်သူတွေက ဘာတွေပို့နေတာလဲ သိချင်လာတော့ Messenger ကိုဖွင့်ပြီး၊ လှမ်းကြည့်၊ အော် Domely တို့စကားပြောနေတာပဲ။ မထူးတော့ Steemit ထဲပြန်ဝင်ပြီး SBD လေးတွေ ဘယ်လောက်တက်သလဲဝင်ကြည့်မိပြန်တော့သည်။ အဲဒီမှာ ရေးလက်စ စာကို အာရုံပျက်ရန်အကြောင်းက ၀င်လာပြန်ရောဗျာ။ အောင်မြင်ရေးအတွက်နည်းလမ်းအချို့_ Some Technique For Success ရေးထားတာမှ 16 day ago တော်ဘီ အောင်မြင်စေရန်အတွက် ရေးသားချက် စာနှစ်ပိုဒ်ခန့်အား ပြန်ဖျက်ပစ်လိုက်ရပြန်။ နောက်တစ်မျိုးစဉ်းစားကြည့်ပြန်လေသည်။
Image from google
ပုံပြင်များမှပေးသောဗဟုတလေးများအဖြစ် ရေးရန်ရည်ရွယ်ပြီး ပုံပြင်များကို ထိုင်ပြီးစဉ်းစားနေမိသည်။ စဉ်းစားမိသော ပုံပြင်လေးများထဲမှ အကျိုးတရားရရှိမည်ထင်သော ပုံပြင်ကိုရွေးချယ်လိုက်သည်။ ဟဲ့ကုလားဆိုသောပုံပြင်လေး၊ စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီးဟောကြားခဲ့သောတရားတော်များထဲမှ ပုံပြင်။ အချိန်မတိုင်မီ မသုံးမဖြုန်းရန်အတွက် အလွန်ကောင်းမွန်စွာ ဆုံးမထားသော ချွေတာရေးပုံပြင်တစ်ခု၊ ချရေးသည်။ စာတစ်ပိုဒ်ကျော်ကျော်လောက်ရေးပြီးသွားသည်။ ခေါင်းထဲသို့ မကြာသေးမီကမှ ချွေတာရေး ဆောင်းပါး တစ်ပုဒ်ရေးသားထားသည်ကို အမှတ်ရမိသည်။ Blog ထဲပြန်ဝင်၊ လိုက်ရှာကြည့်၊ ဟော ထင်သည့်အတိုင်း တွေ့ပါပြီ။ ချွေတာရေး_Austerity ဆိုတဲ့ခေါင်းစဉ်ဖြင့်ရေးသားထားခဲ့တာပဲ။ ချွေတာရေးတွေထပ်ကုန်မည်။ အဲဒီတော့ ရေးထားပြီးသမျှ ပြန်ဖျက်ပစ်လိုက်ရပြန်ပြီ။ တွေးထားသမျှ ကုန်သလောက်ရှိကုန်ပြီ။ ဒီအတိုင်းဆို ဆက်ရေးရန်မဖြစ်နိုင်။ ရေးလိုက်ဖျက်လိုက်လုပ်နေတာ စာရွက်မကုန်လို့သာပေပဲနော်။ အပြင်မှာလို စာရွက်ပေါ်ချရေးနေရမယ်ဆိုရင် မွဲဆေးဖော်နေသလိုဖြစ်ပြီပေါ့။
Image from google
ကဲ စာရေးမရသည့်အတူတူ မထူးတော့ပါဘူး။ ဦးနှောက်လေး ဆေးရန်အတွက် အကြံဥာဏ်လေးများ ရလိုရငြား လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့သည်။ စာရေးနေသည့်အကြောင်းအရာက ခေါင်းထဲကမထွက်။ ကြာရင် ရူးများ ရူးမလားဘဲနော်။ လက်ဖက်ရည်ဆိုင်ရောက်တော့။ ကံဆိုးပြီ။ သူငယ်ချင်း ညီငယ်တစ်ယောက်က မင်္ဂလာဖိတ်စာ လာပေး။ မနက်ဖန် ဆက်ဆက်လာခဲ့နော်။ ကုန်ပြန်ပဟ။ သောက်နေတဲ့လက်ဖက်ရည်တောင်နင်ကုန်ပြီ။ ရေးစရာ ကုန်ကြမ်းလိုက်ရှာ ပါတယ်။ ကုန်ကြမ်းမရ ဖိတ်စာရဖြစ်နေပြီ။ တတ်နိုင်ပါဘူး သွားရောက်ချီးမြှင့်ရတော့မပေါ့လေ။ အဲဒါအသာထား မင်္ဂလာဆောင်ဖိတ်စာလေးက ကုန်ကြမ်းဖြစ်လေမလားလို့ စဉ်းစားမိ။ အဲ မဖြစ်ပါ။ မင်္ဂဆောင်များအကြောင်းတော့ မရေးချင်သေးပေဘူး။ သူငယ်ချင်းနှစ်ယောက်ထပ်ရောက်လာတော့ ခေါင်းထဲဝင်နေတဲ့ Steemit ခဏတော့ ထွက်ပြေးသွားပါသည်။ သူငယ်ချင်းများနဲ့ ရောက်တတ်ရာရာ လျှောက်ပြောနေရာက သူငယ်ချင်းနှစ်ယောက်က အလုပ်ကိစ္စရှိသေးတယ်ဆိုကာ ထပြန်သွားကြပါရော။ တစ်ယောက်တည်းကျန်နေခဲ့တော့ ဘာမှလုပ်စရာမရှိ၊ ပြနေတဲ့ TV ကိုမော့ကြည့်လိုက်တော့ Discover Channel ကိုဖွင့်ထားတာတွေ့ရသည်။ သိန်းငှက်များရဲ့ ပျော်ပွဲရွှင်ပွဲဖြစ်နေသည်။ ရှားပါးလေးသော တင်ဆက်မှုတစ်ခုထင် ပါသည်။ သိန်းငှက်များအကြောင်းကို ရိုက်ပြတာ သိပ်မတွေ့ရပါ။ ထိုင်ကြည့်နေလို့မဖြစ် ထပြန်လာခဲ့ပါသည်။
WILDASLIFE NATURE FILMS: Bearded Vulture vs Golden Eagle aerial ballet
Video from You Tube
တကယ်တော့ ဒီနေ့ဘာရေးလို့ရေးရမှန်းမသိဖြစ်နေလို့ ရေးချင်ရာလျောက်ရေးနေသည်။ စိတ်ကူးတည့်ရာ ရေးချနေခြင်းဖြစ်ပါသည်။ အဓိကအချက်တစ်ခုကိုလည်းပြောချင်သောကြောင့်ဖြစ်ပါသည်။ Steemit သို့ ၀င်ရောက်လာ ကြသော Member အသစ်ဖြစ်ကြသော ညီအစ်ကို မောင်နှမများကို ပြောချင်တာလေးများ အနည်းငယ်ရှိနေသောကြောင့်ဖြစ်ပါသည်။ အခြားသော Post များကို စိတ်အာရုံစိုက်မရသည်မှာလည်း ထိုသို့သော အကြောင်းကြောင့်ဖြစ်မည်ထင်ပါသည်။ ပြောချင်တာကိုရေးခွင့်မရသောကြောင့် ဟိုမရောက် ဒီမရောက် ဖြစ်နေခြင်းသာဖြစ်ပါမည်။
Image from google
Myanmar Steemit Community မှာ လူသစ်များဝင်ရောက်လာကြပါသည်။ အဖွဲ့သာများအားလုံးမှလည်း ၀မ်းမြောက်ဝမ်းသာကြိုဆို ကြပါသည်။ သို့သော် လူသစ်များသည် Steemit အကြောင်းလေ့လာခြင်းမပြု ဘဲနှင့် Account ရပြီဆိုတာနှင့် Post တွေကောက်တင်လိုက်ကြသည်။ Steemit သည် Facebook လိုမဟုတ်ကြ တာကို မသိသေး။ Facebook တွင် တင်ချင်ရာတင်၊ ကူးချင်ရာကူး၊ Credit ပေးပြီး လုပ်ချင်သလိုလုပ်၊ ဆဲချင်သလို ဆဲ ဘာပြသနာမှမရှိကြ။ သူဆဲ ကိုယ်ဆဲ။ အပြိုင်အဆိုင်ဆဲနေကြသည်။ Steemit မှာ က သူများရေးသားထား သောစာများကို ကူးယူပြီး Credit ပေးလို့မရ။ ဆဲချင်သလိုဆဲလို့မရ။ Steemit မှာ Power တွေရှိသည်။ နားလည် အောင်ကြိုးစားသင့်သည်။ Facebook မှာက ဘာငွေရေးကြေးရေးမှ မရှိ။ Steemit မှာကတော့ မိမိအင်အားပေါ် မူတည်ပြီး ငွေကြေးရရှိမှုများရှိသည်။ Facebook အကောင့်တစ်ခုပျက်သွားလျှင် နောက်အကောင့်တစ်ခု လျောက်လို့ဘာမှမဖြစ်။ Steemit မှာက မိမိတို့အကောင့်ပျက်လျှင် Reputation ခေါ် မိမိ၏ရေပန်းစားကျော်ကြားမှု ထိခိုက်လျှင် အကောင့်ပါထိခိုက်မည်။ အကောင့်ထိခိုင်လျှင် မိမိတို့အားထုတ်မှုသည် ငွေကြေးရရှိမှုလည်း ဆုံးရှုံးနိုင်သည်။ သတိပြုဆင်ခြင်ကြပြီး မိမိတို့၏ အင်အားဖြင့် နိုင်သလောက် ၀န်ကိုထမ်းကြစေချင်ပါသည်။ ရေးစရာများ အလွန်ပေါပါသည်။ နောက်နောင်တွင်လည်း Steemit Platform သည် ကောင်းမွန်သော ငွေရရှိမည့် Platform တစ်ခုဖြစ်လာပါမည်။ ယခုကတည်းက ကြိုးစားထားသင့်သည်ကိုလည်း အကြံပြုအပ်ပါသည်။ ကျွန်တော်ရေးသားခဲ့ဖူးသော Post အား ၀င်ရောက်ဖတ်ရှုလိုပါကအောက်မှ စာတန်းတို့ကိုနှိပ်ပြီး ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
လူသစ်များအတွက်အကြံပေးချက်_Adivices for Myanmar Steemit Newbies
နာမည်ဒဏ်ရာမရပါစေနဲ့_Don't Hurt The Brand
ကျွန်တော်အရင်က ဆောင်းပါးရေးသားခဲ့ပြီးဖြစ်သော်လည်း လူသစ်များက သူတစ်ပါး၏ Blog တွင် ၀င်ရောက်ဖတ်ရှုခြင်းမပြုသည်သာမက မိမိတို့တင်သည့် Promotion စည်းကမ်းချက်များကိုပင် ပြည့်စုံအောင် မဖတ်ကြ။ တစ်ချို့သောသူများသည် မိမိတို့ရေးထားသော Post ကို Promotion တင်ပြီး သည်နှင့် ပြန်လည်လှည့် မကြည့်ကြ။ သူတို့အတွက်တော့အလွန်လွယ်ကူကြသည်။ Admin များအလုပ်တွေရှုပ်ကြသည်။ မပြည့်စုံသော Post များအတွက် Promotion ကျန်ခဲ့မည်စိုးသဖြင့် Post တင်မရဆိုသူများကိုလည်း ကိုယ်စားတင်ပေးနေရသည်။ MSC Register No ပါမလာသဖြင့် အမျိုးမျိုးဆက်သွယ်သတိပေးကြရသည်။ စာရေးသူနာမည်မပါလာသဖြင့် ထည့်ပေးကြပါရန်နှိုးဆော်နေကြရသည်။ ထိုထက်ပိုဆိုးသည်ကတော့ Copy ကူးယူလာသူများကို Cheetah ထိ သည်ဆိုပါက Admin များ ပြာယာခတ်ရတော့သည်။ မိမိတို့ တင်သော Post များအား ပြုပြင်စရာရှိပါက ၇ ရက်မပြည့်မီအချိန်အတွင်း ပြုပြင်ရန်လိုအပ်ပါသည်။ ထိုသို့ မပြုပြင်လိုက်ပါက Facebook မှာကဲ့သို့ ပြန်ဖျက်မရသလို ပြုပြင်ခွင့်လည်းမရှိတော့ပါ။ မိမိတို့ရေးလိုက်သောစာများသည် မိမိတို့ အပိုင်အဖြစ် ၇ ရက်ကျော်လျှင် မှတ်တမ်းအဖြစ်သိမ်းဆည်းသွားပါတော့သည်။ သတိပြုကြပါကုန်။ Steemit မအောင်မြင်သေးသော ကြောင့် နာမည်ကြီး စာရေးဆရာများ ၀င်ရောက်လာခြင်းမရှိသေးသော်လည်း ထိုစာရေးဆရာများ၏ စာများကို ကူးယူထားသောသူများ အနေဖြင့် နောင်တစ်ချိန် ပြသနာတက်နိုင်သည်ကိုလည်း သတိပြုဆင်ခြင်ကြပါလို့ အကြံပေးချင်ပါသည်။ မှီငြမ်းခြင်း၊ ကိုးကားရေးသားခြင်းများကို ခွင့်ပြုကြပေသည်။ သို့သော် ထိုသို့မှီငြမ်းခြင်း၊ ကိုးကားခြင်းသည် အလုံးစုံကူးယူခြင်းမဖြစ်ရပါ။ မိမိတို့၏ ကိုယ်ပိုင်ရေးသားချက်များ ပါရှိရမည်ဖြစ်ပါသည်။ မှီငြမ်း ကိုးကားဆိုသောနာမည်တပ်ကာ အလုံးစုံ ကူးယူခြင်းကို ခွင့်မပြုပါ။
Image from google
အခြားနိုင်ငံခြားသားများမှ မြန်မာကို Promotion လုပ်ပေးနေခြင်းဖြစ်ရာ Cheetah မိသော Post ပါသွားလျှင် ပြသနာတက်ကုန်ပြီ။ Copy ယူသူတစ်ယောက်ကြောင့် အခြားသောကိုယ်ပိုင်ရေးသူများကို ထိခိုက်မည်လည်းစိုးရိမ်မိကြသည်။ Cheetah မိလျှင် vote ပေးသူများကိုပါ ထိခိုက်ပါသည်။ သတိပြုဆင်ခြင်နိုင်ကြပါစေ။ ယခုလောလောဆယ်တွင် မြန်မာအချင်းချင်း vote ပေးနေခြင်းဖြင့် 1 SBD ပင်ပြည့်အောင်မရနိုင်သည်ကိုလည်း သိကြမည်ထင်ပါသည်။ Promotion ရပ်လိုက် မည်ဆိုပါက အခြားသောသူများသည် Copy ကူးယူသူတစ်ယောက်ကြောင့် နစ်နာဆုံးရှုံးကုန်ကြမည်ကိုလည်း ထည့်တွက်ကြစေချင်ပါသည်။ မိမိတို့၏ Post ကိုတင်ထားပြီး လာရောက် Comment ရေးသားပေးသူများကို Reply မလုပ်ကြသူများပင် ရှိနေကြပါသည်။ Member များထက်ပိုပြီး Admin များက SBD များပိုရမနေကြပါ။ မည်သည့်အခွင့်အရေးမျှလည်း ပိုမရကြပါ။ Admin တစ်ယောက် Copy လုပ်မိလျှင်လည်း Cheetah မိမည်သာ။ MSC မှပင် တစ်ခါတည်း အထုတ်ခံကြရပါမည်။ Member များထက်ပိုဆိုးပါသည်။ သတိပြုကြစေချင်ပါသည်။ Admin များကို စာနာသင့်ပါသည်။ Admin များဘာတွေပိုရနေသနည်း။ ပိုရနေသော အရာများမှာကား အချိန်မအားတော့ခြင်း၊ တင်ထားသော Post များကို သေချာစွာ လိုက်လံကြည့်ရှုနေကြရခြင်း၊ လိုအပ်ချက်များအား အချိန်မီပြင်ဆင်နိုင်ရန်အကြောင်းကြားပေးနေရခြင်း၊ Promotion အချိနိမီတင်နိုင်ရန် အတွက် Post တင်ပေးနေရခြင်း၊ မေးမြန်းလာသောအချက်အလက်များကို နားလည်အောင် ရှင်းပြပေးနေရခြင်း၊ ဘေလ်များ အလျင် အမြန်ကုန်ဆုံးနေကြခြင်း၊ မိမိတို့၏ Post ပရိုမိုးရှင်းပါမသွားပါက အဆဲခံနေကြရခြင်းတို့သည် Admin များက Member များထက်ပိုရရှိနေသော အခွင့်အရေးများဖြစ်ပေသည်။ ယူလိုလျှင် ပေးရန်အဆင်သင့်ရှိကြပါသည်။ တချို့သော Post များကို Admin များမှ သံသယ ရှိသော်လည်း လက်တွေ့မပြနိုင်ကြသေးသော စာများဖြစ်နေကြပါသေးသည်။ သို့သော် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သက်သေပြနိုင် ပါကလည်း MSC မှ ထုတ်ပယ်ခံရမည်ဖြစ်ကြောင်းကို သတိပြုဆင်ခြင်နိုင်ပါစေ။
Image from google
ယခုဆိုလျှင် Steem Power မြင့်သော အကောင့်အချို့ကလည်း မြန်မာကို အထောက်အကူပြုလာနေကြသည်ကို တွေ့မြင်လာရပါသည်။ Myanmar Tag တွဲသူများအား @hr1 မှ အလှည့်ကျလာရောက် Vote ပေးနေသည်ကိုတွေ့ရပါသည်။(Thank you very much, @hr1) @hr1 ၏ vote သည် 1 SBD တော့ အနည်းဆုံးရ ကြပါသည်။ ယမန်နေ့က vote ပေးခဲ့သော Post တစ်ခုသည် ကူးယူထားသော Post ဖြစ်သဖြင့် Cheetah ထိရာ vote ပေးရသူများသည် Copy ကူးယူခြင်းကို အားပေးအားမြှောက် ပြုသလိုဖြစ်ကုန်ကြသည်ကိုလည်း အားနာသင့်ပါသည်။ မိမိတို့နိုင်သလောက်ရေးကြပါ။ အကူအညီပေးကြမည့် သူများရှိပါသည်။ စာများများဖတ်ကြပါ။ Mermber အချင်းချင်းအားနာပါ။ Admin များကို စာနာပါလို့ပြောကြားရင်းဖြင့် ဆောင်းပါးအား နိဂုံးချုပ်လိုက်ရပါသည်။
(အထောက်အကူပြုစေမည့် စာများကိုဖတ်ရှုရန်အတွက် Leader ကိုဟင်နရီအောင်၏ Blog @kachinhenry နှင့် အတိုင်ပင်ခံဆရာကြီး ဆရာတင်လှိုင်ဦး၏ Blog @tinhlaingoo များတွင် ၀င်ရောက်ဖတ်ရှုကြပါဟုလည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။)
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
6-11-2017 တနင်္လာနေ့(Monday)