စိတ်ရင်းအမှန်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
သတ္တ၀ါဟူသမျှတို့သည် ကောင်းတာကို ကြိုက်တယ်။ မကောင်းတာဆို နိုး နိုး မလိုချင်ဘူးလို့ ငြင်းဆိုကြပါလိမ့်မယ်။ ဒါပေမယ့် လောကကြီးရဲ့ သဘာဝတရားကိုက ကောင်းတာတွေကိုချည်းလိုချင် လို့မရသလို မကောင်းတာတွေကိုချည်းပဲရနေတာမဟုတ်ပါဘူး။ အကောင်း နဲ့ အဆိုး ယှဉ်တွဲလို့ပဲ ဖြစ်ဖြစ်၊ တစ်လှည့်စီပဲဖြစ်ဖြစ် ကြုံနေကြရတာဖြစ်ပါတယ်။ ငါ့ကျမှ အဆိုးတွေပဲရနေတယ်လို့တော့ မတွေးမိလိုက်ပါနဲ့။ လူတိုင်း လူတိုင်း ထိုနည်းအတူတူပင်။ ကောင်းတာကို သုခ လို့ပြောကြပြီး မကောင်းတာတွေကိုတော့ ဒုက္ခလို့ သတ်မှတ်ကြတယ်။ သုခတွေဆို အမြဲခံစားနေချင်တတ်ကြတယ်။ ဒုက္ခကိုတော့ မလာခဲ့နဲ့လို့ မောင်းထုတ်ချင်ကြမယ့်သူတွေချည်းပါပဲ။ အဲဒီ ဒုက္ခဆိုတာကြီး ငါ့ဆီ အမြဲ လာပါစေလို့ မက်မက်မောမော လိုချင်တောင့်တနေတဲ့သူ၊ ဆုတောင်းနေသူတွေတော့ မရှိလောက်ပါဘူး။ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ ဆုတောင်းသည်ဖြစ်စေ၊ မဆုတောင်းသည်ဖြစ်စေ အဲဒီ ဒုက္ခဆိုတာကြီးကတော့ အမြဲလာလည်နေမြဲသာဖြစ်ပါတယ်။ မတွေ့ချင် မဆုံချင်လို့လည်းမရ။ ဒုက္ခဆိုတဲ့အကောင်ကလည်း အသွင်အမျိုးမျိုးနဲ့ လာတတ်လေတော့ ဒုက္ခ လား သုခ လားဆိုတာကို သိနိုင်ဖို့က အသိဥာဏ်ပညာ ရှိနေပါမှ သိမြင်နိုင် ပါမယ်။ ဒုက္ခက အခွင့်အရေး၊ အခွင့်အလမ်းအသွင်နဲ့လည်းလာတတ်ပါသေးတယ်။ ရှောင်ဖို့ကြိုးစားနေကြရင်း ဒုက္ခ နဲ့ ထိပ်တိုက်တိုးနေကြရမြဲသာဖြစ်ပါတယ်။ အဲဒီလို ဒုက္ခ ဆိုတာကြီးနဲ့ ထိပ်တိုက်ဆုံတွေ့ကြရပြီဆို ဒုက္ခ က လူတွေရဲ့ စိတ်ရင်းအမှန်ကို ဖော်ထုတ် ပေးတတ်ပါတယ်။ ဒီလူကတော့ မင်းအပေါ် စိတ်ရင်းအမှန်၊ ဒီလူကတော့ လိမ်ညာ ပြီးပေါင်းနေတာ စသည်ဖြင့် ဖော်ထုတ်ပေးထားခဲ့တတ်ပါတယ်။ ဒုက္ခက လူတွေရဲ့ စိတ်ရင်းအမှန်ကိုပေါ်လွင်လာအောင် ဆွဲခေါ်လာတတ်ပါတယ်။
ဒုက္ခက ဖော်ထုတ်ပေးလိုက်တဲ့အတွက် မိတ်ဆွေအပေါင်းအသင်းအတုတွေ ပေါ်ပေါက်လာတတ်ပါ တယ်။ အဲဒီလို ဒုက္ခက လောကကြီးကို စိတ်ပျက်သွားသူတွေ စိတ်ဓာတ်ကျသွားသူတွေကိုလည်း ဖော်ထုတ်တတ်ပါသေးတယ်။ ဒုက္ခနဲ့ထိပ်တိုက်တွေ့ပြီးတဲ့အခါမှာ စိတ်ဓာတ်တွေကျသွားတယ်၊ စိတ်ပျက်လက်ပျက်နဲ့ဖြစ်သွားတတ်ကြပါတယ်။ ငါ့မှ ဖြစ်လေခြင်းဆိုပြီး မြည်ကြွေးတတ်ပါတယ်။ တကယ်တော့ ကိုယ်တစ်ယောက်တည်းသာ ကွက်ပြီးဖြစ်နေတာမဟုတ်တာကို ရှေးကတည်းက အမျိုးမျိုးသောစာတွေနဲ့ ပြောပြ ဆုံးမခဲ့တာတွေရှိခဲ့တာပါပဲ။ ဒါပေမယ့် စိတ်ပျက်သူက စိတ်ပျက်ဆဲ၊ စိတ်ဓာတ်ကျနေသူတွေကလည်း စိတ်ဓာတ်ကျနေဆဲသာဖြစ်ပါတယ်။ မကြံစည် မတွေးခေါ် ဖြစ်ပေါ်နေတဲ့ အခြေအနေကို မှန်မှန်ကန်ကန် ရှုမြင် မသုံးသပ်တဲ့သူဟာ အကျိုးထူးကို မရရှိပါဘူး။ ဒုက္ခနဲ့ထိပ်တိုက်ဆုံတွေ့ရင်လည်း လက်ဆွဲနှုတ်ဆက်ပြီး သေချာသုံးသပ်ပြီး မောင်းထုတ်လိုက်ပါ။ အဲဒီအချိန်မှာ သင့် မိတ်ဆွေတွေ ပေါင်းဖော်နေသူတွေရဲ့ စိတ်ရင်းအမှန်ကို မြင်ရပါလိမ့်မယ်။ စိတ်ရင်းအမှန်ကို မြင်တွေ့ရရင်လည်း ဘယ်သူမပြု မိမိမှု ဆိုသလို သူတစ်ပါးကို အပြစ်မမြင်ပဲနဲ့ အမှန်ကို မမြင်တတ်တဲ့ ကိုယ့်ကိုသာ ဆုံးမပြီး အသိပညာရယူသင့်ပါတယ်။ နောက်နောင်လည်း သတိထား ဆက်ဆံနိုင်တဲ့ အကျင့်တစ်ခုလည်း ရသွားလိမ့်မယ်လို့ထင်ပါတယ်။ ဒီလိုဆိုတော့လည်း မြင်သမျှလူတွေကို သံသယစိတ်နဲ့မကြည့်မိအောင်တော့ ကြိုးစားရပါလိမ့်မယ်။ တွေ့သမျှ လူတွေကို ကိုယ့်အကြောင်းမှန်သမျှ မပြောသင့်ဘူးဆိုတဲ့ သင်ခန်းစာတစ်ခုလည်းရရှိသွားလိမ့်မယ်ထင်ပါတယ်။ ဒုက္ခနဲ့မတွေ့ဖူးသေးတဲ့လူတစ်ယောက်ဟာလဘ်ူ ဘယ်လောက်ပဲအောင်မြင်နေပါစေ လူတော် လူကောင်းလို့ မခေါ်ဆိုနိုင်ပါဘူး။ ပြဿနာတွေ၊ အခက်အခဲတွေ၊ ဘေးအန္တရာယ်တွေကို ကိုယ်တိုင် မတွေ့ကြုံဖူးလေတော့ လူတော် လူကောင်းဖြစ်တယ်ဆိုတာကို မဆုံးဖြတ်နိုင်ပါဘူး။
မိတ်ဆွေအပေါင်းအသင်းတွေ၊ အိမ်ထောင်ရှင်တွေမှာလည်း အခက်အခဲ၊ ပြဿနာ တစ်စုံတစ်ရာ တွေ့တဲ့အချိန်မှသာ စိတ်ရင်းအမှန်ကိုတွေ့ကြရပါတယ်။ ကိုယ်အဆင်ပြေနေတဲ့အချိန်မှာ ကိုယ့်မှာ ရာထူး၊ ဂုဏ်၊ ငွေ တစ်ခုခု အဆင်ပြေနေတဲ့အချိန်မှာတော့ စိတ်ရင်းအမှန်ကို မသိနိုင်ပါဘူး။ သိဖို့လည်း မလွယ်ကူပါဘူး။ ငွေ ဂုဏ်၊ ရာထူးဂုဏ် ရှိနေလေတော့ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဖက်ရဲ့ စိတ်ရင်းအမှန်ကို မသိနိုင်ပါဘူး။ မိမိကို လူအားလုံးလိုလိုက ချစ်ခင်နှစ်သက်တဲ့ အမူအရာတွေ၊ ကိုယ်နဲ့အတူ ငရဲထိတောင်လိုက်ပြီး ဒုက္ခခံနိုင်တဲ့သူတွေလိုလို နေထိုင်ပြုမူတတ်ကြပါတယ်။ အိမ်ထောင်ဖက်ကလည်း ဘယ်လိုဒုက္ခ ဘယ်လိုအခက်အခဲတွေကြုံရပါစေ၊ အေးအတူ ပူအမျှ မငြူစူဘ၀ နေပြပါမယ်ဆိုပြီး သီချင်းလေးတောင်ဆိုပြပါလိမ့်မယ်။ ကိုယ့်မှာ အဲဒီ ငွေဂုဏ်တွေပျောက်၊ ရာထူးဂုဏ်တွေ ပျောက် ဒုက္ခနဲ့ ထိပ်တိုက်ဆုံတွေ့တဲ့အချိန်မှာတော့ ကိုယ့် အိမ်ထောင်ဖက်ရဲ့ စိတ်ရင်းအမှန်ကို သိကြရတတ်ပါတယ်။ ချစ်လှပါချည်ရဲ့ဆိုတဲ့ အိမ်ထောင်ဖက်က အပြစ်တင်စကားနဲ့ အပြစ်မြင်တရားတွေ ပြောလာပြီး မခန့်လေးစား ကလန်ကဆန်လုပ်လာတာ မြင်ရပါလိမ့်မယ်။ ရာထူးဂုဏ် ငွေဂုဏ်ရှိစဉ်က ငရဲထိတောင်လိုက်မယ်ဆိုတဲ့ အပေါင်းအသင်းမိတ်ဆွေတွေကလည်း လမ်းမှာမြင်ရင်တောင် အလျင်အမြန်ရှောင်ရှားသွားကြပါလိမ့်မယ်။ ဆိုရိုးစကားတစ်ခုကြားဖူးပါတယ်။ **“ယောက်ျားဖြစ်သူ ချမ်းသာနေတဲ့အချိန်မှာ မယားဖြစ်သူက ချမ်းသာမှုတွေကို မျှဝေခံစားပြီး ယောက်ျား ဖြစ်သူက ဆင်းရဲနိမ့်ပါးချိန်မှာလည်း ယောက်ျားဖြစ်သူနဲ့အတူတူ ဆင်းရဲဒုက္ခကို မငြီးမငြူ အတူတူ မျှဝေခံစားသူဖြစ်ပါမှ မယားကောင်း မယားမြတ် ဖြစ်ပါတယ်တဲ့။ ရာထူးဂုဏ်၊ ငွေဂုဏ်ရှိသူတွေမှာ မိန်းမတွေ ပေါများနေတာ အထူးအဆန်းမဟုတ်ပါဘူး။ အံ့သြစရာတစ်ခု မဟုတ်ပါဘူး။” ** ထို့အတူပါပဲ ** “မိတ်ဆွေ အပေါင်းအသင်းများလည်း ငွေဂုဏ် ရာထူးဂုဏ်ရှိနေစဉ် အဲဒီဂုဏ်အရှိန်အ၀ါတွေကို ခံစားသုံးဆောင်နေကြပြီး ငွေဂုဏ် ရာထူးဂုဏ် ပျောက်တဲ့အချိန်မှာ နှစ်သိမ့်အားပေး ကူညီ ဖေးမမှုမပြုလုပ်ပဲ ရွံ့စရာလူ ရှောင်စရာလူ အဖြစ်မမြင်ပဲ ဆက်ဆံနိုင်ပါမှ မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်ဖြစ်ပါလိမ့်မယ်။” ** ရာထူးဂုဏ် ငွေဂုဏ်ရှိနေတဲ့သူမှာ အပေါင်းအသင်း မိတ်ဆွေဆိုတာ ပေါများနေတာဟာလည်း မထူးဆန်းပါဘူး။
ဒုက္ခနဲ့ကြုံလို့ အဆင်မပြေတာတွေနဲ့ကြုံနေလို့ အခက်အခဲတွေနဲ့ ကြုံနေလို့ စိတ်ပျက်လက်ပျက်၊ အားလျော့မနေကြပဲနဲ့ အဲဒီ ဒုက္ခက ဖော်ထုတ်ပေးမယ့် အမှန်တရားဖြစ်တဲ့ လူတွေရဲ့ စိတ်ရင်းအမှန်ကို သိမြင်နိုင်တယ်လို့ မှတ်ယူပြီး ဘ၀ခရီးလမ်းကို ကြိုးစားလျောက်လှမ်းနိုင်ကြပါစေ။ “လဲကျမှာကိုကြောက်နေခဲ့မယ်ဆိုရင် ဘယ်တော့မှ လေးဘက်သွားနေရတဲ့ဘ၀ကနေ တက်လာမှာ မဟုတ်ဘူး”ဆိုတဲ့စကားလေး၊ “လဲကျမှာကိုမပူနဲ့ ပြန်မထမှာကိုသာပူပါ” ဆိုတဲ့စကားလေးတွေကို အမှတ်ရပြီး ဘ၀အားအင်အဖြစ်အသုံးချနိုင်ကြပါစေ၊ မတ်တပ်ရပ်နိုင်အောင်ကြိုးစားကြရင်းနဲ့ လဲကျရင်လဲ ကုန်းရုန်းပြန်ထနိုင်ကြပါစေလို့ ရေးသားရင်း ရပ်နားလိုက်ပါတယ်ဗျာ။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
25-May-2018 သောကြာနေ့(Friday)