စကား၏ အရေးပါမှု

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


စာရေးကောင်းသောသူတစ်ယောက်ဖြစ်ရန်မလွယ်ကူပါ။ စာရေးကောင်းသည်ထားဦးတော့။ ရေးထားသော စာအား စိတ်ရှည် လက်ရှည်ဖတ်မယ့်သူရှိရပါဦးမယ်။ ဖတ်သူရှိသည်ထားဦးတော့။ ရေးထားတဲ့စာကို ဖတ်သူက အကြိုက်တွေ့ဦးမှ ဖြစ်ပါမယ်။ အကြိုက်တွေ့ပါမှလည်း အောင်မြင်နိုင်ပါမယ်။ စာရေးသူတို့အဖို့ အောင်မြင် နိုင်ရန် မလွယ်ကူပါ။ စကားပြောဆိုတတ်သူများမှာမူ စာရေးသူများကဲ့သို့မဟုတ်။ မိနစ်ပိုင်းအတွင်းတွင် လူကြိုက်များကာ အောင်မြင်သွားနိုင်ပါတယ်။ စကားအပြောအဆို ကောင်းမွန်တဲ့ အရည်အချင်းရှိရန်သာ လိုပါ တယ်။ စကားလေးတစ်ခွန်းစ နှစ်ခွန်းစကြောင့် တစ်နိုင်ငံလုံး ဟိုးလေးတကြော်ကြော် ပေါက်မြောက်အောင်မြင် သွားနိုင်ပါတယ်။ စကားတစ်ခွန်းကြောင့် လူသားအချင်းချင်း စည်းလုံးညီညွတ်သွားနိုင်သလို စည်းလုံးညီညွတ် နေသော လူအများလည်း ကွဲကြ ပြဲကြ ဆော်ကုန်ကြနိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး ကောင်းစားသွားနိုင်သလို မွဲတေစုတ်ပြဲသွားစေနိုင်ပါတယ်။ စကားတစ်ခွန်းရဲ့ အရေးပါမှုက အဲဒီလောက် ကျယ်ပြန့်လှပါတယ်။ ဒါကြောင့် စကားပြောဆိုကြရာမှာ ပြောသင့် မပြောသင့် အရင်ဆုံးစဉ်းစားပြီးမှ ပြောသင့် ရင်ပြောပြီး မပြောသင့်ရင်တော့ ရေငုံ နှုတ်ပိတ်ထားလိုက်တာက အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ စကား စကားပြောပါများ စကားထဲက ဇာတိပြ ဆိုသလို ပြောရင်း ပြောရင်း မလိုအပ်တာတွေ ပြောမိရာကနေ ပြဿနာ များဖြစ်ပေါ်ခဲ့ကြရပါတယ်။ ဒါကြောင့် စကားများများမပြောရန်လည်း လိုအပ်မယ် ထင်ပါတယ်။ ပြဿနာအများစုတို့က စကားကနေစဖြစ်တာများပါတယ်။ စကားအချေအတင်ပြောရာနေ အလျော့မပေးတတ် တဲ့လူ့စိတ်ကြောင့် ပြဿနာသေးသေးကနေ ပြဿနာအကြီးကြီးဖြစ်သွားတတ်ပါတယ်။


03.png


ကောင်းသောစကားအား ပြောဆိုခြင်းဖြစ်ပေမယ့် များများပြောရင် ကြာကြာပြောရင် အလေးမထားတော့ အရေးမပါတော့ပါဘူး။ စကားများများ ပြောရင် ကုန်းတိုက်စကားကိုလည်းပြောမိတတ်တယ်။ မဟုတ်တာမမှန်တာကိုလည်း အဟုတ်အမှန်ဖြစ်အောင် ပြောမိတတ်တယ်။ ပြောနေရင်းနဲ့ ကြမ်းကြမ်းတမ်းတမ်းစကားကိုလည်း ပြောမိတတ်တယ်။ ဘယ်သူမှအကျိုးမရှိ တဲ့စကားမျိုးတွေကိုလည်း ပြောမိတတ်တယ်။ အဲဒီထက်ပိုဆိုးတာက သေပြီးတဲ့နောက်မှာ မကောင်းတံဘ၀ကို ရောက်ရှိရတတ်တယ်လို့ ဓမ္မစာပေတွေမှာ ဆိုထားကြပါတယ်။ စကားတစ်လုံးဟာ မိမိ သူတစ်ပါးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်တတ်သလို အကျိုးယုတ်စေတတ်တာတွေလည်း ရှိပါတယ်။ ပါးစပ်ပေါက်ကို စောင့်ထိန်းခြင်းက သီလစောင့်တစ်ပါးကို စောင့်ထိန်းနိုင်ရုံမကပါဘူး။ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း မဖြစ်ပေါ်အောင် ကာကွယ်စောင့်ထိန်းပြီးသားဖြစ်တတ်ပါတယ်။ ခေတ်အဆက်ဆက်မှာ စကားပြောကောင်းတဲ့ လူတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ စကားနဲ့ ငြိမ်းချမ်းရေးတွေရသွားတယ်။ စကားနဲ့ စစ်ပွဲတွေဖြစ်ကုန် တယ်။ စကားရဲ့ အစွမ်းသတ္တိက အများအပြားရှိသလို ဖျက်ဆီးမှု စွမ်းအားကလည်း အင်မတန်ကြီးမားပါတယ်။ စကားပြောဆိုရာမှာ ချီးကျူးလိုတဲ့အတွက် ပြောတဲ့စကား၊ အနိုင်မခံအရှုံးမပေး လိုတာကြောင့် ပြောတဲ့စကား၊ ကြွားချင်လို့ပြောတဲ့စကား၊ အပြစ်တင်ချင်လို့ပြောတဲ့စကား ဆိုတာတွေ ရှိပါတယ်။ ကိုယ်ပြောလိုတဲ့စကားက ဘယ်လိုစကားမျိုးဖြစ်မလဲဆိုတာကို စဉ်းစားပြောရင် စကားကြောင့် ဖြစ်တတ်တဲ့ အကုသိုလ်နည်းသွားမယ် ထင်ပါတယ်။ ထင်တာပြောတာပါ။ စကားဆိုတာကလည်း မပြောပဲ နေလို့မှမရတာ။ ပြောတော့ပြောနေရမှာပဲ။


04.png


စကားနဲ့ပတ်သက်ပြီးတော့လည်း စကားပုံတွေကလည်း အများအပြား ရှိတယ်မဟုတ်လားဗျာ။ “နှုတ်ချို သျှိုတစ်ပါး” “နှုတ်ကောင်းလျှင် ပြည်စိုး” “စကားနောက် တရားပါ” “စကားကျွံ နှုတ်မရ” “၀ဇီဗေဒ ထိတိုင်းရှ” “နှုတ်ကြောင့်သေ လက်ကြောင့်ကြေ” “စကား စကား ပြောပါများ စကားထဲက ဇာတိပြ” မှတ်မိသမျှ စကားနဲ့ ပတ်သက်ပြီး လူတွေပြောတတ်ကြတဲ့ စကားပုံလေးတွေပါ။ စကား(၆)ခွန်း လူ၌ထွန်း (၄)ခွန်းကိုပယ် (၂)ခွန်းတည် ဆိုတာ မြတ်ဗုဒ္ဓဟောကြားခဲ့တာပါ။ ပြောသင့်တဲ့စကား၊ မပြောသင့်တဲ့စကား ချင့်ချိန်နိုင်အောင် ဟောကြားခဲ့ပါတယ်။ စကားနဲ့ပတ်သက်ပြီးလည်း ခဏတိုင်း ရေးသားပြီးတင်ခဲ့ဖူးပါတယ်။ မကြာခင်ကလည်း စကားအကြောင်း ရေးတင်ခဲ့ပြီးပါပြီ။ ဘာလို့ စကားအကြောင်းပဲ ခဏတိုင်းရေးတင်ရသလဲဆို အလွယ်ကူဆုံး နဲ့ အကုသိုလ်အဖြစ်ဆုံးကလည်း အဲဒီပါးစပ်ပေါက်ကထွက်တဲ့ စကားကနေဖြစ်တာမို့လို့ပါ။ လူတစ်ယောက်ရဲ့ အရည်အချင်းကို သူပြောတဲ့စကားကိုနားထောင်ပြီး ပညာရှင်တွေက အလွယ်တကူ ဆုံးဖြတ်နိုင်ကြပါတယ်။ ပညာရှိကြီးတွေဟာ ကြာရိုး ကြာစွယ်ကို ကြည့်ပြီးတော့ ရေရဲ့အတိမ်အနက်ကို သိနိုင်တယ်တဲ့။ အဲဒီလိုပဲ လူတစ်ယောက်ရဲ့ နှုတ်ထွက်စကားကိုနားထောင်ပြီးတော့ အဲဒီလူရဲ့ အဆင့်အတန်း ကို ဆုံးဖြတ်နိုင်ပါသတဲ့။ အသိဥာဏ်ပညာနဲ့ ကိုယ့်ရဲ့ပါးစပ်ပေါက်ကို ထိန်းသိမ်းသင့်ပါတယ်။ ပါးစပ်ကို ထိန်းချုပ်မှုမရှိလို့ ဒုက္ခရောက်ရတဲ့ သာဓကပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။ နှုတ်ကိုမစောင့်စည်းမိလို့ ဒုက္ခရောက်ရတဲ့ လိပ်အကြောင်းဖော်ပြထားတဲ့ ဇာတကမှာပါရှိတဲ့ ကစ္ဆပဇာတ်ကို ကလေးလူကြီး အားလုံးကြားဖူးကြပါတယ်။ ဟင်္သာနှစ်ကောင်က စေတနာနဲ့ စကားမပြောဖို့ပြောပြီး လိပ်က တုတ်ချောင်းကိုက် ကောင်းကင်ကနေ ရွှေဂူရှိရာသွားတဲ့အကြောင်းပါ။ ပါးစပ်ပိတ် နေရမယ့်လိပ်ဟာ ပါးစပ်မပိတ်ပဲ နှုတ်မစောင့်စည်းနိုင်လို့ မြေပေါ်ကျ နှစ်ခြမ်းကွဲသေခဲ့ရတာပါ။ အချိန်အခါမဟုတ်ပဲ မခံချင်စိတ် ကြွားချင်တဲ့စိတ်တဲ့ စကားပြောဆိုတဲ့အတွက် ပျက်စီးရခြင်းဖြစ်ပါတယ်။


02.png


ဒီလိုဆိုတော့ စကားမပြောပဲ နေကြရတော့မှာလား? ဒါလည်းမဖြစ်နိုင်တဲ့အကြောင်းပါ။ လူ့လောကမှာ နေထိုင်သေးသ၍ လူတွေနဲ့ စကားပြောဆိုနေကြရမှာပါ။ စကားမပြောမဆိုပဲ နေတာကမှ ကောင်းမယ်ထင်တယ်လို့ တွေးတောစရာပါ။ ဆိတ်ဆိတ်နေ ထောင်တန် ဆိုပေမယ့် အဲဒီစကားက လည်း နေရာတိုင်းမှာ မမှန်နိုင်ပါဘူး။ ပြောလိုတဲ့သဘောကတော့ ပြောသင့်ပြောထိုက်တဲ့စကား၊ မှန်ကန်တဲ့စကားဖြစ် ပေမယ့် ပြောသင့်တန်အချိန်အခါ နေရာဒေသ တို့မှာ အသိဥာဏ်နဲ့ဆင်ခြင်ပြီး ပြောဆိုကြမယ်ဆို အကျိုးတရား ဖြစ်ပေါ်စေပါတယ်။ အကျိုးမဲ့မဖြစ်နိုင်ပါဘူး။ အသိဥာဏ်နဲ့ဆင်ခြင်ခြင်းမပြုပဲ ပြောချင်တဲ့အချိန် စည်းလွတ် ၀ါးလွတ် ပြောချင်တဲ့နေရာ မှာ ပြောချင်သလို ပါးစပ်ကိုမစောင့်စည်းပဲ ပြောမယ်ဆို အကျိုးထက် အကျိုးမဲ့ဖြစ် နိုင်ချေများတယ်ဆိုတာကို ရေးသားလိုခြင်းသာဖြစ်ပါတယ်။ စိတ်ထဲပေါ်ရာ မှတ်သားထားတာ ဖတ်ဖူးထားတာ တွေတိုင်းကို ပြန်လှန်ကြည့်မိရင် နှုတ်ကြောင့် ဖြစ်တဲ့ ပြဿနာတွေက များပြားလွန်းလှကြောင်းတွေ့တွေ့နေ ရပါတယ်။ နှုတ်ကြောင့် ကောင်းမှုဆိုတာထက် မကောင်းမှုတွေက ပိုပြီးဖြစ်လွယ်နေတာ မြင်ရပါတယ်။ စကားပြောကောင်းတဲ့သူတွေကတော့ ဆင်ခြင် ဆင်ခြင်ပြီး အသိဥာဏ်နဲ့ ပြောသင့်တဲ့စကား ပြောသင့်တဲ့နေရာ ပြောသင့်တဲ့အချိန်အခါကို ကြည့်ပြီး ပြောဆိုဟောပြောသွားကြတာကိုလည်း တွေ့ရပါတယ်။ စစ်ပွဲတွေဖြစ်တာ ငြိမ်းချမ်းရေးတွေရတာ လူအားလုံးနဲ့အဆင်မပြေတာ လူအားလုံးနဲ့ အဆင်ပြေတာ ဆဲဆိုကြိမ်းမောင်းတာ နူးညံ့သိမ်မွေ့တာ မှန်သောစကားကိုပြောဆိုတာ မမှန်ကုံးတိုက်စကားကိုပြောဆိုတာ စတဲ့ စတဲ့ အရာတွေဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းခံကတော့ ပါးစပ်တစ်ပေါက် စကားတစ်ခွန်း ကနေ အစပြုလာခြင်း ဖြစ်ပါပြီး မိမိတို့၏ နှုတ်ထွက်များသည် အဖိုးတန် အမျိုးမှန် မှန်ကန်သင့်တော်တဲ့ စကားများကို ပြောဆိုနိုင်ကြပါစေလို့ ရေးသားလိုက်ပါတယ်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

13-Jul-2018 သောကြာနေ့(Friday)