စည်း ကမ်း

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


02.png


“စည်းကမ်းတွေများလွန်းတယ်” “စည်းကမ်းတွေ တစ်ခုပြီးတစ်ခုပဲ” ဆိုကာ အပြစ်တင် နေကြသော လူအချို့အတွက် စည်းကမ်းအကြောင်းလေး အနည်းငယ် ရေးတင်လိုက်ပါသည်။ လူ့ဘောင်ဌာနအသီးသီး၊ အသင်းအဖွဲ့အသီးသီးတို့တွင် လိုအပ်သော အရာတစ်ခုမှာ စည်းကမ်းပင်ဖြစ်ပါသည်။ စည်းကမ်းမရှိလျှင် မည်သို့သော အဖွဲ့အစည်းမျိုးပင်ဖြစ်ပါစေ တိုးတက်ရန် ခဲယဉ်းပါလိမ့်မည်။ ထို့ကြောင့်လည်း ဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့ အတွက် လိုအပ်သော သတ်မှတ်ချက်များကို ထုတ်ပြန်ထားကြရပါသည်။ သို့မှလည်း အောင်မြင်တိုးတက်နိုင်မည်ဖြစ်ပါသည်။ သို့အတွက် စည်းကမ်းကို ချမှတ်ကြရခြင်းဖြစ်ပါသည်။ စည်းကမ်းသတ်မှတ်ချက်များမရှိပါက ပရမ်းပတာ ဖြစ်ချင်တိုင်းဖြစ် လုပ်ချင်တိုင်းလုပ်နေကြ မည်ဖြစ်ရာ တိုးတက်အောင်မြင်ရန် မလွယ်ကူပါ။ ပရမ်းပတာလုပ်ခြင်း၊ ပရမ်းပတာနေခြင်း ကြောင့် တိုးတက်အောင်မြင်ရန် ရာခိုင်နှုန်းမရှိသလောက်ပင်ဖြစ်ပါသည်။ ရှေးကကံဇာတာ ကောင်းလွန်းသောကြောင့် ခဏတာ အောင်မြင်ကောင်း အောင်မြင်နိုင်မည်။ သို့သော် ရေရှည် အောင်မြင်နိုင်ရန်အတွက်မူ မဖြစ်နိုင်ပါချေ။ ထို့ကြောင့် နေရာဌာနအသီးသီးတို့တွင် စည်းကမ်းတကျ ဖြစ်ရန်အမှန်ပင်လိုအပ်ပါသည်။ စည်းကမ်း၏ အနက်အဓိပ္ပါယ်ကို သိရှိနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ပါသည်။ စည်း ဆိုသောစကားလုံးကို လူတိုင်းနည်းပါး သိရှိကြမည်ဖြစ်ပါသည်။ စည်းတားသည် စည်းကျော်သည် စသည်ဖြင့်လည်း ပြောဆိုတတ် ကြပါသည်။


03.png


စည်း ဆိုသည်မှာ သက်ဆိုင်ရာလူအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် သင့်တင့် မျှတအောင် ကာရံထားခြင်း၊ ဘောင်ခတ်ထားခြင်း ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ စည်းသည် နယ်မြေသတ်မှတ်ချက်တစ်ခုလည်းဖြစ်ပါသည်။ ရွာတွင် ရွာစည်း၊ မြို့တွင်မြို့စည်း၊ ရုံးဌာနတွင် ရုံးစည်းများ တားထားပါသည်။ ကမ်း ဆိုသည်မှာ ကမ်းစပ်၊ ကမ်းရိုးတန်း၊ ဘောင် ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ ကမ်းဆိုသည်မှာ မြစ် ချောင်း တို့၏ နယ်နိမိတ်ဖြစ်သည်။ ပိုင်းခြားထားသောအရာတစ်ခုဖြစ်ပါသည်။ မြန်မာဝီကီပီဒီယာတွင် စည်းကမ်းဆိုသည်မှာ လူတို့လိုက်နာဆောင်ရွက်ရန် ပိုင်းခြားသတ်မှတ် ထားသည့်တာဝန် ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ စာရေးတစ်ဦးဖြစ်သူ ဆရာကြီး တက်တိုး က စည်းကမ်းကို လွတ်လပ်မှု နှင့် မျှတမှု ပေါင်းစပ်ထားခြင်းဖြစ်သည် ဟု အဓိပ္ပါယ် ဖွင့်ဆိုထားခဲ့ပါသည်။ လွတ်လပ်မှုဟုဆိုခြင်းကြောင့် ပရမ်းပတာ လွတ်လပ်မှုကို မဆိုလိုကြပါ။ လွတ်လပ်မှုတွင် နယ်နိမိတ်သတ်မှတ်ချက် ရှိကြပါသည်။ သတ်မှတ်ထားသော နယ်နိမိတ်အား ကျော်လွန်ပါက သက်ဆိုင်ရာ စည်းကမ်းများအရ ဒဏ်ခတ်ခြင်းကိုခံကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် စည်းကမ်းဆိုသည်မှာလည်း မိမိတို့အတွက် သက်ဆိုင်ရာနေရာဌာနတစ်ခုတွင် မိမိတို့၏ တာဝန်တစ်ခုပင်ဖြစ်ကြောင်း သိနိုင်ပါသည်။ ထို့ကြောင့် စည်းကမ်းဆိုသည်မှာ လူသားတိုင်း၏ ထိန်းသိမ်းစောင့်ရှောက်ရမည့် သမိုင်းပေး တာဝန်တစ်ခု သို့မဟုတ် မွေးရာပါတာဝန်တစ်ခု ပင်ဖြစ်ပါသည်။


01.png

Image from google


စည်းကမ်းလိုက်နာခြင်းသည် လူသားတိုင်း၏ မွေးရာပါ အနိမ့်ဆုံးတာဝန်တစ်ခုပင်ဖြစ်ပါသည်။ ကျောင်းသို့ရောက်လျှင်ကျောင်း စည်းကမ်း၊ ရုံးတွင် ရုံးစည်းကမ်း၊ အိမ်တွင်အိမ်စည်းကမ်း စသည်ဖြင့်လိုက်နာကြရမည်ဖြစ်ပါသည်။ နေရာတိုင်းတွင် သူ့နေရာဒေသအလျောက် လိုက်နာရမည့်စည်းကမ်းများ ချမှတ်ထားပါသည်။ စည်းကမ်းအား လိုက်နာပါက ဘေးကင်းနိုင်မည်ဖြစ်ပါသည်။ စည်းကမ်းအား မလိုက်နာပဲ ချိုးဖောက်ပါက ချိုးဖောက်သူ၏ အတိုင်းအတာအလျောက် အပြစ်ဒဏ်ကို ခံစားရ မည်ဖြစ်ပါသည်။ ထို့ပြင် စည်းကမ်းဆိုသည်မှာ တစ်ရက်လောက်လိုက်နာခြင်းဖြင့် ပြီးဆုံးသွား ခြင်းမဟုတ်ပါ။ တစ်ခဏတာ လိုက်နာရခြင်းမျိုးမဟုတ်ပါ။ အမြဲတမ်းလေးစားလိုက်နာရပါမည်။ နိုင်ငံတကာ လူမှုအသိုင်းအ၀ိုင်းများတွင် လေ့လာကြည့်ပါက စည်းကမ်းလိုက်နာကြသော လူမျိုးများသည် ထိပ်တန်းတွင် ရှိနေကြောင်း သိသာနိုင်ပါသည်။ စည်းမဲ့ ကမ်းမဲ့ နေထိုင်ကြသော လူမျိုးတို့သည်ကား အောက်တန်းကျကျနေထိုင်ရသည့်အပြင် တိုးတက်မှုမရှိ အောင်မြင်မှုမရ သောအခြေအနေများနှင့်သာတွေ့ကြုံနေရကြောင်း သိရှိနိုင်ပါသည်။ ထို့ကြောင့်လည်း စည်းကမ်းနှင့်ပတ်သက်၍ “စည်းကမ်းသည် လူ၏တန်ဖိုး” “စည်းကမ်းရှိမှ တိုးတက်မည်” စသည့် စည်းကမ်းနှင့်ပတ်သက်သော ဆောင်ပုဒ်အများအပြား ချိတ်ဆွဲသတိပေးထားပါသည်။ စည်းကမ်းသည် လူသားအားလုံးအတွက် အဆင်ပြေပြေ နေထိုင်နိုင်ကြရန် နှင့် တိုးတက် အောင်မြင်ကြစေရန် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကပင် လူ့ဘောင်အဖွဲ့အစည်းများတွင် စည်းကမ်းများ ချမှတ်ကာ လူ့လောကတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်းလည်း လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။


04.png


လူတစ်ဦးချင်းစီ၏ စည်းကမ်းလိုက်နာမှုဖြင့် နိုင်ငံတော်ကြီးအား တိုးတက်အောင် စွမ်းဆောင် နိုင်မည်ဖြစ်ပါသည်။ စည်းကမ်းမရှိသောလူများစုစည်းခြင်းဖြင့် ကောင်းမွန်သော အဖွဲ့အစည်း၊ ကောင်းမွန်သော နိုင်ငံတော်ကြီး တည်ဆောက်ရန် စိတ်ကူးယဉ်၍ပင်မရနိုင်ပါချေ။ လူတစ်ဦးချင်းစီ၏ စည်းကမ်းလိုက်နာမှုရှိခြင်း၊ စည်းကမ်းမလိုက်နာမှု မရှိခြင်းတို့သည် ထိုလူ၏ တိုးတက်အောင်မြင်ရေးအတွက် သာမက အိမ်ထောင်စုတစ်စု၊ ရပ်ကွက်တစ်ခု၊ မြို့၊ ရွာ နိုင်ငံတော်အဆင့်ထိပင် သက်ဆိုင်ရာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။ စည်းကမ်းဆို သည်မှာ အမှန်တကယ်တွင် လူသားတိုင်းအတွက် တိုးတက်အောင်မြင်ရေး၏ အရေးကြီးသော သော့ချက်တစ်ခုပင်ဖြစ်ပါသည်။ စည်းကမ်းဆိုသည်မှာ အလွန်အမင်းတင်းကျပ်ခြင်းလည်း မဖြစ်သင့်ပါ။ အထက်တွင်ရေးသားသကဲ့သို့ပင် လွတ်လပ်မှု၊ မျှတမှုရှိရမည်ဖြစ်သည်။ လွတ်လက်မျှတမှုရှိလျှင် ကောင်းမွန်နွေးထွေးသော အဆောက်အဦတစ်ခုအောက်တွင် စိတ်ချမ်းသာစွာ နေထိုင်နိုင်မည်ဖြစ်ပါသည်။ တင်းကျပ်လျှင် ပေါက်ပြဲ ကွဲထွက်မည်သာဖြစ် ပါသည်။ စည်းကမ်းတကျရှိခြင်း၊ စည်းကမ်းလိုက်နာခြင်းတို့ ဖြင့် နွေးထွေးကောင်းမွန်သော MSC အဆောက်အဦတစ်ခုအောက်တွင် အတူတကွ အေးချမ်းစွာနေထိုင်ကြရင်း ဘ၀အား တိုးတက်အောင်မြင်စေရန် ကြိုးပမ်းကြပါစို့လို့ တိုက်တွန်း ရင်းဖြင့် ရပ်နားလိုက်ပါသည်။ စည်းကမ်းနှင့်ပတ်သက်သောအကြောင်းအရာတို့အား ဆက်လက်ရေးသားနိုင်ရန် ဆက်လက်ကြိုးစားပါဦးမည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

26-Mar-2018 တနင်္လာနေ့(Monday)