စာရေးဆရာမဟုတ်သောကျွန်တော်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လွန်ခဲ့သောရက်က မန္တလေးသွားဈေးဝယ်ရာမှ နေပူမိကာ သွားကိုက်ခြင်းကအစပြုလာခဲ့ပါသည်။ ထို့နောက်တွင် ကိုယ်လက်များ နာကျင် ကိုက်ခဲမှုဖြစ်ကာ နေမထိထိုင်မသာဖြစ်ပြီး စာမရေးနိုင်ဖြစ်နေခဲ့ပါသည်။ ဒီနေ့တော့ မဖြစ်ဖြစ်အောင် စာရေးမည် ဟု အားတင်ကာ ကွန်ပျူတာရှေ့ထိုင်ကာ စာရေးရန်ကြိုးစားမိပါသည်။ Steemit တွင် စာမရေးဖြစ်လျှင်ပင် တာဝန်မကျေသလိုလို ခံစားမိတာလည်းပါပါသည်။ စာရေးဆရာမဟုတ်သော ကျွန်တော်တို့သည် စာများကို အဆင်ပြေပြေရေးသားနိုင်ရန်အတွက် ကြိုးစားနေကြ ပေသည်။ တကယ်တော့ နေ့စဉ်စာရေးတင်နိုင်ရန်မှာ လွယ်ကူသောအလုပ် တစ်ခုမဟုတ်ကြောင်း သိကြပေလိမ့်မည်။ တစ်ချို့လည်း အဆင်ပြေသကဲ့သို့ တစ်ချို့လည်း အဆင်မပြေဖြစ်ကြရပေသည်။ စာရေးဆရာမဟုတ်သော ကျွန်တော်တို့သည် စာတစ်ပုဒ်ရေးနိုင်ရန် အတော်ကြိုးစားနေကြရပေသည်။ သို့သော် အံ့သြဖွယ်ကောင်းလောက်အောင် နေ့စဉ်စာအမျိုးမျိုးကို ရေးတင်နိုင်ကြပေသည်။ ထိုသို့နေ့စဉ်စာရေး နေနိုင်ကြခြင်းသည် စာတိုတိုနှင့် Post တင်ရခြင်းကြောင့်လည်းဖြစ်ပါမည်။ စာရေးဆရာများကဲ့သို့ ပြည့်စုံသောဆောင်းပါး၊ ၀တ္ထုရေးသား နေခြင်းမဟုတ်သောကြောင့်လည်းဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ စာရေးဆရာမဟုတ်သော ကျွန်တော်တို့ အတွက်တော့ ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ စာရေးဆရာကြီးများ သိလျှင်လည်း အံ့သြကြပေလိမ့်မည်။ “အံ့သြဘ” ဟု မြည်တမ်းနေမည်လားမဆိုနိုင်။ အကျင့်ဆိုသည်မှာ ကိုယ်တိုင်က ကျင့်ဆောင်သောကြောင့် ဖြစ်လာခြင်းဖြစ်ပါသည်။ စာရေးဆရာမဟုတ်သော ကျွန်တော်သည် စာရေးသောအကျင့်ကို ကျင့်ဆောင်နေသောအခါ စာရေးခြင်းသည် အကျင့်ဖြစ်လာသည် ထင်ပါသည်။ စာရေးရန်အတွက် ပတ်ဝန်းကျင်ကို လေ့လာ မိတတ်လာသည်။ ဆရာကြီးများရေးသားသောစာများအား ဖတ်ရှုလေ့လာမိလာသည်။ ပထ၀ီ၊ သမိုင်း စသည့် ဒေသန္တရကိုလည်း လေ့လာဖြစ်လာဖြစ်ခဲ့ပြီဖြစ်ပါသည်။ ကောင်းသောအလေ့ ကောင်းသောအကျင့်ဟုလည်းထင်မိပါသည်။
ကျွန်တော်တို့တစ်တွေ Steemit တွင်စာတွေရေးနေကြသည်။ Post တွေတင်နေကြသည်။ ထိုသူများကို မေးကြည့်ချင်မိပါသည်။ စာရေးဆရာအဖြစ်ရည်ရွယ်ပြီး စာရေးသားသူများ ရှိနေမည်လား? စာရေးဆရာ ဖြစ်ရန်ရည်ရွယ်ချက်များ ရှိနေကြပါသလား? ကျွန်တော်မေးသည့်မေးခွန်းကို ကျွန်တော်ကိုယ်တိုင် အရင်ဆုံးဖြေဆိုပါမည်။ ကျွန်တော်အနေနှင့်မူ စာရေးဆရာဖြစ်ရန် ရည်ရွယ်ချက်မရှိပါ။ ထိုသို့ဆိုသဖြင့် ဘာလို့စာတွေရေးနေလဲ လို့မေးချင်စိတ်ပေါက်လာနိုင်ပါသည်။ စာရေးဆရာဖြစ်ရန်ရည်ရွယ်ချက်မရှိသော်လည်း Steemit Platform တွင်စာရေးမှ Steem ရနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် စာရေးနေခြင်းသာဖြစ်ပါသည်။ သို့သော် စာရေးဆရာဖြစ်ရန် ရည်ရွယ်ချက် မရှိသော်လည်း ကျွန်တော်အနေဖြင့် Post တစ်ခုအား ပြီးပြီးရော ဆိုကာ ရေးသားခြင်းတော့မလုပ်ပါ။ ကျွန်တော်တတ်စွမ်းသမျှတော့ အကောင်းဆုံးဖြစ်စေရန်အတွက် ရေးသားပါ သည်။ အမှားမြင်လို့ အမှန်ပြင်ရန်ပြောကြားလာလျှင်လည်း အလွယ်တကူလက်ခံမည်သာဖြစ်ပါသည်။ စာရေးဆရာဖြစ်ရန်မှာလည်း လွယ်ကူလိမ့်မည်မဟုတ်ပါ။ အောင်မြင်နိုင်သော်လည်း ငွေကြေးအရချမ်းသာ ကြွယ်ဝနိုင်ရန်တော့ လွယ်ကူလိမ့်မည် မဟုတ်သည်ကို ရှေ့သွား ဆရာကြီးများအား ကြည့်ရှုခြင်းဖြင့် အလွယ်တကူ သိမြင်နိုင်မည် ဖြစ်ပါသည်။ နိုင်ငံကျော်စာရေးဆရာကြီးများ ငွေကြေးကုံလုံကြွယ်ဝသူများ မဟုတ်ကြပါ။ ဆွေစဉ်မျိုးဆက် ချမ်းသာလာသူ၊ မိဘမျိုးရိုးသည် ချမ်းသာသောမျိုးရိုးမှ စာရေးဆရာအဖြစ် လုပ်ကိုင်နေသူများကိုတော့ မဆိုလိုပါ။ စာရေးချင်လို့ကိုရေးနေတာပါ။ ပိုက်ဆံရခြင်းမရခြင်းကို ထည့်မတွက်ပါ ဆိုသူများလည်း ရှိနေပါလိမ့်မည်။ မိမိတို့သည် စာရေးဆရာများမဟုတ်ကြသော်လည်း အမှားအယွင်းနည်းပါး စေလိုခြင်းသာဖြစ်ပါသည်။ Steemit Platform တွင် မြန်မာအတွက် သမိုင်းတစ်ခုထားရှိနိုင်လျှင် ကောင်းလေစွ။
မြန်မာနိုင်ငံတွင် ရှေးယခင်က နိုင်ငံကျော်စာရေးဆရာကြီးများ အများအပြား ရှိခဲ့ပေရာ ဆရာကြီး ပီမိုးနင်းသည် စာအလွန်ရေးနိုင်ကြောင်း မှတ်သားဖူးပါသည်။ အချိန်မရွေး နေရာမရွေး ဆောင်းပါးတစ်ပုဒ်ဖြစ်ရန် မခက်ခဲသည့် စာရေးဆရာကြီးတစ်ဦးဖြစ်ကြောင်းလည်း မှတ်သားရပါသည်။ စာအများဆုံးရေးနိုင်ခဲ့သည့် စာရေးဆရာကြီး တစ်ဦးလည်းဖြစ်သည်ဟု မှတ်သားရပါသည်။ ထိုသို့ အောင်မြင်သော နိုင်ငံကျော်စာရေးဆရာကြီးသည်ပင် ငွေကြေးအခက်အခဲများစွာဖြင့် ရပ်တည်နေထိုင်သွားရကြောင်း သိရသည်မှာ ၀မ်းနည်းစရာကောင်းလှဟု ထင်မြင်မိပါသည်။ ထိုသို့သော နိုင်ငံကျော်စာရေးဆရာကြီးများသည်ပင် စာရေးခြင်းအလုပ်တစ်ခုတည်းဖြင့် ဘ၀ခရီးအား လျှောက်လှမ်းရန်မလွယ်ကူပါမူ ကျွန်တော်ကဲ့သို့ စာရေးဆရာမဟုတ်သောသူများအဖို့ ဆိုဖွယ်ရာ မရှိပါပြီ။ ယခု Steemit Platform တွင် ရရှိနေသော ငွေကြေးသည် စာရေးဆရာကြီးများ ရရှိနေသော ငွေကြေး ထက်ပိုမိုနေမည်ထင်ပါသည်။ ဆရာကြီး ပီမိုးနင်း၏ စာအုပ်များသည် ရှေးယခင်ကာလက မည်သည့်တန်ဖိုးဖြင့် ထုတ်လုပ်ဖြန့်ချိသည်မသိသော်လည်း ယခုအချိန်ထိ ဆရာကြီး၏ စာအုပ်များသည် ငွေကျပ်(၃၀၀) ခန့်သာ တန်ကြေးရှိပေသည်။ အလွန်နည်းပါးသော ငွေကြေးဖြစ်ရာ လူငယ်အများစုတို့သည် ဆရာကြီးပီမိုးနင်း၏ စာအုပ်များအား စိတ်ဝင်စားခြင်းမရှိကြသည်ကိုလည်း တွေ့ရပေသည်။ ငွေကျပ်(၃၀၀၀)တန်ဖိုးလောက်မျှ မပေး ရလျှင် တန်ဖိုးမရှိဟု ထင်မှတ်နေကြလေသည်လားတော့မသိပါ။ ဆရာကြီးပီမိုးနင်း၏ စာအုပ်များသည် ယနေ့ထက်တိုင် ခေတ်မီနေသေးသည်ဖြစ်ရာ ယနေ့လူငယ်လူရွယ်များ ဖတ်ရှုသင့်ပါသည်။ စိတ်ဓာတ်ရေးရာ၊ ချစ်မှုရေးရာ၊ စီးပွားရေး လူမှုရေး၊ အင်္ဂလိပ်စာ၊ ၀တ္ထုတို၊ ၀တ္ထုရှည် စသည်ဖြင့် ကဏ္ဍစုံရေးသားခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။ နှမြောဖွယ် ကောင်းလှသော စာများဖြစ်နေပါသည်။ ဆရာကြီးပီမိုးနင်း၏ အကြောင်းအရာအချို့အား နောင်များကြုံကြိုက်လျှင် ဖော်ပြပေးလိုပါသေးသည်။
Steemit Platform တွင် စာများရေးသားဖန်တီးကြရာတွင် ကိုယ်တိုင်ဖန်တီးရေးသားရခြင်းဖြစ်ရာ လူအများ သိသင့်သိထိုက်သော ဗဟုသုတဆိုင်ရာများအားလည်းကောင်း၊ ပညာရပ်ဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်များ၊ ရှေးဟောင်း သမိုင်းများအား ပြန်လည်မျှဝေနိုင်ခြင်းမရှိသည်ကိုမူ အားမလိုအားမရဖြစ်မိသည်ကို ၀န်ခံရပေမည်။ သမိုင်းကြောင်းအား ရေးသားမည်ဆိုပါက ပြောင်းလဲရေးသားရန် မဖြစ်နိုင်သည်ကို တွေ့နိုင်ပါသည်။ ဥပမာအားဖြင့်ဆိုသော် ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ်အတွက် အသိပေးသော အချက်အလက်များ၊ သမိုင်းကြောင်းများကို မျှဝေလိုသော်လည်း သက်ဆိုင်ရာပညာရှင်တို့၏ စာများအား ကူးယူဖော်ပြကြရမည်ဖြစ်ပါသည်။ လွဲမှားလို့မဖြစ်၊ ပြောင်းလဲသုံးနှုန်းရန်မဖြစ်နိုင်ပါချေ။ ထိုသို့ကူးယူ ဖော်ပြခဲ့သည်ရှိသော် ကော်ပီသမားအဖြစ်သို့ရောက်ရှိသွားမည်ရာ ဖော်ပြလိုသော်လည်း မဖော်ပြနိုင်ခဲ့ပါ။ တစ်ချို့သောစာများသည် ပြုပြင်ရန်မဖြစ်နိုင်သောကြောင့် မူရင်းအတိုင်းပင် ရေးသားဖော်ပြကြရမည်ဖြစ်ပါ သည်။ ဥပမာအားဖြင့်ဆိုသော် တရားစာများအား ရေးသားဖော်ပြမည်ဆိုပါက ပြောင်းလဲရေးသားရန် မဖြစ်နိုင်ပါ။ အဓိပ္ပာယ်ကိုလည်း လွဲမှားဖော်ပြရန်မဖြစ်ပါ။ ပညာရပ်များအားဖော်ပြရာတွင်လည်း ထို့အတူတူ။ ရုပ်ရှင်ကဲ့သို့သောအရာများအား ဖော်ပြရာတွင်လည်းအတူတူပင်ဖြစ်ပေမည်။ ထိုအရာတို့အား ဖော်ပြရာတွင် အကြောင်းအရာသည် အတူတူပင်ဖြစ်ရာ စာလုံးသုံးနှုန်းမှုကွာခြားအောင်ရေးသားရန်လည်း မလွယ်ကူဟု ထင်ပါသည်။ စာရေးဆရာမဟုတ်သော ကျွန်တော်အတွက်မူ စာအရေးအသား ကျွမ်းကျင်ရန်၊ စာလုံးပေါင်း သတ်ပုံမှန်ကန်မှုရှိစေရန်၊ စကားလုံးအထားအသိုမှန်ကန်စေရန်ပင် မလွယ်ကူလှပါ။ စာရေးဆရာတစ်ယောက်မဟုတ်သော ကျွန်တော်အတွက် ထိုကိစ္စများသည် အလွန်ဂရုစိုက်ရသော အခက်အခဲတစ်မျိုးဖြစ်ပါသည်။ စာရေးဆရာတစ်ယောက် မဟုတ်သော ကျွန်တော်သည် တတ်နိုင်သမျှ တတ်စွမ်းသမျှ မှန်ကန်အောင် ကြိုးစား ရေးသားနေဦးမည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
25-Sept-2018 အင်္ဂါနေ့(Tuesday)