စာရေးခြင်း ဗဟုသုတ အနည်းငယ်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့တော့ ကဗျာနှင့် ပတ်သက်သောစာများအား နားကာ စာရေးခြင်းဗဟုသုတလေးကို ရေးတင်လိုပါသည်။ ဗဟုသုတရကြပါစေ။ ကျွန်တော်တို့တစ်တွေ Steemit Platform တွင် စာတွေရေးနေကြပါသည်။ သို့သော် အများစုသောသူတို့သည် စာရေးခြင်းအတတ်ပညာ အား သိရှိနားလည်ပြီး ရေးခြင်းမျိုးမဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်သည်လည်း စာရေးခြင်းအတတ်ပညာအား နားလည်တတ်ကျွမ်းသောကြောင့် စာရေးနေခြင်းမျိုးမဟုတ်ပါ။ Facebook တွင် Post တစ်ခုတင်သကဲ့သို့ အလွယ်တကူ ကောက်ရေးကာ တင်လိုက်ခြင်းသာဖြစ်ပါသည်။ မိမိရေးသားလိုက်သော စာသည် မည်ကဲ့သို့သောအကျိုးတရားကို ပေးနိုင်သည်ကိုတော့ သေချာနားလည်ခြင်း မရှိပဲ စိတ်တွင်ပေါ်လာသည့်အတိုင်း လျှောက်ရေးလိုက်ခြင်းသာဖြစ်ပါသည်။ စာရေးသူများကျင့်ထုံးနှင့်ညီသည် လား၊ မညီသည်လား သိသောကြောင့်ရေးလိုက်ခြင်းမဟုတ်သကဲ့သို့ စာဖတ်သူတို့အတွက် မည်သို့သော ရသကိုပေးစွမ်းနိုင်သည်ကိုသိသည်မဟုတ်ပါ။ အချင်းချင်း အပြန်အလှန် ကောင်းတယ်ဗျို့ လုပ်နေကြရသည် ဖြစ်ရာ ရေရှည်ရေးသားလာကြသူများအတွက်မူ ထိုသို့သော မှတ်ချက်ကို လိုလားကြလိမ့်မည်မဟုတ်တော့ပါ။ ရေးထားသောစာများအပေါ်တွင် ဝေဖန် အကြံပြုချက်များလည်း လိုချင်ကြမည်ထင်ပါသည်။ ထို့သို့သော အကြောင်းကြောင့် မြန်မာစာနှင့်ပတ်သက်သော အကြောင်းအရာအချို့အား မျှဝေရေးသားလိုပါသည်။ ထုံးစံ အတိုင်းပင်ဖြစ်ပါလိမ့်မည်။ ယနေ့သည် စနေနေ့ဖြစ်ရာ မနက်ဖြန်အတွက် ပရိုမိုးရှင်းတင်ရန်မရှိသောကြောင့် လူအနည်းငယ်သာ လာဖတ်ကြမည်ကိုလည်း သိပါသည်။ လာဖတ်သောသူတို့ထဲတွင် စိတ်ပါဝင်စားသူများ ဗဟုသုတဖြစ်စေလိုသော စိတ်စေတနာဖြင့် ရေးသားခြင်းလည်းဖြစ်ပါသည်။ လိုအပ်နေသူ၊ လိုချင်နေသူတို့လည်း တစ်ချိန်ချိန်တွင် ဖတ်မိခဲ့သည်ရှိသော် အကျိုးရှိစေချင်သောကြောင့်လည်း ဖြစ်ပါသည်။ မြန်မာစာပေသည် ကျွန်တော်တို့မြန်မာလူမျိုးများအတွက်ပင် အလွန်ရှုတ်ထွေးလှပါသည်။ ခေတ်ကာလ အလျောက် ပေါ်ပေါက်သုံးနှုံးနေကြသော အသုံးအနှုံးများလည်း ပေါများလှပါသည်။ တစ်ခါတစ်ရံတွင် နားလည်ရ ခက်ခဲသွားပါသည်။ မြန်မာစာနှင့်ဘွဲ့ယူထားသူတိုင်းသည်လည်း မြန်မာစာအား ပြည့်စုံစွာနားလည် နိုင်မည်မဟုတ်ပါ။ ကျွန်တော်သည်လည်း သေချာနားလည်သောကြောင့် ရေးသားခြင်းလည်းမဟုတ်ကြောင်း ကြိုတင်ဝန်ခံရပေမည်။ သိသလောက်လေးအား မျှဝေပေးလိုသောစိတ်ဖြင့်သာ ရေးသားပေးခြင်းဖြစ်ရာ လိုအပ်ချက်အများအပြားရှိနေနိုင်ပါသည်။ ဆက်လက်လေ့လာဆည်းပူးနိုင်ရန် အထောက်အကူလေးတစ်ခု ဖြစ်လျှင်ပင် ရေးသားရကျိုးနပ်ပါသည်။
စာများကို ရေးသားကြရာတွင် အပြစ်ကင်းသောရေးသားခြင်း၊ အပြစ်ကင်းသော အရေးအဖွဲ့တို့သည် ဂုဏ်မြောက်သည်ဟု ဆိုပါသည်။ စာများအား နှစ်လိုဖွယ်ရေးသားခြင်းမျိုးကို ဆိုလိုမည်ဖြစ်ပါသည်။ လူအများ မနှစ်ခြိုက်သောစာများ နှင့် ကြမ်းတမ်းသောစာများသည် ဂုဏ်မမြောက်ဟု ယူဆရမည်ထင်ပါသည်။ စကားတန်ဆာဆင်ပြီး ရေးသားကြရမည်ဖြစ်ပါသည်။ အဆင်တန်ဆာဆိုသော စကားကို လူအများနားလည်ပြီး ဖြစ်ရာ စကားတန်ဆာကို ရေးသားရန်အတွက် လိုမည်မထင်ပါ။ ထိုသို့ဆိုသဖြင့် ရှေးဟောင်း စကားလုံးများအား သုံးစွဲ ရေးသားရမည်ဟု ဆိုလိုမည်မဟုတ်ပါ။ ထီးသုံး နန်သုံးစကားတို့သည်လည်း ခေတ်ကာလနှင့်လျော်ညီ မည် မဟုတ်ပါ။ ခေတ်နှင့်လျော်ညီစွာ စကားတန်ဆာဆင် ရေးသားအပ်ကြောင်းကို မှတ်သာဖူးပါသည်။ ခေတ်ကာလသည် အမြဲတစ်စေ ရွှေ့လျားပြောင်းလဲနေတတ်သည်ဖြစ်ရာ ခေတ်နှင့် သင့်လျော်သော စကားအသုံးအနှုန်းတို့အား ရေးသားသုံးနှုန်းသင့်သည်ဖြစ်သော်လည်း ရိုင်းစိုင်းသောအသုံး၊ ကြမ်းတမ်းသော အသုံး နှင့် မနှစ်သက်ဖွယ်သောအသုံးတို့အား ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ ထီးသုံး နန်းသုံး စကားတို့အား သုံးစွဲရေးသားနေရန်မဟုတ်ပါ။ စာပေ၏ဂုဏ်(၁၀)ပါး၊ စာပေအလင်္ကာ(၅)ပါး၊ စာပေရသ(၉)ပါးတို့အား ထည့်သွင်းရေးသားခြင်းမပြုတော့ပါ။ စာရေးခြင်းအတတ်ဖြင့် အသက်မွေးခြင်းပြုလုပ်မည့်သူများအနေဖြင့်မူ ရှာဖွေ လေ့လာထားသင့်ကြောင်းကို အကြံပြုအပ်ပါသည်။ သို့မှသာမြန်မာစာပေအကြောင်းကို ပီပြင်စွာ ရေးသားနိုင်မည်ဖြစ်ပါသည်။
စာရေးခြင်းအတတ်ပညာအား လေ့လာလိုက်စားနေသူဖြစ်ပါက စာပေဗဟုသုတရှိသင့်သည့်အပြင် စာအုပ် စာပေများအား နှံ့နှံ့စပ်စပ် ဖတ်ထားသင့်ပါသည်။ ထိုက်သင့်သော ဗဟုသုတရှိထားသင့်သည်ဟု ဆိုပါသည်။ အခြားသူများရေးသားထားသော ဝေဖန်ချက်၊ ဝေဖန်ရေးစာများအားလည်း လေ့လာဖတ်ရှုသင့်သည်ဟု ဆိုပါသည်။ အဓိကမှာ စာကိုများများ ဖတ်ရှုကြရန်ဖြစ်ပါသည်။ စာအရးအသားတိုးတက်စေရန်အတွက်လည်း စာဖတ်ခြင်းသည် အထောက်အကူများစွာဖြစ်စေပါသည်။ စာရေးမည့်သူတို့သည် ခေတ်နှင့်ရင်ဘောင်တန်းကာ လိုက်နေနိုင်ရမည်ဖြစ်ပါသည်။ ခေတ်ကို မသိလိုက်ခြင်းမျိုးမရှိသင့်ဟုလည်း ထင်မိပါသည်။ တစ်ချို့သောသူများ သည် စာရေးရာတွင် လိုအပ်ချက်များစွာ ရှိနေနိုင်ပါသည်။ ထိုသို့လိုအပ်ချက်ရှိသဖြင့် စိတ်အားလျော့ရန်မလိုပါ။ စာများများဖတ်ခြင်းဖြင့်လည်းကောင်း၊ ၀ါသနာပါရာစာပေများအား ဖတ်ရှုလေ့ခြင်းဖြင့်လည်းကောင်း ကိုယ်တိုင် လေ့လာနိုင်မည်ဖြစ်ပါသည်။ စာရေးဆရာမဟုတ်သည့်အတွက် အလင်္ကာမြောက်ခြင်း မမြောက်ခြင်း၊ ရသ မြောက်ခြင်း မမြောက်ခြင်း၊ ဂုဏ်မြောက်ခြင်း မမြောက်ခြင်း တို့သည် အရေးပါမည်မဟုတ်သေးသော်လည်း ရေရှည်တွင်စာများစွာ ရေးသားနိုင်ရန်အတွက်မူ လိုအပ်မည်ထင်ပါသည်။ စာရေးနေကြသည်ဖြစ်ရာ စာရေးဆရာဖြစ်သူများအား အကူအညီမပေးနိုင်သေးသော်လည်း အနှောင့်အယှက်မဖြစ်စေလျှင် ပိုကောင်းမည် ဟုလည်း ထင်မြင်မိပါသည်။ ကျွန်တော်တို့ရေးသားသောစာများသည် လူတစ်ယောက်အား တက်ကြွခြင်း၊ ၀မ်းနည်းခြင်း၊ ဒေါသဖြစ်စေခြင်း၊ ရယ်ရွှင်စေခြင်း၊ ရက်စက်ကြမ်းကြုတ်မှုကို သိစေခြင်း၊ ငြိမ်းချမ်းသောစိတ်ကို ဖြစ်စေခြင်း၊ မကောင်းမှုစသောအရာတို့အား စက်ဆုတ်ရွံရှာမှုကိုဖြစ်စေခြင်း၊ ချစ်ခြင်းတရားတို့အားခံစားစေခြင်း စသည့်အရာတစ်ခုခုအား ပေးစွမ်းနိုင်ခဲ့သည်ရှိသော် ထိုစာသည် ရသတစ်ခုကို ပေးစွမ်းနိုင်ပြီဟု ဆိုနိုင်ပေမည်။
အပြစ်ဆိုသည်မှာ နေရာတိုင်းတွင် ရှိနေပါသည်။ စာရေးခြင်းတွင်လည်း မရေးတတ်ပါက အပြစ်ဖြစ်နိုင်ပါသည်။ စာများကိုရေးသားရာတွင် အပြစ်ဖြစ်စေသောအရာ (၈)မျိုးရှိကြောင်း မှတ်သားရပါသည်။ ထိုအပြစ်(၈)မျိုးအား ဗဟုသုတရစေရန် အတွက် ဖော်ပြလိုသော်လည်း ကိုယ်တိုင်သေချာနားလည်ခြင်းမရှိသောကြောင့် သီးသန့် မဖော်ပြတော့ပါ။ အလွယ်နားလည်စေရန်အတွက် ရေးသားသင့်သော်လည်း စာများအား ရှုတ်ရှုတ်ထွေးရေးသား ခြင်း၊ စာဖတ်သူအတွက် အခက်အခဲဖြစ်စေရန် ရေးသားခြင်း၊ ဂုဏ်မရှိသော သူအား ဂုဏ်တင်ရေးသားခြင်း၊ ဂုဏ်ရှိသောသူအား ဂုဏ်တင်ရေးသားခြင်းမပြုပဲ နှိမ်ချရေးသားခြင်း၊ အနက်အဓိပ္ပာယ် သိရန်ခက်ခဲသော စကားလုံးများစွာပါရှိသောအရေးအသားစသည်အား ရေးသားခြင်းသည် စာပေအပြစ်ဖြစ်စေသည်ဟု နားလည် မိပါသည်။ အပြည့်အစုံကိုဖော်ပြခြင်းမပြုနိုင်သည့်အတွက် လေ့လာမှုပြုလုပ်ကြပါရန်သာ တိုက်တွန်းလိုပါသည်။ စာရေးသားရာတွင် စံနမူနာထားသင့်သော အရာများလည်း ရှိနေကြောင်း မှတ်သားဖူးပါသည်။ ကျွန်တော်ရေးနေသောစာများသည် စံနမူနာထားရေးသားခြင်းမဟုတ်ပေ။ မည်သည့်စံမှ ရှိမနေသောကြောင့် တစ်ခါတစ်ရံ ကျွန်တော်ရေးသောစာသည် ဟိုရောက် ဒီရောက်ဖြစ်နေတတ်ပါသေးသည်။ စာအားဖတ်ရှုနေသူ စာဖတ်သူအား အသိဥာဏ်၊ ယဉ်ကျေးမှု၊ စိတ်အရည်အချင်းစသည်တို့တွင် တစ်ခုခု တိုးတက်ရရှိစေသင့်ပါ သည်။ သို့မှသာလည်း စာဖတ်သူအတွက် အကျိုးရှိစေမည့်အချိန်ကုန်ခြင်းဖြစ်နိုင်ပေမည်။ စာဖတ်ခြင်းသည် ကောင်းမွန်ကြောင်း လူတိုင်းနားလည်ပါသည်။ သို့သော် မကောင်းသောစာများအား ဖတ်ခြင်းသည် ကောင်းမွန် သည်ဟု မပြောဆိုနိုင်တော့ပါ။ မည်သည့်စာကိုပင်ရေးစေကာမူ တိုသည် ရှည်သည်က အရေးမကြိးဟုထင်ပါသည်။ စာဖတ်သူအတွက် အသိပညာ၊ အတတ်ပညာ တစ်ခုခု ရရှိစေလျှင် ကောင်းသောစာအဖြစ်နှင့် လက်ခံရမည်ဟုလည်း ထင်ပါသည်။ စာရေးသားခြင်းသည်လည်း အတတ်ပညာတစ်ခုဖြစ်ရာ လေ့လာထားသင့်ပါ ကြောင်း အကြံပြုရင်း ရပ်နားလိုက်ပါသည်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
20-Oct-2018 စနေနေ့(Saturday)