စာရေးခြင်းပညာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကျွန်တော်တို့တစ်တွေသည် စာရေးဆရာများမဟုတ်ကြကြောင်း မကြာခဏ ကျွန်တော်ရေးသားခဲ့ဖူး ပါသည်။ စာရေးခြင်းသည်လည်း အတတ်ပညာပင်တစ်ခုဖြစ်သောကြောင့် အလွယ်တကူ ရေးသားနိုင် ရန်မလွယ်ကူပါချေ။ မည်သည့်ကုန်ပစ္စည်းကို ထုတ်လုပ်သည်ဖြစ်စေ ထိုက်သင့်သော အချိန်ကာလ တစ်ခုတော့ ပေးကြရစမြဲသာဖြစ်ပါသည်။ စာရေးခြင်းသည်လည်း ထို့အတူတူပင်ဖြစ်ပါမည်။ ကျွန်တော်တို့ စာရေးသည်ဟု နာမည်တပ်ထားသော်လည်း စာရေးဆရာများကဲ့သို့ ဇာတ်လမ်း၊ ဇာတ်အိမ်များ၊ တိကျသော ကိုးကားချက်များ၊ ရည်ညွှန်းချက်များ၊ မှီငြမ်းချက်များ တင်ပြကာ ရေးသား နေခြင်းမဟုတ်ပါ။ Facebook တွင် Post တစ်ခုတင်သကဲ့သို့ ရေးသားနေကြခြင်းသာဖြစ်ပါသည်။ သာမန်ဆောင်းပါးလေးအဆင့်ကို မှီနိုင်ရန်ပင် အတော်ကြိုးစားရေးသားကြရမည်ဖြစ်ပါသည်။ ၀တ္ထုတို၊ ၀တ္ထုရှည် ရေးသားရန်ကိုကား ကျွန်တော်အနေဖြင့် မျှော်မှန်းမထားပါ။ အခြားမျှော်မှန်းရေးသား နေကြသူများလည်း ရှိနေနိုင်ပါသည်။ စာရေးခြင်းအတတ်ပညာကို မည်သို့သင်ယူနိုင်မည်နည်းဟု မေးလာသည်ရှိသော် ဦးနှောက်ဥာဏ်မီသလောက် ပြောရလျှင် စာများများဖတ်ပေးခြင်း၊ စာများများ ရေးခြင်းတို့သည်သာ စာရေးခြင်းအတတ်ပညာအား တတ်မြောက်စေနိုင်မည်ထင်ပါသည်။ လေ့လာသင်ယူကြမှသာ တတ်မြောက်နိုင်သည့် ပညာရပ်တစ်ခုသာဖြစ်ပါသည်။
အခြားသော ပစ္စည်းပြုပြင်ခြင်းတို့တွင် ပျက်စီးနေသော အစိတ်အပိုင်းတို့အား အစားထိုးလဲလှယ် ပြုပြင်နိုင်ပါသည်။ အပိုပစ္စည်းတို့အား ၀ယ်ယူရရှိနိုင်ပါသည်။ သို့သော် စာရေးခြင်းတွင်မူကား ထိုကဲ့သို့ ပစ္စည်းအဆင်သင့်မရှိပါ။ စာရေးခြင်းအတွက် ကုန်ကြမ်းရရန်လိုအပ်ပါသည်။ မည်ကဲ့သို့သော အရာတို့သည် စာရေးရန်အတွက် ကုန်ကြမ်းဖြစ်လေသနည်း။ အတွေးစများလိုအပ်မည်ထင်ပါသည်။ အတွေးစတို့သည် ကိုယ်တိုင်တွေးသောအကြောင်းအရာများဖြစ်နိုင်သကဲ့သို့ အခြားသူများ ပြောဆိုနေ သောစကားသံတို့မှလည်း ရရှိနိုင်ပါသည်။ ထိုကဲ့သို့ ရရှိလာသော ကုန်ကြမ်းအတွေးစတို့အား ဆွဲဆန့် တွေးခေါ် ရေးသားကြရမည်ဖြစ်ပါသည်။ စာရေးခြင်းအတွက် အလွယ်တကူ ကုန်ကြမ်းပစ္စည်းမရရှိနိုင် ပါ။ ၀ယ်ယူရန်လည်း မဖြစ်နိုင်ပါ။ မိမိတို့ကိုယ်တိုင် စဉ်းစားတွေးခေါ်ကာ စာစီရေးသားကြရခြင်းသာ ဖြစ်ပါသည်။ ကိုယ်ပိုင် ရေးသားနေသူများကို ဆိုလိုပါသည်။ ကော်ပီကူးယူနေသူများအား မပြောလိုပါ။ ၀တ္ထုရေးမည်ဆိုပါကလည်း ဇာတ်ကောင်များကို ရွေးချယ်ရသကဲ့သို့ ဇာတ်ကောင်တို့၏ စရိုက်များကို လည်း စဉ်းစားရေးသားရမည်ဖြစ်ပါသည်။ ထိုသို့ စီကာစဉ်ကာ ရေးသားကြရာတွင်လည်း မြန်မာစာပေ အရေးအသား၊ အထားအသိုတို့ကို နိုင်နင်းကျွမ်းကျင်အောင် လေ့လာသင်ကြားကြရမည်ဖြစ်ပါသည်။ ဘာကြောင့်လေ့လာကြရမလဲဆိုလျှင် စာဆိုသည်မှာကလည်း စာများဖြင့်သာ ဖွဲ့စည်းပုံဖော်ထား ရသောကြောင့်ဖြစ်ပါသည်။ အထားအသိုမှားယွင်းပါက ဆိုလိုသော အဓိပ္ပါယ် တို့သည် အလွဲလွဲ အမှားမှား ဖြစ်ကုန်ကြကြောင်းကို လည်း မကြာခဏ ရေးသားခဲ့ဖူးပါသည်။
စာရေးသားခြင်းဖြင့် အောင်မြင်နေကြပြီးသော စာရေးဆရာကြီးများ၏ ရေးဟန်တို့အား လိုက်လံရေးသား နိုင်ရန်အတွက် မလွယ်ကူနိုင်သေးပါ။ သို့သော်လည်း အချို့သော အဖွဲ့သားများသည် စာအလွန်ရေးနိုင်သည်ကိုတွေ့ရပါသည်။ ကောင်းပါသည်ဟုပင် ပြောရပါမည်။ ၀ါသနာပါလျှင် အတိုင်းထက်အလွန်ပင်ဖြစ်ပါသည်။ အောင်မြင်ြ့ပီးသော စာရေးဆရာကြီးများ၊ သီချင်းရေးဆရာကြီးများ၊ ပန်းချီဆရာကြီးများသည် သူတို့၏ ဖန်တီးချက်များကို လူအများအနေဖြင့် လက်ခံနားလည်ပြီးဖြစ်ပါသည်။ စုတ်ချက် တစ်ချက်ဆွဲခြင်းသည်လည်း သူတို့အတွက် အနုပညာတစ်ခု ပင်ဖြစ်နေပါသည်။ သံစဉ်၊ စာသား တစ်ခုသည်လည်း အသစ်တီထွင်ဖန်တီးထားသည်ဟု ပရိဿတ်မှ နးလည်လက်ခံနိုင်ကြမည်ဖြစ်သော်လည်း လူသစ်များအတွက်တော့ အဆဲတောင်းသည်နှင့်တူသွား နိုင်ပါသည်။ လူသစ်များအနေနှင့်မူ မိမိဖော်ပြလိုသော အကြောင်းအရာတို့အား အလွယ်တကူနားလည် စေနိုင်မှသာ ဖြစ်မည်ထင်ပါသည်။ စာလုံးပေါင်းသတ်ပုံ၊ အထားအသို၊ ဝေါဟာရ စသည်တို့အား မှန်ကန်နေအောင် အသုံးပြုကြရမည်သာဖြစ်ပါသည်။ ပညာရပ်နှင့်သက်ဆိုင်သော ဆောင်းပါးတွင် အသုံးပြုထားသော စကားလုံးတို့ကို ၀တ္ထုတွင် ထည့်သွင်းအသုံးပြုနိုင်ရန်မလွယ်ကူနိုင်ပါ။ အမှန်တကယ်စာရေးခြင်းကို ၀ါသနာပါသည်ဆိုပါက အကောင်းဆုံးသော နည်းလမ်းသည် အောင်မြင်ပြီးသော စာရေးဆရာကြီးများ၏ စာများအား အများအပြားဖတ်ရှုလေ့လာပြီး ကိုယ်တိုင် စမ်းသပ်ရေးသားခြင်းသာ ဖြစ်ပါသည်။
စာများကို များများဖတ်သောအခါ စာရေးဆရာများ၏ ဖတ်ကောင်းစေရန်၊ ဖတ်ချင်စိတ်ဖြစ်ပေါ်လာ စေရန်အတွက် မည်ကဲ့သို့ ရေးသားသည်ကိုလည်း တွေ့မြင်လာနိုင်မည်ထင်ပါသည်။ စာရေးကောင်းခြင်းဆိုသည်မှာလည်း စာရေးလာသော အတွေ့အကြုံများပေါ်တွင် တည်မှီနေမည် ဖြစ်ပါသည်။ အတွေ့အကြုံဆိုသည်မှာလည်း နေရာတိုင်းတွင် အရေးပါသောကြောင့်ဖြစ်ပါသည်။ အတွေ့အကြုံ မရှိသူ နှင့် အတွေ့အကြုံ ရှိသူတို့သည် နှိုင်းယှဉ်ရန် မလွယ်ကူလှပါ။ ချက်ချင်းလက်ငင်း အောင်မြင်ရန်မှာလည်း မလွယ်ကူလှပါ။ ပါရမီရှိသည်ဟု ဆိုသည့်တိုင် အတွေ့အကြုံမရှိသေးသောသူ သည် အတွေ့အကြုံ ရင့်ကျက်နေသူတို့အား လိုက်မမှီနိုင်ဟုလည်း ထင်မြင်မိပါသည်။ အတွေ့အကြုံ ရရှိစေရန်မှာလည်း ကိုယ်တိုင်စာများအား ရေးသားမှသာ သိနိုင်မည်သာဖြစ်ပါသည်။ ရေးသားပြီးလျှင်လည်း ပြန်လည်ဖတ်ရှု ပြင်ဆင်သင့်သည်ဟု ထင်ပါသည်။ မဖတ်ရှုလျှင် အမှားတို့အား မမြင်နိုင်ပါ။ အမှားတို့အား မမြင်လျှင် အမှန်ကို မပြင်နိုင်တော့ပါ။ အမှန်ကိုမပြင်နိုင်ပါကလည်း လူရယ်စရာဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် စာရေးဆရာဖြစ်လိုသည်ဆိုပါက စာများများဖတ်ကာ စာများများရေးပါဟုသာ ပြောရန်ရှိပါတော့သည်။
စာရေးဆရာတိုင်းတွင် တစ်ဦး နှင့် တစ်ဦး မတူညီကြသော သူတို့မူ သူတို့ဟန်ရှိကြသည်ကို လူတိုင်းသိကြပါသည်။ ထိုသို့ရေးသားခြင်းသည် တမင်ကွဲလွဲအောင် ရေးသားနေကြခြင်းမဟုတ်ပါ။ ရေးသားရင်းဖြင့်သာ ကွဲလွဲသွားသည်ဟု ထင်ပါသည်။ စာရေးခြင်းအတတ်ပညာနှင့်ပတ်သက်ပြီး နောက်ထပ် မည်ကဲ့သို့ အကြံပြုရေးသားရမည်ကို မသိတော့ပါ။ အရေးကြီးသည်မှာ စာရေးဆရာဖြစ်လိုပါက စာရေးကျင့်ရန်သာ ဖြစ်ကြောင်း အသိပေးရင်းဖြင့် ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
29-May-2018 အင်္ဂါနေ့(Tuesday)