စရိုက် နှင့် ၀ါသနာ (Characters and Habit)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


character.png

Image from google


ကျွန်တော်သည် ယနေ့ပုံပြင် ပြောမည်ဟု ရည်ရွယ်ထားခဲ့သော်လည်း ယနေ့ပုံပြင်မတင်ဖြစ်နိုင်ခဲ့ပါချေ။ ထို့ကြောင့် ယနေ့ ကျွန်တော်သည် စရိုက် နှင့် ၀ါသနာအကြောင်းအရာအနည်းငယ်လောက်ကိုသာရေးသားပါမည်။

စရိုက်ဆိုသည်မှာအဘယ်နည်း။ စရိုက် ဆိုသည်မှာ မိမိတို့၏ စိတ်နေသဘောထားများ၊ အပြုအမူများနှင့် စိတ်သန္တာန်တွင်အများဆုံးသောဖြစ်ပေါ်မှုကိုခေါ်ဆိုပေသည်။ လူတို့တွင်ရှိသော စရိုက်များသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ကြပါ။ တနည်းအားဖြင့်ဆိုပါက စရိုက်ဆိုသည်မှာ လူတို့၏ စိတ်သဘောထားကို ခေါ်ဆိုသည်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။ တချို့သောလူများသည် ကောင်းမွန်သောစရိုက်ရှိသည်။ တချို့သောသူများသည် ဆိုးရွားသော စရိုက်ရှိတတ်ကြပေသည်။ ကောင်းသောစရိုက်ရှိသူများတွင် ပြသနာမရှိသော်လည်း မကောင်းသော စရိုက်ရှိသူများသည် မိမိတို့ကိုယ်တိုင်သိမြင်ပြီး ပြုပြင်သင့်လှပေသည်။ မိမိတို့တွင် မည်ကဲ့သို့သောစရိုက်မျိုး ရှိသည်ကို သိအောင်ဆန်းစစ်ကြည့်သင့်ပါသည်။ သို့မှသာ မိမိတို့၏ ဘ၀ခရီးကို ဖြောင့်တန်းစွာ လျှောက်နိုင်မည် ဖြစ်သကဲ့သို့ သံသရာခရီးသွားရာတွင်လည်း ကောင်းမွန်ခြင်းအဖြစ်သို့ရောက်ရှိနိုင်မည်ဖြစ်ပေသည်။ စရိုက်အမျိုးမျိုးတို့တွင် လောဘ ဒေါသ မောဟ မာန်မာနများ ဖြစ်ပေါ်နေပါက အချိန်မီပြင်ဆင် ပြောင်းလဲသင့် ပါသည်။


meditation.png

Image from google


စရိုက်(၆)ပါးရှိကြောင်းဟောကြားတော်မူခဲ့ကြောင်း စာပေ ကျမ်းဂန်များအရ သိရှိရပါသည်။ ထိုစရိုက်(၆)မျိုးသည် ကမ္မဌာန်းတရားများအားထုတ်ရာတွင် အလွန်အရေးကြီးသောကြောင့် အဓိကအနေဖြင့်ရေးသားထားခြင်းဖြစ် သော်လည်း အခြားသောစရိုက်များလည်း ကျနှ်ရှိနေမည်ဖြစ်ပါသည်။ မိမိတို့၏သန္တာန်တွင် အများဆုံးဖြစ်ပေါ်တတ် သောအရာမှန်သမျှကို စရိုက်ဟုခေါ်ဆိုနိုင်ပါမည်။

ဒေါသကြီးသူများ၊ ဒေါသထွက်လွယ်သူများ တနည်းအားဖြင့် ဆိုရသော် ဒေါသစရိုက်ရှိသူများသည် လူမှုရေး လုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ ပါဝင်ကူညီဆောင်ရွက်ခြင်းဖြင့် ဒေါသတရားတို့ကို လျော့နည်းအောင်ပြုလုပ် နိုင်ကြမည်ထင်ပါသည်။ လူတိုင်းဒေါသလျော့နည်းမည်ဟုတော့မဆိုလိုပါ။ မိမိတို့ကိုယ်တိုင်က ဒေါသကြီးခြင်း၏ ဆိုးကျိုးကို နားလည်ပြီး ပြုပြင်ပြောင်းလဲလိုစိတ်ရှိမှသာလျှင် ဒေါသများလျော့နည်းမည်ဖြစ်ပေသည်။ သိသော်လည်း မပြောင်းလဲ မပြုပြင်သူများသည် ဒေါသများလျော့နည်းမည်မဟုတ်ပါ။ ဒေါသဖြစ်လျှင်ဖြစ်စေ၊ လောဘဖြစ်လျှင်ဖြစ်စေ၊ မောဟဖြစ်လျှင်ဖြစ်စေ မိမိတို့၏ အသိဥာဏ်ပညာဖြင့် ထိန်းကျောင်းသင့်ပါသည်။ လောဘ ဒေါသ မောဟ တရားတို့ကို မဖြစ်ပေါ်လာစေရန်ကား မည်သူမျှတတ်နိုင်မည်မထင်ပါ။ ပုထုဇဉ်လူသားများ ဖြစ်ပေသောကြောင့် ထိန်းသိမ်းနိုင်ရန်ခဲယဉ်းကြပါသည်။ အမှန်တကယ်လိုအပ်သည်မှာကား လောဘ ဒေါသ မောဟ ဟု သိလျှင် သိခြင်း သတိဥာဏ်ပညာဖြင့် ထိန်းသိမ်းနိုင်ရန်သာ အရေးကြီးပေသည်။ ဒေါသစရိုက်ရှိသူအား ဘူအများက ဆက်ဆံရန် ၀န်လေးမည်မှာ အမှန်ပင်ဖြစ်ပါသည်။


anger.png

Image from google


စရိုက်ကိုပြုပြင်ရန်အတွက် အဓိကတာဝန်ရှိသူမှာ မိမိသာလျှင်ဖြစ်ပေသည်။ မိမိတို့၏ သဏ္ဍာန်တွင် မကောင်းသော စရိုက်ဆိုးများရှိနေပါက ထိုစရိုက်ဆိုးများအား လျော့ချရန်၊ ပြုပြင်ရန် ကြိုးစားရမည်ဖြစ်ပေသည်။ မပြုပြင် မလျော့ချ ပါက နောင်သံသရာအထိ ထိုဒေါသစရိုက်က လိုက်ပါသွားမည်ဖြစ်ကြောင်းကိုလည်း သတိပြုဆင်ခြင်သင့်ပါသည်။ တိရစ္ဆာန်များတွင် ဒေါသစရိုက်ကြီးကြသည်ကိုလည်း သိသာထင်ရှားပါသည်။ ထိုတိရစ္တာန်တို့သည် သေသည်အထိ ဒေါသကြီးရင်း သေလွန်ကြသည်ကများပေသည်။ အသားစားတတ်သော သတ္တ၀ါအများစုတွင် သဘောကောင်း သော အကောင် မရှိလောက်ပါ။ စရိုက်ဆိုးများအား ယခုဘ၀လက်ရှိ ဘ၀မှာပင်လျှင် ကောင်းအောင်ပြင်ရပါမည်။ မပြင်နိုင်ပါက နောင်သံသရာဝဲဂယက်ထဲတွင် ထိုစရိုက်ဆိုးများဖြင့် ကျင်လည်နေရပေတော့မည်။

ဝါသနာဆိုသည်ကား စရိုက်ကို နှစ်ပေါင်းကြာမြင့်စွာ လက်ခံလာခဲ့သဖြင့် တစ်ဆင်တက်ကူးပြောင်းသွားခြင်းဖြစ် ပေသည်။ ၀ါသနာကို ပြုပြင်ရန်အလွန်ခက်ပေသည်။ ၀ါသနာ သို့မဟုတ် အကျင့်ကို ရဟန္တာများပင် စွန့်နိုင်ခဲသည် ဟု စာများတွင် ဖတ်ဖူး မှတ်ဖူးပါသည်။ လူတိုင်း လူတိုင်းတွင် ၀ါသနာ သို့မဟုတ် အကျင့် တစ်ခုတော့ရှိတတ်စမြဲ ပါ။ ကောင်းသောဝါသနာများရှိသကဲ့သို့ မကောင်းသော ၀ါသနာများလည်း ရှိပေသည်။ ၀ါသနာများကလည်း စုံလင်လှပေသည်။ နေ့စဉ် ည (၈) နာရီတွင် ဘီယာဆိုင်ထိုင်ခြင်းအလုပ်အား ကျင့်ဝတ်တစ်ခုသဖွယ် ပြုလုပ်ပြီး ထိုင်ကြည့်ပါက တစ်နှစ်လောက်ကြာလျှင် ဘီယာဆိုင် ထိုင်ခြင်းသည် ၀ါသနာ သို့မဟုတ် အကျင့်ဖြစ်သွားလေ တော့သည်။ ထိုသို့မဟုတ်ဘဲ ည(၈)နာရီတိုင်း ဘုရားရှိခိုးခြင်း အလုပ်ကို နေ့စဉ် တစ်နှစ်အချိန်လောက်ထိ ပြုလုပ် ပါကလည်း ဘုရားရှိခိုးခြင်း အကျင့်ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်ပေသည်။ ထိုသို့အကျင့်ဖြစ်လာစေရန်မှာ မိမိတို့ကိုယ်တိုင်မှ အကောင်းအဆိုး ကောင်းစွာ ဝေဖန်သုံးသပ်ခြင်းမပြုပဲ ပြုမိတတ်ရာမှ ၀ါသနာ သို့မဟုတ် အကျင့်ဖြစ်လာကြခြင်းဖြစ်ပေသည်။ ၀ါသနာများအနေဖြင့် အားကစားလုပ်ခြင်း၊ သီချင်းဆိုခြင်း၊ အလှူဒါနပြုလုပ်လိုခြင်း၊ သူတစ်ပါးအားကူညီလိုခြင်း၊ အရက် ဘီယာသောက်စားလိုခြင်း၊ မိန်းမလိုက်စားလိုခြင်း စသည်ဖြင့် အမျိုးမျိုးရှိနိုင်ပေသည်။ ကောင်းခြင်း၊ မကောင်းခြင်း မည်သည့်ဝါသနာပါရှိကြသည်ကိုတော့ မိမိတို့ကိုယ်တိုင်စဉ်းစား အဖြေရှာကြပါလေ။ မကောင်းကျိုးအတွက် သက်ရောက်မှုရှိနေသော ၀ါသနာ အကျင့်များအား တတ်နိုင်သမျှတော့ ပြုပြင်သင့်လှပါသည်။


sport.png

Image from google


ဝါသနာကို စွန့်နိုင် ပယ်နိုင်ခဲခြင်းကို ဥပမာအနေဖြင့်ဆိုရသော ဘီယာထည့်ထားသောပုလင်း၊ အရက်ထည့်ထား သောပုလင်း၊ ရေမွှေးထည့်ထားသောပုလင်းတို့ကို နှစ်ပေါက်အောင်ထားပြီး ထို အရက်၊ ဘီယာ၊ ရေမွှေးတို့အား သွန်ပစ်လိုက်ပါ။ ထို့နောက် ဘီယာ၊ အရက်၊ ရေမွှေးတို့အား ထည့်ထားသောပုလင်းများကို တလှည့်စီနမ်းကြည့်ပါ။ အရက်များ မရှိတော့သော်လည်း ပုလင်းခွံသည် အရက်နံ့ ရနေစမြဲ၊ ဘီယာမရှိတော့သော်လည်း ပုလင်းခွံသည် ဘီယာနံ့ရနေမြဲ၊ ရေမွေးများမရှိတော့သော်လည်း ပုလင်းခွံသည် ရေမွှေးနံ့တို့ဖြင့်မွှေးကြိုင်နေမြဲဖြစ်ပေသည်။ ရွှေကိုထုတ်ထားသော ပုဝါတို့သည် ရွှေနံ့စွဲ နေသကဲ့သို့ ငပိကို ထုတ်ထားသော ဖက်ရွက်တို့သည်လည်း ငပိနံ့ ရနေမည်သာဖြစ်ပေသည်။ ၀ါသနာတို့သည်လည်း ထိုနည်းတူစွာပင်ဖြစ်ပေသည်။ စွန့်ပယ်နိုင်ရန်အတွက် အလွန်ခက်ခဲပေသည်။ ထို့ကြောင့် မိမိတို့သည် ၀ါသနာအဆင့်သို့ရောက်အောင် မပြုလုပ်ကြပါရန်လည်း လိုအပ်လှပါသည်။ ကောင်းသောဝါသနာ ဆိုလျှင် မထောင်းသာလှသော်လည်း ဆိုးဝါးသော မကောင်းသော ၀ါသနာဖြစ်ခဲ့ပါမူ အင်မတန်ပြုပြင်ရန် ခက်ခဲ မည်ဖြစ်သည်ကိုလည်း သတိပြုသင့်လှပါသည်။

အချုပ်အားဖြင့်ဆိုရသော စရိုက် နှင့် ၀ါသနာတွင် စရိုက်ဆိုသည်မှာကား မိမိတို့၏ စိတ်သဏ္ဍာန်တွင် အဖြစ်များသောအရာများကိုခေါ်ဆိုပြီးလျှင် ၀ါသနာ သို့မဟုတ် အကျင့်ဆိုသည်မှာ ထိုကဲ့သို့သောအဖြစ်များသည့် အရာများသည် ကာလကြာမြင့်စွာတည်ရှိလာခြင်းဖြင့် မပျောက်နိုင် မပျက်နိုင် စွဲသွားခြင်းကို ခေါ်ဆိုနိုင်မည်ဖြစ်ပါ သည်။ မကောင်းသောစရိုက် မှ မကောင်းသောဝါသနာအဆင့်သို့မရောက်ရှိလာစေရန်အတွက် ကြိုးစားအားထုတ် နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။ မအားလပ်ပါသဖြင့် ဆောင်းပါအား အကျဉ်းချုပ်ရေးသားလိုက်ခြင်းဖြစ်ပါသဖြင့် ခွင့်လွှတ်သည်းခံကြပါကုန်။

ဆရာတော်ကြီးများ ဟောကြားထားသော တရားတော်များအား မှီငြမ်းရေးသားခြင်းဖြစ်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

5-11-2017 တနင်္ဂနွေနေ့(Sunday)