ထိန်းသိမ်းစောင့်ရှောက်ပါ(Keep And Restoration)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ယခုအခါတွင် အဖွဲ့သားအားလုံး၏ အားကြိုးမာန်တက်ကြိုးစားချက်များကြောင့် myanmar tag သည် အဆင့် ၅၀ အတွင်းတွင်ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ ရှေ့ဆက်ပိုမိုကြိုးစားကြရမည်ဖြစ်သည်ကို အဖွဲ့သားအပေါင်းတို့အနေဖြင့် နားလည်ထားကြစေချင်ပါသည်။ အောင်မြင်သောအဆင့်တွင် ရပ်တည်နိုင်ခြင်း မရှိသေးသည်သာမက ရရှိထားသောအဆင့်မှ အောက်သို့ပြန်လည်ပြုတ်ကျသွားခြင်းမဖြစ်စေရန်လည်း အရေးကြီး သည်ဖြစ်ပါသည်။ ထို့ကြောင့် MSC ၏ ကူညီလမ်းညွှန်မှုများနှင့်အတူ ထိန်းသိမ်းကြရန်လိုအပ်ပါသည်။ MSC အောင်မြင်ခြင်းသည် မြန်မာအောင်မြင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် မြန်မာအောင်မြင်စေရန်အတွက် MSC အောင်မြင်စေရန်လိုအပ်ပါသည်။ မည်သို့အောင်မြင်မည်နည်း။ MSC အောင်မြင်စေရန်အတွက် အရည်အသွေးရှိ သော စာများလိုအပ်ပါသည်။ ထို့ကြောင့် မိမိတို့ရေးသားသောစာများသည် မိမိတို့ဥာဏ်စွမ်းရှိသမျှ အကောင်းဆုံး ရေးသားရန်တိုက်တွန်းလိုပါသည်။
Image from google
အဖွဲ့အစည်းကြီးအောင်မြင်စေရန်မှာ တစ်ဦးချင်းစီအောင်မြင်ရန်လိုအပ်မည်ဖြစ်ပါသည်။ တစ်ဦးချင်းစီအောင်မြင် လျှင် အဖွဲ့အစည်းကြီးလည်းအောင်မြင်မည်ဖြစ်ပါသည်။ စည်းလုံးရန်လည်းလိုအပ်ပါသည်။ တစ်ဦးချင်စီက အောင်မြင်နေကြသော်လည်း မစည်းမလုံး တစ်ကွဲတစ်ပြားဖြစ်နေပါမူ အောင်မြင်နိုင်မည်မဟုတ်ပါ။ တစ်ဦး၏ မှားယွင်းနေသောအရာတို့အား ကောင်းသောဝေဖန်ချက်လေးများ၊ ကောင်းသောအကြံပြုချက်လေးများ ပြောပြ ပေးရင်းဖြင့် အပြန်အလှန်ကူညီရန်လိုအပ်မည်ဖြစ်ပါသည်။ သို့မှမှာ အမှားအယွင်းနည်းပြီး မှန်ကန်သော စာများ ရရှိကြမည်ဖြစ်ပါသည်။ စာများပြုပြင်ရန်အချိန် နှင့် တင်ထားသော Post အား vote နှင့် comment များပေးရန် အချိန် (၇) ရက်သာရရှိမည်ဖြစ်ကြောင်း သိရှိထားကြပြီးဖြစ်မည်ထင်ပါသည်။ မှားယွင်းသောစာများအား ပြုပြင်နိုင် ရန်အတွက် comment တွင်လည်းကောင်း၊ messenger တွင်လည်းကောင်း ပြောပြပေးသင့်ပါသည်။ comment များသည်လည်း ကောင်းမွန်သောအကြံပေးချက်၊ အကြံပြုချက်များပေးသော comment ဖြစ်သင့်ပါသည်။ good, nice ကောင်းပါတယ် ကြိုးစားပါ ဆိုသော comment လောက်နှင့်ပြီးမသွားသင့်ပါ။ အကြံပြုချက်ရေးသားပေးခြင်း ဖြင့် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်အကျိုးပြုသွားနိုင်မည်ဖြစ်ပါသည်။ ထိုသို့အကြံပြုချက်များအားကို လည်း Post တင်သူမှ ၀မ်းမြောက်ဝမ်းသာကြိုဆိုသင့်ပါသည်။ အမှားကိုထောက်ပြပေးသောသူတို့သည် မိတ်ဆွေ ကောင်းများပင်ဖြစ်ပါသည်။ စိတ်မဆိုးသင့်။ ဒေါသမထွက်သင့်ပါ။
Image from google
MSC သစ်စေ့လေးကို Steemit Platform တွင် MSC Leader ဖြစ်သူ ကိုဟင်နရီအောင် ၏ ဦးဆောင်မှုဖြင့် စတင်မြေချစိုက်ပျိုးလာခဲ့ကြရာ ယခုဆိုလျှင် MSC အပင်ပေါက်ကလေးအဖြစ်ပေါ်ထွန်းလာခဲ့ပြီဖြစ်ပါသည်။ ထို MSC အပင်ပေါက်ကလေးမှ ရရှိလာမည့် SBD, STEEM အသီးအနှံတို့အား ရေရှည်ရယူစားသုံးနိုင်ကြ စေရန်အတွက် MSC Member အားလုံးမှ ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်ပါသည်။ ထွက်ပေါ်လာသောအပင်ပေါက်ကလေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမပြုကြပါက ပေါက်လာပြီးဖြစ်သော MSC သစ်ပင်ကလေးသည် ပြန်လည်ပျက်စီး ပျောက်ကွယ်သွားမည်ဖြစ်ပေသည်။ ရေလောင်း၊ ပေါင်းသစ်၊ ဆေးကျွေးစသည့်လုပ်ငန်းများ ၀ိုင်းဝန်းလုပ်ဆောင် ကြရန်လိုအပ်မည်ဖြစ်ပါသည်။ ရေလောင်းပေးခြင်းမပြုလျှင်လည်း သစ်ပင်လေးကြီးထွားလာရန်မလွယ်ကူနိုင်ပါ။ ပေါင်း မြက်များ နှောင့်ယှက်လုယူစားသုံးနေခြင်းကြောင့်လည်း သစ်ပင်လေး ကြီးထွားလာရန်မလွယ်ကူနိုင်ပါ။ လိုအပ်သော ပိုးသတ်ဆေးများ၊ အပင်အားဆေးများကျွေးပေးရမည်ဖြစ်ပေသည်။ လိုအပ်သောဆေးဝါးများ အကူ အညီမရရှိခဲ့ပါကလည်း သစ်ပင်လေးကြီးထွားရန်မလွယ်ကူနိုင်ပါ။ လိုအပ်သောဖြည့်ဆည်းမှုလေးများပြည့်စုံပါမှသာ သစ်ပင်လေးသည်ကောင်းမွန်လျင်မြန်စွာကြီးထွားလာနိုင်မည်ဖြစ်ပါသည်။ အစေ့မှ အပင်ပေါက်ကစ MSC သစ်ပင်လေးသည် နုနယ်ပါသေးသည်။ အထိအခိုက် အတိမ်းအစောင်းမခံနိုင်သေးပါ။ ထို့ကြောင့် သတိပြု ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြစေရန် တိုက်တွန်းလိုပါသည်။
Image from google
MSC အပင်ပေါက်ကလေးမသေစေရန်အတွက် ရေလောင်းပေးခြင်းနှင့်တူသော SP(Steem Power) များကိုစုစေချင်ပါသည်။ ပေါင်းမြက်နှင့်တူသော အမှိုက်များဖြစ်ကြကုန်သော အဖျက်များအားလည်းကောင်း၊ အားမထုတ် ရေသာခို အချောင်လိုက်နေကြပါသော အကောင့်တုများသာမက အကောင့်စစ်များအားလည်း ကူညီဖယ်ရှားပေးရန်လိုအပ် ပါသည်။ လိုအပ်သောဆေးကျွေးခြင်းနှင့်တူသော အခြားသူများ၏အကူအညီအား ရယူထားချိန်တွင် MSC သစ်ပင်ပေါက်ကလေးအား အလျင်အမြန်ကြီးထွားကြစေရန် ၀ိုင်းဝန်းကြစေလိုကြောင်း တိုက်တွန်းလိုက်ရပေသည်။ MSC သစ်ပင်ပေါက်လေး လျင်မြန်စွာဖွံ့ဖြိုးကြီးထွားလာစေရန်အတွက် လူတစ်ဦးချင်းစီ၏ အရည်အသွေးပြည့်ဝ နေကြစေရန်နှင့် မိမိတို့၏ ကိုယ်ပိုင် Steem Power များ တိုးပွားလာကြစေရန် အဓိက အားထုတ်သင့်လှပေသည်။ အပင်ပေါက်လေးအားရေနွေးဖြင့်လောင်းသတ်ပြစ်ခြင်းနှင့်တူသော၊ အဆိပ်ကျွေးသည်နှင့်တူသော လုပ်ရပ်များအား မလုပ်မိကြစေရန်လည်း သတိပေးခြင်းပြုလိုပါသည်။ ရေနွေးလောင်းသတ်ခြင်း၊ အဆိပ်ကျွေးခြင်းဆိုသည်များကို နားလည်ကြမည်ထင်ပါသည်။ ကျွန်တော်ယခင်က ရေးသားခဲ့ဖူးသော နေ့စဉ် ရွှေဥ တစ်လုံးကျ ဥပေးနေသော ငန်းအား ရွှေဥများအား အမြန်ရလိုသောကြောင့် ရွှေဥပေးနေသော ငန်းအား ရင်ခွင်ကာ ရွှေဥရှာရန် သတ်မိသောသူကဲ့သို့မဖြစ်စေရန်လိုပါသည်။ ရွှေဥက တကယ်ဥပေးနေပြီဖြစ်ကြောင်းလည်း လူတိုင်းနားလည် ကြပြီးဖြစ်ပါသည်။ ထိုရွှေဥကို လိုချင်သောကြောင့် အလုအယက် MSC သို့ဝင်ရောက်လာသူများလည်း ရှိနေကြောင်း လူတိုင်းသတိပြုမိကြမည်ထင်ပါသည်။ ကြီးထွားရန်အတွက်အရေးကြီးသကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း လိုအပ်ပါသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းမပြုလုပ်မိပါကလည်း လျင်မြန်စွာ ပျက်စီးသွားမည်ဖြစ်ပါသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းကြောင့် တစ်ချိန်ချိန်တွင် သေချာပေါက် MSC ဥယျာဉ်ကြီး သာယာဖွံ့ဖြိုးလာချိန်ရောက်လာမည်ဖြစ်ပေသည်။ ထိုအချိန်တွင် ကိုယ်စီ ကိုယ်စီမှာ Steem Power လေးများ မြင့်တက်သွားကြမည်ဖြစ်သကဲ့သို့ MSC ဆိုသော ဥယျာဉ်ကြီးထဲတွင် SBD များ၊ Steem များကို ပျော်ရွှင်စွာ အလွယ်တကူ စားသုံးနိုင်မည် ဖြစ်ပါသည်။ ထိုအချိန်တွင် မိမိတို့၏ Steem Power သစ်ပင်လေးများသည် သေးငယ်နေကြမည်ဆိုပါက အခြားသူများ စားသုံးနေကြသည်ကိုသာ ငေးကြည့်နေကြရမည်ဖြစ်ပါသည်။
Image from google
ကြီးထွားသန်မာသော အပင်မှသာ ချိုမြိန်သော အသီးအနှံကို စားသုံးကြရမည် ဖြစ်ရာ အပင်သန်စွမ်းရန်လိုအပ်ပါသည်။ မအောင်မမြင် ကြုံလှီသော သစ်ပင်မဖြစ်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ကြုံလှီသောသစ်ပင်သည် ချိုမြိန်သော သစ်သီးတို့အား ပေးစွမ်းနိုင်မည်မဟုတ်ပါချေ။ နေ့စဉ် ရွှေဥ ဥပေးနေသော ငန်းအား ရင်ခွဲ မသတ်မိကြစေရန် သို့တည်းမဟုတ် သစ်ပင်လေးအား အဆိပ်ကျွေးမသတ်မိစေရန်အထူး သတိပြုဆင်ခြင်ကြစေချင်ပါသည်။ထို့ကြောင့် အပျက်အစီးဖြစ်စေတတ်သော လုပ်ရပ်များအားလည်း ၀ိုင်းဝန်းတားဆီးကြပါလို့ တိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
30-Jan-2018 အင်္ဂါနေ့(Tuesday)