ထပ်မံ ထပ်မံ၍
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
အားလုံးကို မေးခွန်းလေးတစ်ခုလောက်တော့ မေးကြည့်ချင်တယ်။ ကျွန်တော်တို့ဘာလို့များ Steemit Platform တွင် စာတွေရေးနေကြတာလဲ? ဘာအတွက်ကြောင့် စာတွေရေးနေကြတာလဲ? ဘာလုပ်ဖို့ လူဖြစ်လာတာလဲဆိုတဲ့ မေးခွန်းလိုပဲ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့ တစ်ယောက် မတူ ကွဲပြားသောအဖြေများထွက်လာမယ် လို့ထင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးက ရည်ရွယ်ချက် မတူညီနိုင်တာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။ ရည်ရွယ်ချက်တွေ မတူညီတဲ့အခါ လုပ်ကိုင်ဆောင်ရွက်မှုတွေလည်း ကွဲပြားသွားကြတယ်။ ရည်ရွယ်ချက်တူ နေသူအချင်းချင်းတောင် သဘောထားကွဲလွဲမှုတွေ ရှိနေနိုင်ပါသေးတယ်။ ရည်ရွယ်ချက်မတူရင် လုပ်ကိုင်ဆောင်ရွက်မှုက ပိုပြီး ကွဲပြားခြားနားသွားကြလိမ့်မယ်လို့လည်း ထင်ပါတယ်။ Steemit Platform မှာ စာရေးကြတဲ့အခါ ငွေကြေးရလိုမှုအတွက်ရေးသူတွေ၊ ၀ါသနာပါလို့ရေးနေတဲ့သူတွေ၊ စာရေးပြီး ကိုယ့်စာလေးတွေကို အများသူငါ ဖတ်ရှုဝေဖန်တာကို သဘောကျနှစ်ခြိုက်လို့ရေးနေသူတွေ၊ ငွေကြေးလည်းရ စာရေးရတာလည်း ၀ါသနာပါသူတွေ စသည် စသည် အမျိုးမျိုးကွဲပြားနေနိုင်ပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက် ရည်မှန်းချက်တွေ တူညီနေမယ်ဆိုရင်တော့ ပြဿနာသိပ်မရှိနိုင်ပေမယ့် မတူညီကြတော့ဘူးဆိုရင် ပြဿနာလေးတွေ ပြဿနာကြီးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအထဲမှာ ငွေကြေးရလိုမှုတစ်ခုတည်းအတွက် မဖြစ်မနေ စာရေးနေကြတဲ့သူတွေက အခြားသောသူများနဲ့ ပိုပြီး ပြဿနာဖြစ်စေနိုင်မယ်လို့ထင်ပါတယ်။ ငွေရဖို့ တစ်ခုတည်းသာ ကြည့်တဲ့အတွက် အခြားအရာတွေကို ထည့်တွက်ကြလိမ့်မယ်မဟုတ်ပါဘူး။ ဒီတော့လည်း စည်းကမ်းတွေ နည်းလမ်းတွေလာလာမပြောနဲ့ ငွေရဖို့အဓိကပဲဆိုတဲ့ခံယူချက်က အခြားသောခံယူချက် သမားများနဲ့တော့ အဆင်မပြေဖို့များပါတယ်။
ရွေမြန်မာများကိုလည်း စည်းလုံးကြပါ။ စည်းလုံးကြပါ ပြောနေကြတာလည်း ရှေးပဝေသဏီခေတ်ကာလ ကျွန်တော်တို့မမွေးခင်ကတည်းကပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ စည်းလုံးတာ ညီညွတ်တာ သိပ်မတွေ့ရ သေးပါ။ သူမှန်တယ် ငါမှန်တယ်။ ငါထိရင်မခံဘူး။ သူ့ထိရင်မခံဘူးဆိုတာတွေနဲ့ပဲ ခရီးဆက်နေကြတုံးပါပဲ။ ယနေ့မျက်မှောက်ကမ္ဘာကိုကြည့်ရင် အယူအဆတွေအမျိုးမျိုးနဲ့ ကိုယ်လိုရာကိုယ်ဆွဲတွေး၊ ကိုယ်လိုရာကိုယ်ဆွဲ ပြောပြီး ငါ့စကားနွားရပြောနေကြရာက စစ်ပွဲတွေအမျိုးမျိုးဖြစ်နေကြတာမြင်နိုင်ပါတယ်။ စစ်ပွဲဆိုတာ ငြိမ်းချမ်းရေးဆိုတာတဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။ စစ်ဖြစ်ရင် ငြိမ်းချမ်းရေးမရှိနိုင်ပါဘူး။ ဒီလိုပါပဲ ကျွန်တော်တို့ရွှေမြန်မာတစ်တွေ Steemit မှတစ်ဦးနဲ့တစ်ဦး အပြန်အလှန်တွေ စွပ်စွဲ သံသယတွေ စကားတွေနဲ့ တိုက်ခိုက်နေကြမယ်ဆိုရင် အောင်မြင်နိုင်ဖို့သိပ်မလွယ်ပါဘူး။ အောင်မြင်မယ်ဆိုလည်း တစ်ခဏတာပဲဖြစ်ပါ လိမ့်မယ်။ လောကကြီးမှာကလည်း ပြဿနာတစ်ခုကို ဖြေရှင်းရင် နောက်ပြဿနာတစ်ခုက ဘေးထွက်ဆိုးကျိုး အဖြစ်ပေါ်ပေါ်လာတာတတ်တယ်။ လယ်သမားတွေအတွက် စပါးသီးနှံတွေကို ဖျက်ဆီးနေတတ်တဲ့ ကြွက်တွေ ကိုနှိမ်နင်းချင်တာနဲ့ လယ်ယာမြေတွေထဲကို မြွေဆိုတဲ့သတ္တ၀ါတွေလွှတ်ပေးသင့်ပါ့မလား။ ဒါပေမယ့် ကြွက်ဆို တဲ့အကောင်တွေကိုကော မနှိမ်နင်းပဲနဲ့ ကိုယ့်အသီးအနှံတွေကို အပျက်စီးခံနေကြရမှာလား။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ နောက်ထပ်ဘေးထွက်ဆိုးကျိုးနည်းနိုင်သမျှ နည်းအောင်တော့ စဉ်းစားအဖြေရှာကြရမှာပါ။ တောထဲကိုဝင်မိလို့ ယုန်လိုသတ္တ၀ါလေးတွေ၊ ချေငယ်လိုသတ္တ၀ါလေးတွေ၊ လှပတဲ့လိပ်ပြာလေးတွေကိုတွေ့ရင် မေတ္တာထားရတာလွယ်မှာဖြစ်ပေမယ့် အသက်အန္တရာယ်ပြုနိုင်တဲ့ ၀က်ဝံကြီးတွေ၊ ကျားသစ်တွေ၊ ကျားတွေ၊ ခြင်္သေ့တွေနဲ့ တွေ့ခဲ့မယ်ဆိုရင်တော့ မေတ္တာထားဖို့မလွယ်နိုင်ပါဘူး။ သူတော်စင်တွေ၊ သူတော်ကောင်းတွေမှ မဟုတ်တာပဲ။ အခုလိုအခြေအနေနဲ့များကြုံခဲ့ရင် သူတော်စင် သူတော်ကောင်းတွေတောင် မလွယ်လောက်ဘူး။ ဒီလိုအသက်အန္တရာယ်ပေးနိုင်တဲ့ သတ္တ၀ါကြီးတွေနဲ့ တွေ့ခဲ့မယ်ဆိုရင် ဘာလုပ်ကြမလဲ။ တုတ်ဆွဲ၊ ဓားဆွဲ၊ သေနတ်ဆွဲပြီး ကိုယ့်အသက်အတွက် ကာကွယ်ကြမယ်၊ တိုက်ခိုက်ကြမယ်မဟုတ်လား။ ဒါမှမဟုတ် ထွက်ပြေးကြရမယ်၊ ရှောင်တိမ်းနိုင်ကြရမယ်။ အဲဒီလိုမှ မလုပ်ရင်လည်း အသေခံရုံပဲရှိမှာပါပဲ။
ကျွန်တော်တို့ Steemit မှာ စာတွေရေးနေတဲ့အခါ Myanmar ဆိုတဲ့ tag လေးရရှိနိုင်ဖို့ ကြိုးစားနေကြတယ်။ မြန်မာကို အသိအမှတ်ပြုလာနိုင်အောင် ကျွန်တော်တို့တစ်တွေ တတ်နိုင်သလောက်ကြိုးစားနေကြတယ်။ မြန်မာဆိုတဲ့ နာမည်မပျက်စီးအောင် ထိန်းသိမ်းနေကြတယ်။ ဒါက Steemit မှ ထိန်းသိမ်းရမှာမဟုတ်ပါဘူး။ အနုပညာ၊ ယဉ်ကျေးမှု စသည့် ကဏ္ဍတွေမှာလည်း ထိန်းသိမ်းဆောင်ရွက်မှ မြန်မာကို အလေးထားကြမှာပါ။ MSC မှာလည်း ထိန်းသိမ်းကြပါ၊ စည်းလုံးကြပါ၊ ညီညီညွတ်ညွတ်နဲ့ ဖေးမကူညီဆောင်ရွက်ပြီး ခရီးဆက်ကြပါ။ အော်လည်း အော်တဲ့သူပဲ မောမယ်။ ခဏပဲရမယ်။ ရေရှည်တော့ မရတာ မြင်နေရပါတယ်။ Gathering မှာတုံးကလည်း Leader ကလည်းပြောခဲ့ပါတယ်။ MSC စည်းလုံးမှုမရှိဘူးတဲ့။ တကယ်တော့ MSC မှ မဟုတ်ပါဘူး။ အဖွဲ့အစည်းအများစုက စည်းလုံးမှုမရှိပါဘူး။ အနစ်နာခံလိုမှုလည်း နည်းပါးကြပါတယ်။ လက်တွေ့လုပ်ကိုင်နေသူတွေကို ဘေးထိုင် ဘုပြော ကန့်လန့်တိုက်နေသူတွေသာများနေလို့ ကျွန်တော်တို့ ရွှေမြန်မာများ ခုချိန်မှာ သူများနောက်ကျန်ရစ်နေခဲ့တာပါ။ ရှေးရှေးတုံးက မြန်မာတွေဘယ်လောက်ပဲ တန်ခိုးထွားခဲ့ ထွားခဲ့ ခုချိန်မှာတော့ ဘယ်နိုင်ငံကမှအရေးမထားသလောက်ပါပဲ။ လုယူချင်တာတွေတော့ရှိမှာပါ။ မြန်မာက သယံဇာတ ခုချိန်ထိ ကျန်နေဆဲပဲကိုး။ MSC လည်း Steemit Platform ဆိုတဲ့ Coin တောကြီးထဲကို တိုးဝင်နေရာမှာ လိပ်ပြာလေးတွေ၊ ယုန်လေးတွေ၊ ချေငယ်လေးတွေ၊ သမင်လေးတွေကို မေတ္တာထားနိုင်ကြ ပေမယ့် အန္တရာယ်ကိုဖြစ်စေမယ့် ၀က်ဝံလိုသတ္တ၀ါတွေ၊ ကျားသစ်လိုသတ္တ၀ါတွေ၊ ကျားလိုသတ္တ၀ါတွေ၊ ခြင်္သေ့လိုသတ္တ၀ါတွေကိုတော့ မေတ္တားထားနိုင်ဖို့ မလွယ်ကူပါဘူး။ ထပ်ပြီးတော့ အော်ရပါဦးမယ်။ စည်းလုံးညီညွတ်ခြင်း၊ ဖေးမကူညီခြင်းတို့နဲ့ Steemit Platform ဆိုတဲ့ Coin တောကြီးကို ဆက်လက်တိုးဝင်ကြ ပါစို့။ ရွှေမြန်မာများ စည်းလုံး ညီညွတ် ဖေးမ ကူညီကြပါစို့။ ထပ်မံ ထပ်မံ ထပ်မံ တိုက်တွန်း ရင်းဖြင့်သာ။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
20-Aug-2018 တနင်္လာနေ့(Monday)