ထရန်စဖော်မာကြီး ကျန်းမာပါစေ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
တစ်ခုသော ညနေခင်းမှာ ကွန်ပျူတာရှေ့ထိုင်ကာ တောင်လုပ် မြောက်လုပ် လျှောက်လုပ်နေရာ နာရီမကြည့်မိ။ ဒီတော့ ညနေစာထမင်းစားချိန်နောက်ကျသွားသည်။ နာရီကြည့်လိုက်တော့ (၈) နာရီထိုးနေပြီ။ မဖြစ်ချေဘူး။ တက်သုတ်ရိုက်ထမင်းစားဖို့ ထမင်းခူး၊ ဟင်းခွက်တောင်မယူတော့။ စားချင်တဲ့ဟင်း ပန်းကန်ထဲပုံထည့် အလျင်အမြန်ထမင်းစားဖို့ပြင်လိုက်သည်။ အဲဗျ မီးပျက်သွားပြီ။ တော်သေးတာက တစ်ယောက်တည်း ကိုယ့်ထမင်းပန်းကန်ကိုင်စားနေလို့ ဟင်းလုစားမယ့်သူမရှိတာ။ မှောင်မဲသွားလေတော့ မီးထွန်းဖို့ ဓာတ်မီးထရှာရသည်။ ရုတ်တရက်မှောင်မဲသွားခြင်းဖြစ်ရာ မျက်စိကလည်း ဘာမှမမြင်ရ။ မဲမဲနှင့်မှောင်မှောင်။ ထိုင်ရာကထ ဓာတ်မီးရှာရသည်။
“ဒုန်း ဂွမ်း ဒုန်း ဒုန်း”
“အောင်မလေး နာလိုက်တာ”
အိမ်မှာက တစ်ယောက်တည်းရှိနေချိန်မို့တော်သေးတာပေါ့။
အောက်တွင်ချထားသော သံခုံအပုလေးကို ခြေထောက်နှင့်တိုက်မီကာ ဟန်ချက်ပျက်ပြီး ထိုင်ခုံပေါ်ချထား သည့် ထမင်းပန်းကန် အောက်သို့သွန်ချလိုက်သလိုဖြစ်လေပြီ။ ခြေမ အတော်နာသွားသဖြင့် အော်လိုက်မိသေးသည်။ အမှောင်ထဲ ဓာတ်မီးလိုက်စမ်းတော့ ဓာတ်မီးမတွေ့ပဲ ဘာမဆိုင်ညာမဆိုင် လျက်ဆားပုလင်းလက်ထဲပါလာသည်။
ပါးစပ်ကလည်း မီးပျက်ရကောင်းမလားဆိုပီး ဟို ဌာနကလူတွေကို ကျိန်ဆဲမိလိုက်သေးသည်။ ကျိန်ဆဲပြီး နောက်မှ သတိဝင်လာသည်။ ဒါကလဲ အစိုးမရတဲ့ အနတ္တသဘောတွေပဲလေ။ မီးလည်း ပျက်ရှာပေမပေါ့။ တရားသဘောလေးနဲ့ဆင်ခြင်လိုက်မိသည်။ ဒါပေမယ့်လည်း နေ့ခင်း နေ့လည် မီးပျက်တာပြဿနာမဟုတ်ပေမယ့် ညတကယ့်အချိန်ကောင်းကျမှ မီးပျက်တာတော့ ဒုက္ခ ရောက်ကြရတတ်သည်။ တချို့အိမ်များ ထမင်းတောင်မချက်ရသေး။ ပေါင်းအိုး ပျက်မယ့်ပျက်လည်း ညလူတွေအိပ်မယ့်အချိန်လောက်မှ ပျက်ရင်တော်သေး။ အင်းဒါလည်းမဖြစ်ချေဘူးထင်တယ်။ ဒါလောက်ရာသီဥတုပူနေတော့ အဲယားကွန်းဖွင့်အိပ်ကြတဲ့သူတွေ ပန်ကာဖွင့်အိပ်တတ်တဲ့သူတွေ မီးမလာတော့ မအိပ်နိုင်ဖြစ်ကြရမယ်။ အင်း မီးမပျက်ရင်အကောင်းဆုံးပေါ့လေ။
တစ်ခါက သူငယ်ချင်းအိမ်ညပိုင်း လက်ဖက်ရည်သောက်ဖို့သွားခေါ်မိပါသည်။ ထမင်းစားနေတာနဲ့ကြုံလို့ ခဏထိုင်စောင့်နေရသည်။ သူငယ်ချင်းမိသားစုထမင်းဝိုင်းမှာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စားသောက်နေကြသည်။ ထိုစဉ် ရုတ်တရက်ချက်ချင်းဆိုသလိုပင် မီးပျက်သွားလေရာ သူငယ်ချင်းတို့မိသားစုထမင်းဝိုင်း တခဏအတွင်းမှာ ဆူညံသွားလေသည်။
“ဟေ့ ဘယ်သူလဲကွ ငါ့ထမင်းပန်းကန်ထဲက ဟင်းတုံးနှိုက်တာ”
“အဖေရေ သားဟင်းတွေ ကိုကြီးလာ နှိုက်နေတယ်”
မကြာခင်အချိန်အတွင်းမှာ မီးပြန်လာလို့တော်ပါသေးသည်။ အလင်းရောင်ရရန်အတွက် မိသားစု တစ်စုလုံးမည်သူမှ ထမင်းဝိုင်းမှ မထနိုင်ကြပေ။ မီးပြန်လာသည်အထိ အမှောင်ထဲတွင် ကိုယ့်ထမင်း ပန်းကန်ကို လက်နှင့်အုပ်ကာ ထိုင်နေကြလေသည်။ မီးမြန်မြန်ပြန်လာလို့တော်သေးတာပေါ့။
တစ်ညက လေရော မိုးလေးတစ်ပေါက်နှစ်ပေါက်ပါကျလာသည်။ ရုတ်တရက် မီးပျက်သွားလေတော့သည်။ လေထိမခံပါချေ။ မိုးပေါက်လေးတွေ အမှန်မခံပေ။ ဆယ့်ငါးမိနစ်လောက်ရှိတော့ မီးကဖျတ်ကနဲ တချက် ပြန်လာပြီး ပြန်ပျက်သွားသည်။ အိမ်ကလေးတွေမအိပ်နိုင်သေးပဲနဲ့ ကိုရီးယားဇာတ်ကားကြည့်ရန် မီးပြန်အလာကို မျှောနေကြသည်။ ညကိုးနာရီကျော်လေပြီ။ ကိုရွှေမီးကတော့ ပြန်မလာသေး။
“လေလည်း မတိုက်တော့ပါဘူး မိုးလည်း မကျပါဘူး ဘာလို့မီးကမလာတာတုံး”
“FB ပေါ်တက်ကြည့်လိုက်ဟာ ဘာဖြစ်တာလဲလို့ သိရအောင်”
“ဟ ဘယ်မှာကြည့်ရမှာလဲ”
ကလေးတွေ ကိုရီးယားဇာတ်လမ်း မကြည့်ရမှာစိုးသဖြင့် တစ်ယောက်တစ်ပေါက်အော်ဟစ်နေကြ လေသည်။ ဖုန်းကလေးများလည်း ကိုယ်စီပွတ်နေရင်းဖြင့် မီးပြန်အလာကို စောင့်မျှော်နေကြလေ သည်။ တစ်ယောက်က FB တွင် မီးပျက်သည့်အကြောင်းရင်းသိရန် ၀င်ရောက်မွှေနှောက်ရှာဖွေနေ လေသည်။ မီးပျက်သည့်အချိန်ကြာလာတော့ မီးအိမ်ကလည်း အားကျလာကာ မီးမှိန်မှိန်သာကျန်နေတော့သည်။
“ဟာ သွားပါပြီ”
“အမ် ဘာသွားတာတုံးဟ”
“ထရန်စဖော်မာကြီးလောင်သွားလို့ မီးက နောက် သုံးရက်နေမှ လာတော့မယ်တဲ့”
“အမ်”
"ထရန်စဖော်မာ ပျက်သွားတယ်ပဲ လုပ်ပါအေ မီးလောင်တာတော့မဖြစ်နိုင်ပါဘူး"
"အော် အေး အေး ပျက်သွားတာ ပျက်သွားတာ"
ကလေးအားလုံး စိတ်ဓာတ်ကျကာ အိပ်ယာအသီးသီးသို့ ၀င်ရောက်သွားကြလေသည်။ ထရန်စဖော်မာကြီးရဲ့ ကျန်းမာရေးဖောက်လေတော့ မီးမလာနိုင်တော့ဘူးပေါ့။ မီးကပျက်တော့ နောက်ရက်မှစပြီး ရေလည်းမလာတော့ပေ။ ဧရာဝတီမြစ်သို့ဆင်းကာ ရေချိုးလွှတ်ရန်လည်း မဖြစ်ပေ။ ရေကို ဘယ်က ရနိုင်မလဲ။ ရေ၀ယ်ယူရေးအတွက် စိမံချက်ရေးဆွဲရလေပြီ။ ရေရရှိရေး အတွက် ကြိုးပမ်းရလေတော့သည်။ လက်တွန်းလှည်းဖြင့် ရေရောင်းသောသူကို ရေတစ်စည်ပို့ပေးရန် မှာရလေသည်။ ရေတစ်စည်စာ ၃၀၀၀ တဲ့လေ။ မချောင်ပါလေ။ ရေတစ်စည်ကို မှာရသည်ပင် တစ်နေကုန်နီးပါးကြာလေသည်။ ဆိုက်တွဲခေါ် သုံးဘီးများဖြင့် ကိုယ်တိုင်မြစ်ဆိပ်ဆင်းကာ ရေသယ်သူများသယ်နေကြလေသည်။ ကိုယ်ပိုင်ကားရှိသူများကလည်း ရှိသည့်ကားလေးများဖြင့် ပုံးကလေးများတင်ကာ မြစ်ဆိပ်ရေချိုးဆင်းရင်း ရေများသယ်ယူနေကြရပေသည်။ ညညလည်း ပူလွန်းသဖြင့် ယပ်တောင်လေးများတဖျတ်ဖျတ်ခပ်ကာ မအိပ်နိုင်ဘူးအော်နေကြရလေတော့သည်။ ကျေးဇူးရှင် ကိုရွှေမီးမြန်မြန်ပြင်ပြီးပါမှ အဆင်ပြေနိုင်ပေမည်။ ဒီတော့ဘာမှမတတ်နိုင်ပါ။ မေတ္တာသာ နာနာဖိပို့ပေးနေကြရတော့သည်။
“ကျေးဇူးရှင် ဟိုဌာနက ၀န်ထမ်းတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေ ထရန်စဖော်မာကြီးလည်း နေမြန်မြန်ကောင်းပါစေ”
ကံကောင်းထောက်မစွာဖြင့် သုံးရက်ပျက်မည်ဆိုသောမီးသည် တစ်ရက်ခွဲအကြာပြန်ရခဲ့လေသည်။ မေတ္တာပို့ရကျိုးနပ်ပေသည်။
အဲ ပြောရင်းဆိုရင်း လေတွေတိုက်လာပြီ။
“အမ် ပျက်ပဟ”
Post လေးတောင်ပြီးအောင်မရေးလိုက်ရ။ နောက်တစ်ခါတပ်ပြီး ထရန်စဖော်မာကြီး ကျန်းမာရေးဖောက်နေမှဖြင့် ရေ မီး ဒုက္ခ ထပ်ခံရနေရဦးမည်။
“ထရန်စဖော်မာကြီး ဘေးမသီရန်မခပါစေနှင့် လေဘေးအန္တရာယ် မိုးဘေးအန္တရာယ်ကနေ လွတ်ကင်းပါစေ”
“ထရန်စဖော်မာကြီး ကျန်းမာပါစေ”
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
10-May-2018 ကြာသပတေးနေ့(Thursday)