သင်္ကြန်ဘယ်ကစ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


သင်္ကြန်အကြောင်းကို Steemit Platform တွင် ဗဟုသုတဖြစ်စေချင်သော ဆန္ဒနှင့် မှတ်သားမိသမျှ ပြန်လည်ရေးသားပါသည်။ အခြားသော Social Media များတွင် အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုရေးသားထားချက်များ ရှိသော်လည်း Steemit Platform တွင် သေချာစွာ ရေးသားချက်များ မတွေ့သေးသောကြောင့်လည်း ရေးသားလိုခြင်း ဖြစ်ပါသည်။ ဗဟုသုတတစ်ခုအနေဖြင့်သာ မှတ်သားကြပါရန်နှင့် မှန်သည် မှားသည်ကိုော့ သေချာစွာ မသိပါကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။ သင်္ကြန်ဆိုသည်မှာ ကျွန်တော်တို့မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများတွင် နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်သည်ကို ကြိုဆိုခြင်းဖြစ်ကြောင်း မနေ့ကထည့်သွင်း ရေးသားခဲ့ပါသည်။ သင်္ကြန်ဆိုတာမြန်မာပိုင်မဟုတ်သည်ကိုလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှု စစ်စစ် မဟုတ်သည်ကိုလည်းကောင်း သိစေလိုသောဆန္ဒနှင့် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုစစ်စစ်တစ်ခုမဟုတ်သော်လည်း ကောင်းသော အလေ့အကျင့်များအား အတုယူနိုင်ရန်နှင့်မကောင်းသောအလေ့အကျင့်များအား တတ်နိုင်သမျှနည်းပါးသွားစေလို သောဆန္ဒလည်း ဖြစ်ခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း မြန်မာနိုင်ငံနှင့် မကွာလှသောအချိန်တွင် သင်္ကြန်ပွဲတော်ကျင်းပလေ့ရှိကြောင်း သိရပါသည်။ သင်္ကြန်ပွဲတော် ကျင်းပခြင်းသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြသော်လည်း နှစ်ဟောင်းမှအညစ်အကြေး တို့အားချန်ထားခဲ့ကြပြီး နှစ်သစ်အား ကြိုဆိုခြင်းသည် အတူတူပင်ဖြစ်ကြောင်းလည်း သိရှိရ ပါသည်။ သင်္ကြန်၏အဓိပ္ပါယ်ကိုလည်း အကျဉ်းချုံးဖော်ပြရန် မလွယ်ကူကြောင်းကိုလည်း ရေးသားကြပါသည်။


02.png

Image from google


အချို့သောစာများတွင် သင်္ကြန်ပွဲတော်ကျရောက်ခြင်းသည် ရာသီစက်ဝန်းတစ်ပတ်လည်ခြင်း တနည်းအားဖြင့်ဆိုသော် တစ်နှစ်ပတ်လည်ခြင်းကို အကြောင်းပြုကြောင်း ဖတ်မှတ်ရပါသည်။ ရာသီတစ်ခုမှ ရာသီတစ်ခုသို့ ကူးပြောင်းခြင်းကို သင်္ကြန်ကျခြင်းဟု ခေါ်ဆိုခဲ့ကြပါသည်။ ထိုအကြောင်းအရာတို့သည် နက္ခတ်တာရာများနှင့်သက်ဆိုင်သော အယူအဆဖြစ်မည်ထင်ပါ သည်။ သင်္ကြန်တွင် တာဝတိံသာနတ်ပြည်တွင် နေထိုင်သော သိကြားမင်းသည် ကျွန်တော်တို့ နေထိုင်ရာ လူ့ပြည်သို့ ဆင်းလာတတ်သည်ဟု ဆိုကြပါသည်။ ထိုသို့ သိကြားမင်းက ကျွန်တော်တို့လူ့ပြည်သို့ ဆင်းသက်သောအချိန်ကို သင်္ကြန်ကျသောအချိန် သင်္ကြန်ကျချိန်ဟု ခေါ်ဆိုကြပါသည်။ ထို့အတူပင် လူ့ပြည်သို့ သိကြားမင်းမဆင်းမီ တစ်ရက်အလိုတွင် လူ့ပြည်မှ လူအများက သိကြားမင်းကို ကြိုဆိုတတ်ကြပါသည်။ ထိုနေ့ကို သင်္ကြန်အကြိုနေ့ဟု ခေါ်ဆို ကြပါသည်။ ယခုနှစ်သင်္ကြန်ပြီးဆုံးမည့် သင်္ကြန်အတက်ရက်မှ စတင်ရေတွက်လျှင် ၃၆၄ ရက် မြောက်သည် နောက်နှစ်သင်္ကြန်ရက်ဖြစ်ကြောင်း အကြမ်းအားဖြင့် တွက်ယူနိုင်ကြပေသည်။ ထိုအရာများ မှန်သည် မမှန်သည်ကိုတော့ ကျွန်တော့်အနေဖြင့် ဥာဏ်မမှီပါ။ ဥာဏ်မှီသူများ သုံးသပ်ဝေဖန်နိုင်ကြပါသည်။ သင်္ကြန်ကျခြင်းနှင့်ပတ်သက်သော ပုံပြင် သို့မဟုတ် ဒဏ္ဍာရီ ကိုလည်း အောက်တွင် ဖော်ပြပေးလိုက်ပါသည်။


05.png

Image from google


လွန်လေပြီးသော နှစ်ပေါင်းများစွာက သိကြားမင်း နှင့် ဗြဟ္မာမင်းတို့သည် စကားစမြည်ပြောဆို နေကြရာမှ သိကြားမင်းက ကဿပဘုရားရှင်လက်ထက်မတိုင်မီက လူ့ပြည်တွင် ရက်သတ္တ တစ်ပတ်လျှင် (၈)ရက်ရှိခဲ့ကြောင်း ယခုအခါတွင် တစ်ပတ်လျှင် (၇)ရက်သာ ရှိတော့ကြောင်း ပြောဆိုသည်ဟု ဆိုပါသည်။ ထိုအခါ ဗြဟ္မာမင်းက ထိုသို့မဖြစ်နိုင်ကြောင်း ငြင်းဆိုလေသည်။ ထိုသို့ငြင်းခုံကြရာမှ ရှုံးတဲ့သူခေါင်းဖြတ်ခံရမည်ဟု ကတိစကားပြုခဲ့ကြလေသည်။(သိကြားမင်း၊ ဗြဟ္မာမင်းတို့လည်း လောင်းကစားကိုနှစ်ခြိုက်ပုံရသည်) ထိုသို့ ကတိစကားထားပြီးနောက် သိကြားမင်း နှင့် ဗြဟ္မာမင်းတို့သည် လူ့ပြည်သို့ဆင်းလာကာ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူသော အဘိဥာဏ်ရသော ရသေ့တစ်ပါးထံတွင် အဆုံးဖြတ်ခံကြ ပါသည်။ ရသေ့က ယခုအခါ လူ့ပြည်တွင် တနင်္ဂနွေမှအစပြုကာ စနေအဆုံးရှိသော ရက်သတ္တ တစ်ပတ်လျှင် (၇)ရက်သာရှိတော့ကြောင်း အဆုံးအဖြတ်ပြုပေးခဲ့ပါသည်။(ဒါလည်းစဉ်းစားစရာ အချက်တစ်ခုဖြစ်ပါသည်။ တစ်ဦးတစ်ယောက် ခေါင်းပြတ်သေပွဲဝင်မည့်ကိစ္စတွင် အဘိဥာဏ်ရ နေသော ရသေ့မှ အဆုံးအဖြတ်ပြုပေးသည်မှာ စဉ်းစားစရာပင်ဖြစ်နေပါသည်) ထိုအခါ ကတိစကားပြုခဲ့သည့်အတိုင်း ဗြဟ္မာမင်းက သူ့ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့်ပြတ်စေခဲ့ကာ သိကြားမင်း၏ လက်သို့ပေးအပ်ခဲ့သည်။ ထိုဗြဟ္မာမင်း၏ ဦးခေါင်းပြတ်ကြီးသည် မြေကြီးပေါ်သို့ ချထားခဲ့လျှင် (၇)နှစ် ကမ္ဘာကြီးမီးလောင်ပြီး မိုးခေါင်လိမ့်မည်။ ရေထဲတွင်ချထားပါကလည်း သမုဒ္ဒရာခုနှစ်စင်းမှ ရေများခမ်းခြောက်လိမ့်မည်ဟု သိကြားမင်းက စဉ်းစားသိသည်ဟု ဆိုပါသည်။ ထိုအခါ မြေတွင်လည်း ထားမရ။ ရေတွင်လည်းချမရဖြစ်နေပါသည်။ သိကြားမင်းသည်နောက်ဆုံးတွင် တန်ခိုးကြီးသော နတ်သမီး (၇)ယောက်အား ရွေးချယ်ပြီး နတ်သမီးတစ်ယောက်လျှင် ဗြဟ္မာမင်းဦးခေါင်းကို တစ်နှစ်လျှင် တစ်ယောက်ကျ ကိုင်ဆောင် ထားကြရန် တာဝန်ပေးလေသည်။ နတ်သမီးတစ်ဦးမှ နောက်နတ်သမီးတစ်ဦးသို့ ဗြဟ္မာမင်း ဦးခေါင်းအား လွှဲပြောင်းပေးကို သင်္ကန္တ ဟု ခေါ်ဆိုခဲ့ကြပြီး ကာလရွေ့လျောကာ နှစ်ပေါင်းကြာ မြင့်လာသောအခါတွင် သင်္ကြန်ကျသည်ဟု ခေါ်ဆိုခဲ့ကြောင်း သိရှိရပါသည်။ သင်္ကြန်စာများတွင်လည်း ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံဖြင့် ရိုက်နှိပ်ဖော်ပြ တတ်သည်ကိုလည်း မြင်တွေ့နိုင်ပါသည်။


04.png

အထက်ဖော်ပြပါ ပုံပြင်သည် မှန်ကန်ခြင်းရှိသည် မရှိသည်ကိုတော့ မသိနိုင်သကဲ့သို့ မှန် မမှန် ဆုံးဖြတ်နိုင်သူများလည်း ရှိ မရှိ မသိပါ။ ဗဟုသုတအဖြစ်သာဖော်ပြပေးခြင်းဖြစ်ပါသည်။ ထိုပုံပြင်သည် ဟိန္ဒူ အယူဝါဒမှ ဆင်းသက်လာခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ စဉ်းစားကြည့်မည်ဆိုလျှင်တော့ ထိုပုံပြင်သည် ဟာကွက်များရှိနေသည်ဟု ထင်ပါသည်။ ထားလိုက်ကြပါစို့။ သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ အတာ ဆိုသောစကားလုံးသည်လည်း ရောထွေးပါနေသည်ကိုလည်း သတိပြုမိပါသည်။ အတာသင်္ကြန်ဟုလည်း ခေါ်ဆို သုံးနှုန်း နေကြသည်ကို မြင်တွေ့နိုင်ပါသည်။ အတာဆိုသောအဓိပ္ပါယ်ကို မေးမြန်းကြည့်သောအခါတွင် အတာဟူသည်မှာ ဒဏ်သင့်ခြင်း ဆိုသည့်အဓိပ္ပါယ်ရကြောင်း သိရပါသည်။ အန္တ ဆိုသော အဆုံး ဟု အဓိပ္ပါယ်လည်းရသည်ဟု ရေးသားထားခြင်းများကို ဖတ်ရှုရပါသည်။ ထိုသို့သော သဘောကြောင့် အတာ ဟူသောစကားလုံးသည် နောက်ဆုံးကာလ ဟုလည်းကောင်း၊ အကျပိုင်းကာလ ဟုလည်းကောင်း အဓိပ္ပါယ်ရကြောင်း မှတ်သားခဲ့ဘူးပါသည်။ ဆက်လက်ရေးသားလျှင် ဖတ်မည့်သူရှိတော့မည်မဟုတ်ပါ။ အဓိကအားဖြင့် သင်္ကြန် ဆိုသည်မှာ မြန်မာ့ရိုးရာ၊ မြန်မာတစ်ဦးတည်းသာကျင်းပနေသော ပွဲတော်တစ်ခု မဟုတ်ကြောင်းနှင့် တိကျရေရာသော သမိုင်းကြောင်း မသိရပါကြောင်း သို့သော်လည်း ကောင်းသော အမူအကျင့်တို့အား လက်ခံကျင့်သုံးကြ့ပီး မကောင်းသော အမူအကျင့်တို့အား လျော့နည်းပပျောက်နိုင်ပါရန်တို့ကိုသာ ရေးသားလို ခြင်းဖြစ်သောကြောင့် ယခုဆောင်းပါးအား ရပ်နားလိုက်ပါသည်။


06.png

Image from google


မှီငြမ်း - အရှင်နန္ဒ၀ံသ(ဇေယျသုခဓမ္မရိပ်သာ)ရေးသားတော်မူသော သင်္ကြန်အကြောင်း တစေ့တစောင်း။

သင်္ကြန်အကြောင်းကို wikipedia တွင်ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်အားနှိပ်ကာ ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

https://my.wikipedia.org/wiki/သင်္ကြန်


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

3-Apr-2018 အင်္ဂါနေ့(Tuesday)