သဘာဝပန်းကလေးများ(Natural Flowers)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ကျွန်တော်၏ ကွန်ပျူတာလေးခမျာ ဗိုင်းစ်ဆိုသော အနှီ အနှောင့်အယှက်ပေးတတ်သော ပရိုဂရမ်များကြောင့် မနေ့ညက post တစ်ခုတင်ရန် ရေးသားရာတွင် အလွန်ဒုက္ခပေးနေလေတော့သည်။ မအားလပ်ကြသည့်ကြားမှ post တင်ခြင်းဖြစ်သော်လည်း ဖြစ်ကတတ်ဆန်းမရေးလိုသောကြောင့် ရေးလိုသောအကြောင်းအရာအများစု ပါဝင် အောင် ဗိုင်းရပ်စ် နှင့် တိုက်ပွဲဝင်ကာ စာရေးသားမိနေသည်။ အနှီအနှောင့်အယှက်ပေးတတ်သော ဗိုင်းရပ်စ်များ ကြောင့် ကျွန်တော်ရေးသားသော စာများသည် ရှေ့သို့မရောက်နိုင်အောင် အချိန်ကြာမြင့်နေပေသည်။ ည ကိုးနာရီခန့်က စတင်ရေးသားလိုက်သော post တစ်ခုသည် အစ မှ အဆုံး သို့ ပုံများထည့်ပြီးသည့်အချိန်တွင် တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်ရာ မျက်လုံးပြူးသွားမိပါသည်။ အဘယ့်ကြောင့်ဆိုသော နံနက် ၂ နာရီ ၅၀ မိနစ်သို့ ရောက်ရှိနေသောကြောင့်ဖြစ်ပေသည်။ အလွန်အင်မတန် ဒုက္ခပေးသော အနှောင့်အယှက်ပေးတတ်သော ဗိုင်းစ်အဖျက်အမှောင့် ပရိုဂရမ်ကို တီထွင်သူအား တိုးတိတ်စွာ ဆဲဆိုနေမိတော့သည်။ အလျင်အမြန်လက်စသတ် ကာ အိပ်ယာသို့ဝင်ခဲ့ရလေသည်။ မနက် အလုပ်လုပ်ရပေအုံးမည်ကိုး။ ဒီနေ့တော့ ပင်ပန်းနေသမျှ အတိုးချနားမည် စိတ်ကူးသော်လည်း လက်တွေ့မနားနိုင်ပါ။ ဒုက္ခပေးနေတဲ့ ဗိုင်းစ်တွေကိုလိုက်သတ်နေတာ တစ်နေကုန်ရောပဲ။ ဖုန်းဘေလ်လေးတွေလည်း ကလုန် ကလုန်နဲ့ တော်တော်ပါသွားရှာတယ်ဗျာ။ စိတ်ပင်ပန်းတာက
လူပင်ပန်းတာထက်ပိုဆိုးနေတာနဲ့ ပန်းအိုးတွေနားထိုင် နေမိရာက ပန်းကလေးတွေကို ကြည့်ပြီး ပန်းကလေးများအကြောင်းကို စဉ်းစားရင်း သဘာဝပန်းကလေးများအကြောင်းကို ဗဟုသုတအဖြစ် ယခုစာအား ရေးသားလိုက်ပါသည်။
My own photo
မွေးရာပါမျက်စိမမြင်သူများမှလွဲပြီး လူသားတိုင်း သဘာဝ၏ပန်းများကို မြင်ဖူး တွေ့ဖူးကြမည်ဖြစ်ပါသည်။ ကျွန်တော်သည် ပန်းကလေးများအား ချစ်ခင်နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သဘာဝ ၏ပန်းကလေးများကို လည်း လူအများစုကနှစ်သက်တတ်၊ မြတ်နိုးတတ်ကြပေသည်။ အထူးသဖြင့် မိန်းကလေး အများစုသည် ပန်းကလေးများကို အလွန်ပင် ချစ်မြတ်နိုးတတ်ကြောင်း သိကြပေမည်။ အချစ်၏သင်္ကေတအဖြစ်ပင် မှတ်ယူထား တတ်ကြပြန်ပါသေးသည်။ သဘာဝတရား၏ အလှတရားများတွင် ပန်းကလေးများသည်လည်း တစ်ခုအပါဝင်ဖြစ်မည်ထင်ပါသည်။ ပန်းကလေးများသည် အရောင်အသွေး စုံလင်လှပစွာ ဖူးပွင့်တတ်ကြသဖြင့် လူအများစုကလည်း နှစ်သက်တတ်ကြပေသည်။ သတ္တ၀ါအများစုတို့အား ပန်းကလေးများသည် ပုံသဏ္ဍာန်အားဖြင့် တစ်မျိုး၊ အနံ့အားဖြင့် တစ်ဖုံ၊ အရောင်အသွေးဖြင့်တစ်သွယ် ဆွဲဆောင်နိုင်ကြပေသည်။ အများစုသော ပန်းတို့သည် ရနံ့မွေးကြိုင်များသာဖြစ်ကြပါသည်။ သို့သော် အချို့သော ပန်းများသည် အနံ့ဆိုးရွားတတ်သော ပန်းအချို့လည်း ရှိတတ်ကြပါသေးသည်။ လူအများစုတို့သည် ပန်းကလေးများဖြင့် မြတ်စွာဘုရားကပ်လှူ ပူဇော်ခြင်း၊ မိမိတို့မြတ်နိုးကိုးကွယ်ရာဌာနများတွင် ကပ်လှူပူဇော်ခြင်း၊ မိမိထို့အလေးထားသူများအား လက်ဆောင် ပေးခြင်းများကို ဆောင်ရွက်တတ်ကြပေသည်။ ပန်းကလေးများသည် အလေးအမြတ်ထားရာ အလိုလိုသို့ ရောက်ရှိ သွားရပေသည်။
Image from google
သဘာဝပန်းကလေးများသည် အလွန်သေးငယ်သောအဆင့်မှ ၃ ပေ ၄ ပေ အထိကြီးသော ပန်းများအထိ ဒေသ အလိုက်၊ မြေအမျိုးအစားများအလိုက် ကွဲပြားခြားနားကြပေသည်။ အလွန်သေးငယ်သည်ဆိုရာတွင် မှန်ဘီလူးဖြင့် ချဲ့ကားကြီးမှ မြင်ရသည့်အထိသေးငယ်တတ်ကြသည်ဆိုပါသည်။ ကျွန်တော်သည်လည်း ပန်းစိုက်ရန်ဝါသနာပါ သည်ဖြစ်သောကြောင့် ပန်းပင်အများစုကိုစိုက်ပျိုးခဲ့ဖူးပါသည်။ သို့သော်နောက်ပိုင်းတွင် ရေပင်မှန်အောင်လောင်း နိုင်ခြင်းမရှိတော့သည့်အတွက် ပန်းပင်များမဖြစ်ထွန်းတော့ပါ။ အခြေအနေပေးလျှင်တော့ စိုက်ပျိုးရေးလုပ်ငန်းလုပ် ငန်းလုပ်ကိုင်ပြီး အားလပ်ချိန်လေးများတွင် Steemit တွင်စာရေးခြင်းဖြင့်သာ နေလိုက်ချင်ပါသေးသည်။ ယခုလောလောဆယ်တွင် ပန်းပင်လေးများအား အချိန်မပေးနိုင်သေးပါ။ သဘာဝပန်းခင်းလေးများသည် လောက ကြီးအား အလှဆင်ပေးရာတွင် အဓိကနေရာမှ ပါဝင်ကူညီပေးနေခြင်းဖြစ်ပါသည်။ ပန်းခင်းလေးများ ကြောင့် တောတောင်သဘာဝ ရှုခင်းများပိုမိုလှပကုန်ကြသည်။ ပန်းခင်းလေးများကြောင့် အပန်းဖြေဥယာဉ်များ ပိုမို လှပကြသည်။ ပန်းခင်လေးများကြောင့်ပင် မိမိတို့၏ အိမ်ခြံဝန်းလည်း လှပတင့်တယ် လာကြရပါသည်။ ထိုသို့ အလှဆင်ပေးကြသည့်အပြင် ပန်းလေးများ၏ ရနံ့ကြောင့်လည်း စိတ်၏ အေးချမ်းမှုကို ရရှိနိုင်ကြပေသည်။ ပန်းလေးများ၏ အကျိုးပြုခြင်းပင်ဖြစ်ပေသည်။ ပန်းခင်းကလေးများကို လူသားများမဆိုထားနှင့် တိရိစ္ဆာန်များဖြစ် ကြသော ပိုးကောင်လေးများ၊ ပျား၊ ပိတုန်း၊ လိပ်ပြာကလေးများ ပျော်မြူးပျံဝဲနေကြသည်လည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ရောင်စုံဖူးပွင့်နေပြီး၊ ရနံ့မွှေးကြိုင်လျှက်ရှိသော ပန်းခင်များ၏အလယ်သို့ ရောက်ရှိနေသူတစ်ယောက် ၏ စိတ်သည် မည်သို့ခံစားနေရမည်ထင်ပါသနည်း။ ကြည်နူးမှု ပျော်ရွှင်မှုများအလိုအလျောက်ခံစားရမည်ထင်ပါ သည်။ မိမိတို့၏ ဘ၀ ဒုက္ခများ၊ အခက်အခဲများကို တဒင်္ဂခဏဖြစ်စေ မေ့လျော့သွားမည်ထင်ပါသည်။
Image from google
ပန်းအမျိုးအစားပေါင်းမည်မျှရှိသည်ကိုတော့မသိပါ။ အလွန်ထူးဆန်းသော ပန်းပင်များအကြောင်းကိုလည်း ဖတ်ဖူးမှတ်ဖူးပါသည်။ သစ်ခွပန်းဆိုလည်း အမျိုးပေါင်းထောင်ချီရှိသည်ဖြစ်ကြောင်းသိရှိမှတ်သားခဲ့ဖူးပါသည်။ နည်းပညာများတိုးတက်လာသည်နှင့်အမျှ ပန်းမျိုးစေ့များ၊ ထူးဆန်းသောပန်းများ၊ လှပသောပန်းများကိုလည်းတွေ့မြင်ရပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင်မမြင်ဖူး မတွေ့ဖူး မကြားဖူး ထူးကဲလှသော ပန်းများလည်း အလွန်ပေါများလှကြောင်း သိရှိရပါသည်။ သဘာဝမှ ပြုစုပျိုးထောင်ပေးခြင်းဖြင့်ပင် လူတို့၏အသုံးအဆောင်အဖြစ် သူမပါလျှင် ပွဲမပြီးဖြစ်လာသည်ကိုလည်းတွေ့မြင်နိုင်ပါသည်။ မင်္ဂလာအခမ်းအနားများတွင် ပန်းများကို အရောင်အသွေးစုံလင်စွာအသုံးပြုတတ်ကြသကဲ့သို့ အသုဘအခမ်းအနားများတွင်လည်း ပန်းများကိုပင် အရောင်အသွေးစုံလင်စွာ မြင်တွေ့နေရခြင်းသည် ပန်းကလေးများ၏ အသုံးဝင်မှုကို ဖော်ပြရာရောက်နေသည်။ ပန်းကိုလူတိုင်းနီးပါးက ချစ်မြတ်နိုးကြသည်ကိုလည်းမြင်တွေ့ရပါသည်။ အချို့သောပန်းများသည် ဆေးဖက်ဝင်ကြ၏။ အချို့သောပန်းများသည် အစားအစားအဖြစ်အသုံးဝင်၏။ အချို့သောပန်းများသည် လူသုံးကုန်ပစ္စည်းများထုတ်ဖော်ရာတွင် အသုံးတည့်၏။ ပန်းတို့သည် လူအတို့အတွက် အလှအပအပြင် အသုံးဝင်မှုများလည်း အလွန်များပြားလှပါသည်။ အောက်ဖော်ပြပါပုံသည် အလွန်ထူးဆန်းသကဲ့သို့ အလွန်ပင်ကြီးမားလှသည်ကို မြင်တွေ့နိုင်ကြမည်ဖြစ်ပါသည်။ ထိုပန်း၏ အမည်ကို Amorphophallus titanum အမျိုးအစားဖြစ်ကြောင်း ကျွန်တော်ရေးသားခဲ့ဖူးပါသည်။
Image from google
ယခုအခါတွင် ပန်းများကို အမျိုးစုံအောင်စိုက်ပျိုးနေကြသည် စီးပွားဖြစ် အကြီးအကျယ်စိုက်ပျိုးလာကြသည်ကို တွေ့မြင်ရပါသည်။ ထိုသို့စိုက်ပျိုးထားသော ပန်းခင်းများကို မြင်ရသည်ပင် စိတ်ကြည်နူးဖွယ်ရာဖြစ်ပါသည်။ ပန်းများသည် အမျိုးစုံလင်လှသည်ကိုလည်းတွေ့ရပါသည်။ အချို့သော ပန်းများကို နာမည်ပင်မခေါ်တတ်ပါ။ ပန်းများ၏အရေးပါခြင်းသည် များပြားလှသည်ကိုလည်းတွေ့မြင်ရပါသည်။ အနုပညာလက်ရာများတွင်လည်း ပန်း နှင့်မလွတ်ကင်းသည်ကိုတွေ့ရပါသည်။ အချုပ်အားဖြင့်ဆိုရသော် လူတိုင်း လူတိုင်းပန်းကလေးများကို ချစ်မြတ်နိုး တတ်ကြခြင်း၊ အသိစိတ် မသိစိတ်တို့ကသည်ပင် နှစ်သက်မြတ်နိုးတတ်သကဲ့သို့ မိမိတို့အလေးထားသူများအား လည်း လက်ဆောင်ပေးခြင်းသည် ပန်းကလေးများသည် အဖိုးတန်သည်ဟု ဆိုနေကြောင်း ပေါ်လွင်နေပါသည်။ ရောင်စုံပန်းခင်းကို မြင်ရသူတိုင်း ကြည်နူးချမ်းမြေ့ကြသကဲ့သို့ Steemit သို့ရောက်ရှိလာသူတိုင်းသည်လည်း အရောင်အသွေး စုံလင်လှသော MSC ရောင်စုံပန်းကလေးများပွင့်ဖူးနေပြီဖြစ်ပါသည်။ ထို့အတူ ရနံ့မွေးကြူသော MSC ပန်းလေးများလည်းဖြစ်ကြပါစေ။ ရနံ့ဆိုးသော MSC ပန်းလေးများအဖြစ်မခံကြစေလိုပါ။ နိုင်ငံတကာမှ အရောင်အသွေးစုံကာ ရနံ့မွေးကြူနေသော MSC Member ပန်းလေးများအား မြင်တွေ့အလေးထားနိုင်ကြပါစေဟု ဆုတောင်းရေးသားရင်း ရပ်နားလိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
9-Jan-2018 အင်္ဂါနေ့(Tuesday)