သက်သက်သာသာ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


00.png


သြော် ဘ၀ ဘ၀ လူ့လောက လူ့ဘ၀ကြီးမှာ နေထိုင် လှုပ်ရှား သွားလာ လုပ်ကိုင် ဆောင်ရွက်နေ ရတာ မလွယ်ကူပါလားနော်။ မသက်မသာရှိလိုက်တာ။ တခါတလေ နားနားနေနေလေး နေချင်တာ တောင် မနားမနေ လုပ်နေရတာကိုက လူတို့ဘ၀ကို မသက်မသာ ဖြစ်နေစေတတ်တာပဲ။ သက်သက် သာသာနေတယ်ဆိုတာက ရေသာခို အချောင်လိုက် တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် အလုပ်နဲ့လက်မပြတ် လုပ်ကိုင်နေရတော့ တခါတလေ အနားယူချင်စိတ်ပေါက်ပြီး အပန်းဖြေသဘောမျိုးလေးနဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ လုပ်ချင်တဲ့အရာလေးတွေ(ကောင်းတဲ့အလုပ် ကိုပြောတာ)၊ စားချင်တဲ့အရာလေးတွေကို အလုပ်ဆိုတာကို မေ့ထားပြီး ပေါ့ပေါ့ပါးပါး သက်သက်သာသာနဲ့ နေချင်တတ်ကြတာကို ပြောတာပါ။ ရေသာခိုအချောင်နေတဲ့ အချောင်သမားများ ကို မဆိုလိုပါဘူး။ မသက်မသာနေထိုင်ရတာက အလုပ်မတွင်ကျယ်သလို ကျန်းမာရေးအတွက်လည်း မကောင်းနိုင်ပါဘူး။ ခေါင်းပဲကိုက်နေတာလိုလို နှာပဲစေးနေတာလိုလို ဖြစ်လာတတ်တယ်။ ဘ၀အတွက် အလုပ်ဆိုတာကို လုပ်ကြရမှာ ဖြစ်သလို တခါတလေမှာလည်း ဘ၀အတွက် အနားယူပြီး သက်သက်သာသာနေထိုင်သင့်ပါတယ်။ ဘ၀ဆိုတာ အချိန်တိုတိုလေးဆိုပေမယ့် အလုပ်တွေနဲ့သာ အချိန်ကုန်နေမယ်ဆိုရင်လည်း ဘ၀ကြီးက အဓိပ္ပါယ်မဲ့သလိုဖြစ်နေတတ်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့ဘ၀ ဆိုတာက အလုပ်တစ်ခုတည်းကိုပဲ လုပ်ကိုင်နေခြင်းကို မရည်ညွန်းလောက်ပါဘူး။


Untitled-1 copy.png


တခါတလေမှာ အလုပ်ကပဲဖြစ်ဖြစ် ဘ၀ဆိုတာကြီးကပဲဖြစ်ဖြစ် ကိုယ့်ကို မသက်မသာဖြစ်အောင် ပင်ပန်းနွမ်းနယ်နေအောင် ဖန်တီးနေသလိုဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို မသက်မသာဖြစ်နေ တာတွေ ပင်ပန်းနွမ်းနယ်နေတာတွေက သင်တို့ရဲ့ အလုပ်အကိုင်တွေကို လုပ်ဆောင်ချက်တွေကို ရပ်တန့်သွားအောင်တော့ မစွမ်းဆောင်နိုင်ပါဘူး။ တခါတလေမှာ အဲဒီအရာတွေကပဲ ကိုယ့်လုပ်ငန်းကို တိုးတက်စေနိုင်တာလေးတွေဖြစ်လာတတ်ပါသေးတယ်။ အခက်အခဲဆိုတာတွေက သင်တို့ရဲ့ဘ၀ကို လှပအောင်ထုဆစ်ပေးနေတဲ့ ပန်းပုဆရာတစ်ယောက်လိုပါပဲ။ မလိုတာတွေကို ဖယ်ထုတ်ပေးလိုက်မှ လိုတာတွေသာကျန်နေခဲ့မယ်မဟုတ်လား။ လိုတာလေးတွေသာ ရှိနေမှ လှပတဲ့ အရာတစ်ခု ဖြစ်ပေါ် လာနိုင်ပါတယ်။ မလိုတာပါနေသေးရင် ပိုနေတာပါနေသေးရင် လှပတဲ့အရာတစ်ခုမဖြစ်လာနိုင်ပါဘူး။ အခက်အခဲတစ်စုံတစ်ရာ ကြုံလာတယ်ဆိုရင် အခက်အခဲကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို အာရုံစူးစိုက်ပြီး နည်းလမ်းကျကျ စဉ်းစား ဖြေရှင်းခြင်းက အကောင်းဆုံးသော နည်းလမ်းသာဖြစ်ပါ မယ်။ အခက်အခဲကြုံလာလို့ စိတ်ညစ်နေပြီး လုပ်ချင်ရာလျောက်လုပ်တတ်တာက လူညံ့ လူဖျင်း လူပျင်းတွေရဲ့ အလုပ်သာဖြစ်ပါတယ်။ လူတော် လူကောင်းတွေရဲ့ အလုပ်မဟုတ်ပါဘူး။ စိတ်ညစ်တာ က လူကို သေစေနိုင်သလို စိတ်ပျော်လွန်းအားကြီးရင်လည်း လူကို သေစေတတ်တာပါပဲ။ စိတ်ညစ် တယ်ဆိုတာကလည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နိုင်တာပဲ။ အမြဲတမ်း သွားဖြဲနေ ရမယ်လို့တော့ မဆိုလိုပါဘူး။


02.png


ဘ၀ဆိုတာကြီးကိုက ကောင်းတာရော ဆိုးတာရော အမြဲလိုလို ဒွန်တွဲပါလာစမြဲပဲ။ အကောင်းတွေကိုပဲ လိုချင်လို့မရနိုင်သလို အဆိုးတွေကို အတင်းမောင်းထုတ်လို့မရနိုင်ပါဘူး။ သင်တို့ကို အားကျနေသူတွေ သင်တို့လို အောင်မြင်ချင်သူတွေ ရှိနေနိုင်သလို သင်တို့ကို ကျဆုံးစေချင်သူတွေလဲ လောကမှာ အများအပြားရှိနေမှာပါ။ ဒါပေမယ့် သူတို့က အောင်မြင်ပါစေဆုတောင်းပေးနေလို့ မအောင်မြင်နိုင်သလို ကျဆုံးပါစေဆုတောင်းနေရုံနဲ့လည်း မကျဆုံးနိုင်ပါဘူး။ ကိုယ်တိုင် တည်ဆောက် ရမယ့် အရာတွေသာဖြစ်ပါတယ်။ သင်ကိုအားကျအတုယူနေသူတွေရဲ့ မျက်လုံးထဲမှာတော့ သင်ဟာ အင်မတန်ထွန်းလင်းတောက်ပနေတဲ့ လမ်းပြကြယ်ကြီးတစ်လုံးဖြစ်နေမှာပါ။ တောက်ပနေတဲ့အလင်း တွေကို သင်ကိုယ်တိုင်ကလွဲပြီး အခြားဘယ်သူကမှ ၀င်ရောက်ထိန်းချုပ်ခွင့် မပြုသင့်ပါဘူး။ သင့်ရဲ့ ထွန်းလင်းတောက်ပနေတဲ့အရောင်အ၀ါတွေကို သင်ကိုယ်တိုင်က မှေးမှိန်သွားအောင် မပြုလုပ်သင့် သလို အခြားသူတစ်ယောက်ကိုလည်း မှေးမှိန်သွားအောင် ပြုလုပ်ခွင့်မပေးသင့်ပါဘူး။ ဒါက ဘ၀ဆိုတဲ့ အရာအတွက် ကိုယ်တိုင်က ဖန်တီးတည်ဆောက်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ဘ၀ကို အိမ်တစ်လုံး ဆောက်သလို လက်သမား ပန်းရံ ငှားပြီးတည်ဆောက်လို့မရနိုင်ပါဘူး။ စိတ်တိုင်းမကျတိုင်း အခြားသူ တစ်ယောက်ကို အပြစ်တင်ဖို့ထက် ငါသာ အဲလိုအဖြစ်အပျက်နဲ့ကြုံရင် ဘယ်လိုလုပ်သင့်သလဲဆိုတာ စဉ်းစားတာက ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။


01.png


လူ့သမိုင်းကြောင်းတစ်လျောက်လုံးမှာကလည်း သက်သက်သာသာနေဖို့အတွက် အဆင့်ဆင့် ပြောင်းလဲ ပြုပြင် ထုတ်လုပ်ခဲ့ကြတာပါပဲ။ အသက်အရွယ် ငယ်စဉ်ကာလမှာ သက်သက်သာသာနေထိုင်ခဲ့သူတွေဟာ အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာတော့ မသက်မသာ နေထိုင်ရတတ်ပါတယ်။ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို အသက်မွေးကြရတတ်ပါတယ်။ အခွင့်အခါဆိုတာကလည်း အမြဲတမ်းရရှိနေခြင်းမဟုတ်တာ လူတိုင်း နားလည်နေကြပါတယ်။ အခွင့်အခါကျနေမှန်း အခွင့်အရေးမှန်း မသိခဲ့ရင်လည်း လက်လွတ်ဆုံးရှုံးရ တတ်ပါတယ်။ အခွင့်အရေးတွေက ကိုယ့်အိမ်တံခါးကို လာခေါက်နေမယ်ဆိုရင် အခွင့်အရေးမှန်းသိမှ တံခါးဖွင့်ပေးနိုင်မယ်။ အခွင့်အရေးမှန်းမသိလို့ တံခါးမဖွင့်ခဲ့ရင် မျက်နှာငယ်ငယ်နဲ့ အခွင့်အရေးက ပြန်သွားပါလိမ့်မယ်။ ဒီတော့ အခွင့်အရးမှန်းသိတတ်တဲ့ ဥာဏ်ပညာအလင်း ရအောင်လည်း ကြိုးစား ထားသင့်ပါတယ်။ ကျောက်စိမ်းကို လူတိုင်းမြင်ရုံနဲ့ ကျောက်စိမ်းမှန်းမသိကြပါဘူး။ ကျောက်စိမ်းတုံးကြီးကို ဖင်ခုထိုင်မိနေတာတောင် ကျောက်စိမ်းတုံးကြီးမှန်းမသိလို့ ၀မ်းနည်း ပက်လက်ဖြစ်ကြ ရတဲ့သူတွေ အများကြီးရှိနေမှာပါ။ မိုဘိုင်းတယ်လီဖုန်းတွေ အသုံးများလာကြတော့ ဓာတ်ပုံလေးတွေ ရိုက်ကြသလိုပါပဲ။ ဘ၀မှာလည်း ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံတစ်ပုံမကောင်းရင် နောက်တစ်ပုံ ထပ်ရိုက်သလို စိတ်ဓာတ်မကျပဲနဲ့ ကြိုးစားနေကြရမှာပါပဲ။ သင်တို့ရဲ့ ဘ၀အမောတွေ ပင်ပန်းလွန်းအားကြီးလာရင် ဘာမှ မစဉ်းစားပဲ သက်သက်သာသာနဲ့ စိတ်လက်ပေါ့ပေါ့ပါးပါး နေထိုင်လိုက်ခြင်းက အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်မှာပါ။ အမြဲပြောဖူးတဲ့ စကားလေးကို ထပ်ပြောလိုပါတယ်။

ပေါ့ပေါ့ပါးပါးနေပါ… ပေါ့ပေါ့ဆဆ မနေပါနဲ့…


ဘယ်အရာကိုမဆို ပေါ့ပေါ့ပါးပါး နဲ့ လုပ်ကိုင် ဆောင်ရွက် နေထိုင်ပါ။ ဘယ်အရာကိုမဆို ပေါ့ပေါ့ဆဆ ဘယ်တော့မှ မနေမိပါစေနဲ့။ သင်တို့ရဲ့ ဘ၀လမ်းခရီးနောက်ဆုံးအပိုင်းတွေမှာ သက်သက်သာသာ နေချင်တယ်ဆိုရင်ဖြစ့် ရှေ့ဘ၀အပိုင်းလေးတွေကို မသက်မသာနဲ့ ကြိုးစားခဲ့ကြရမှာပါ။ မကြိုးစားရပဲ အောင်မြင်ခဲ့တယ်ဆိုတဲ့သူ လောကကြီးမှာ မရှိလောက်ပါဘူး။ အောင်မြင်နေတဲ့သူတိုင်းကတော့ အပြင်းအထန်မဟုတ်တောင် ထိုက်တန်တဲ့ ကြိုးစားမှုတော့ လုပ်ကိုင်ခဲ့ကြမှာပါ။ သက်သက်သာသာနဲ့ နေထိုင်ခြင်းဖြင့်(ရေသာခို အချောင်လိုက်ခိုင်းဖြင်းမဟုတ်) လှပတဲ့ ဘ၀တွေကို ဖန်တီးတည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်းနဲ့ ရပ်နားလိုက်ပါတယ်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

15-May-2018 အင်္ဂါနေ့(Tuesday)