သင်နဲ့လည်း သက်ဆိုင်သည်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
နည်းနည်းလောက် ကြီးကြီးကျယ်ကျယ်ရေးပါရစေ။ Steemit မှာ စာတွေရေးတင်နေကြတော့ မူပိုင်ခွင့်ဆိုတဲ့ အသုံးအနှုံးနဲ့ရင်းနှီးလာခဲ့ပါတယ်။ ကိုယ်တိုင်စာတွေရေး ကိုယ်တိုင်ဖန်တီးလာရတော့လည်း အခြားသူများရဲ့ မူပိုင်ခွင့်ဆိုတာကို အလေးထားတဲ့စိတ် ဖြစ်ပေါ်လာခဲ့မိပါတယ်။ စာအုပ်တွေကို ဘာသာပြန်တာ ဂီတသီချင်းခွေတွေ၊ ဇာတ်ကားရုပ်ရှင်ခွေတွေ၊ စက်ကရိယာပစ္စည်းတွေကို တိုက်ရိုက်ပုံတူပြုလုပ်တာ ကူးယူတာတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေတစ်ရပ်ပဲဖြစ်ပါတယ်။ မူပိုင်ခွင့်ဆိုတာ ဘယ်လိုအရာတွေမှာ သတ်မှတ် ထားကြတာလဲဆိုတာ စိတ်လည်း မ၀င်စားကြပါဘူး။ မူပိုင်ခွင့်ဆိုတာက ပညာရပ်ဆိုင်ရာများဖြစ်တဲ့ သိပ္ပံပညာ၊ စက်မှုပညာ၊ ဒီဇိုင်းပညာ စသည့် ဥာဏစွမ်းအားကို အသုံးပြုတီထွင်ထားတဲ့ စက်ပစ္စည်းကရိယာတွေကို ခိုးယူသုံးစွဲခြင်း၊ ဆင်တူယိုးမှားဖြစ်အောင် ပုံတူပြုလုပ်ခြင်းများ မရှိစေရန်အတွက် ကာကွယ် ပေးထားခြင်းဖြစ်ပါမယ်။ နိုင်ငံတကာမှာ မူပိုင်ခွင့်ဆိုတာနဲ့ ပတ်သက်ပြီး အထူးအဆန်းမဟုတ်ကြတော့ပေမယ့် မြန်မာပြည်မှာတော့ မူပိုင်ခွင့်ဆိုတာ ယနေ့အချိန်ထိ လက်ခံ ကျင့်သုံးသူနည်းပါးနေဆဲပါပဲ။ အရင်တုံးကတော့ အာရှတိုက်မှာရှိတဲ့ နိုင်ငံအများစုကတော့ မူပိုင်ခွင့်သဘောတူညီချက်တွေကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနဲ့ လက်မှတ်ရေးထိုးထားခြင်း မရှိဘူးလို့သိရပါတယ်။ ယနေ့အချိန်မှာတော့ အာရှတိုက်ရဲ့ ဘယ်နိုင်ငံတွေက မူပိုင်ခွင့်ကို သဘောတူလက်မှတ် ရေးထိုးထားကြသလဲ ဆိုတာတော့ မသိပါ။ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ရုရှားတို့လို နည်းပညာတိုးတက်နေ ကိုယ်တိုင်လည်း ဖန်တီးနိုင်နေပြီဖြစ်တဲ့ နိုင်ငံတွေကတော့ မူပိုင်ခွင့်ကို သဘောတူလက်မှတ်ရေးထိုးကြမယ်ထင်ပါတယ်။ ကျွန်တော်ထင်တာ ပြောတာပါ။ ကျွန်တော်တို့မြန်မာနိုင်ငံက တော့ ခုချိန်ထိတိုင် လက်မှတ်ရေးထိုးထားပုံမရပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုချိန်ထိ အခြားသူဖန်တီးထား တဲ့ ဂီတ၊ အနုပညာ၊ ဗိသုကာစတာတွေကို ကူးယူ ခိုးယူနေဆဲပဲဖြစ်ပါတယ်။ မူပိုင်ခွင့်သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့နိုင်ငံတွေကိုလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးက အရေးယူလို့မရပါဘူးတဲ့။ ဒါကြောင့်လည်း မြန်မာပြည်မှာ ပညာရှင်များရဲ့ ဦးနှောက်ကို ဖောက်စားခြင်းခံနေကြရတယ်ထင်ပါတယ်။ Steemit Platform ကတော့ မူပိုင်ခွင့်ဆိုတာကို အလွန်အလေးထားတာကို သိနိုင်ပါတယ်။ သင်လည်း Steemit Platform မှာ ကိုယ်တိုင် ဖန်တီးပြီး စာတွေရေးနေပြီဆိုရင်တော့ မူပိုင်ခွင့်ဆိုတာ သင်နဲ့လည်း သက်ဆိုင်နေပါပြီ။
ကျွန်တော်တို့နိုင်ငံမှာအခုချိန်ထိတိုင်အောင် စာအုပ်တွေကို ဘာသာပြန်ဆိုတာ၊ သီချင်းခွေတွေ ရုပ်ရှင်ခွေတွေကို ကူးချင်သလိုကူး ဖြန့်ချင်သလိုဖြန့်နေကြတာတွေ အလွယ်တကူမြင်တွေ့နိုင်ပါတယ်။ ဒါကဘာကို ဖော်ပြနေသလဲဆိုတော့ မြန်မာနိုင်ငံမှာမူပိုင်ခွင့်ကို အရေးမထားသလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး မှာ သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိဘူးလို့သိနိုင်ပါတယ်။ ဒါကြောင့်လည်း ကော်ပီတွေ ပလူပျံနေပါ တယ်။ မူရင်းပိုင်ရှင်ကို ခွင့်တောင်းခြင်းမပြုကြသလို မူရင်းပိုင်ရှင်ကို အကျိုးခံစားမှု တစ်စုံတစ်ရာလည်း ပေးအပ်ခြင်း မပြုလုပ်ကြပါဘူး။ ကိုယ်တိုင်ဖန်တီးပြုလုပ်ချက်များကိုပြုလုပ်လာကြတဲ့အခါမှာတော့ အခြားသူတွေ ခိုးယူသုံးစွဲမှာတော့ ကြောက်တတ်ကြတယ်ထင်ပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်တွေ တပ်တပ်ထားလာကြပါပြီ။ Facebook လို လွတ်လပ်တဲ့ Social Media မှာတောင် တချို့သောသူတွေက သူတို့ရေးသားထားတဲ့ စာ ဓာတ်ပုံ ကာတွန်း စတာတွေကို Credit လေးပေးဖို့ တောင်းဆိုလာကြတာတွေ့မြင်နေရပါပြီ။ Steemit Platform ကတော့ Credit ပေးပြီး စာတွေရေး ပုံတွေတင်လုပ်ဖို့ ခွင့်ပြုမထားတာကို ကြည့်တာနဲ့တင် မူပိုင်ခွင့်ကိုအလေးထားတယ်၊ ဖန်တီး သူတွေကို လေးစားမှုရှိတယ်ဆိုတာကို ပြသနေတာပါပဲ။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးထဲကို ၀င်ရောက်တော့မယ် ဆိုရင်တော့ သူတစ်ပါးရဲ့ ပစ္စည်းတွေကို ပုံတူပြုလုပ်မှုတွေ၊ စာတွေကူးယူမှုတွေကို ထောက်ပြဝေဖန်ခံရတယ် လို့သိရပါတယ်။ တားမြစ်ပိတ်ပင်ခြင်းတွေ ကန့်ကွက်ခံရမှုတွေလည်း ခံကြရပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲကို ၀င်ရောက်မယ်ဆိုရင် မူပိုင်ခွင့်ကို အလေးထားတဲ့ ကမ္ဘာ့နိုင်ငံများနဲ့ သဘောတူလက်မှတ်ရေးထိုးကြရမှာဖြစ်ပါတယ်။
တကယ်တော့ ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာလည်း မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဥပဒေပြဌာန်းချက်တွေကို အင်္ဂလိပ်အုပ်ချုပ်စဉ်အခါကတည်းက မူပိုင်ခွင့်ဥပေဒဆိုတာ ရှိပြီးသားဖြစ်ပေမယ့် လိုက်နာဖို့ မဆိုထားနဲ့၊ သိတောင် မသိကြတာများမှာပါ။ အာစီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာချိန်ကစပြီး မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ ဥပဒေသစ်တစ်ရပ် ပြန်လည်ရေးဆွဲ ပြဌာန်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ မူပိုင်ခွင့်ဥပဒေသစ်ကို ရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင်တောင် မြန်မာနိုင်ငံမှာ လွယ်ကူမှာမဟုတ်သေးဘူးလို့လည်း ထင်ပါတယ်။ ရှေးခေတ် စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ ရှေးမြန်မာကြီးများဟာ တီထွင်ဖန်တီးချက်များပြုလုပ်ခဲ့ကြလေတော့ မူပိုင်ခွင့် ဥပဒေကိုသိပြီး လိုက်နာခဲ့ ကြတယ်လို့တော့ ထင်ပါတယ်။ လိုက်နာခြင်းမရှိသလို အရေးယူဆောင်ရွက်ခြင်းမရှိတဲ့ ဥပဒေတစ်ရပ်ကတော့ ဘာမှအသုံးမကျတဲ့ဥပဒေတစ်ရပ်ပဲဖြစ်နေပါလိမ့်မယ်။ အခုခေတ်လူငယ်များကလည်း ကိုယ်တိုင်တီထွင်ဖန်တီးချက်တွေကို လုပ်ကိုင်ဆောင်ရွက်လာကြတာကို မြင်နေရပါပြီ။ ကိုယ်တိုင်က သူများဖန်တီးချက်တွေကို ခိုးယူပြီး ငွေရှာနေတာဖြစ်လေတော့ အခြားနိုင်ငံများက မြန်မာပြည်ရဲ့တီထွင်ဖန်တီးချက်တွေကို ခိုးယူအသုံးချပြီး ငွေရှာနေရင် နိုင်ငံတော်အနေနဲ့လည်း ဘာမှပြောပိုင်ခွင့်မရှိတော့ပါဘူး။ သဘောတူလက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်လေ တော့ ဘာမှလည်း လုပ်လို့မရတော့ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံခြားက သီချင်းကို ကော်ပီယူ စာသားပြောင်းပြီး လုပ်စားနေတဲ့သူကတောင် သူပြောင်းထားတဲ့စာသားဖြစ်လို့ တရားစွဲတယ်ခဲ့တယ်လို့ ကြားဖူးခဲ့ပါတယ်။ ဒါတောင် ကိုယ်တိုင်ဖန်တီးရေးသားထားတာ မဟုတ်ပဲ သူများဆီက ကော်ပီယူထားတာနော်။ တကယ့် တကယ်တော့ မြန်မာနိုင်ငံကြီးမှာ မူပိုင်ခွင့်နဲ့ပတ်သက်ပြီး တရားစီရင်ထုံးတွေကတော့ တိတိကျကျ မရှိပါဘူး။ တကယ်တော့ မူပိုင်ခွင့်ဆိုတာ ကိုယ့်အကျိုးကိုကာကွယ် ထားတဲ့အပြင် သူတစ်ပါးအကျိုးကိုလည်း ကာကွယ်ထားတာဖြစ်ပါတယ်။ ကိုယ့်ပစ္စည်းကို တန်ဖိုးထားသလို သူတစ်ပါးပစ္စည်းကိုလည်း တန်ဖိုးထားတတ်စေချင်သလိုပါပဲ။ ကိုယ့်ပစ္စည်းကျမှ တန်ဖိုးရှိနေရတာမဟုတ်ပါဘူး။ ကိုယ်ဖန်တီးထားတာကို ခိုးယူခံရတဲ့အချိန်ကျမှ မူပိုင်ခွင့်ကို ထထအော်နေတတ်ကြပါတယ်။
စာရေးဆရာ ကဗျာဆရာ သဘင် ဂီတ ရုပ်ရှင် စတဲ့ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့လည်း မူပိုင်ခွင့်ဆိုတာကို သေသေချာချာနားလည်အောင် လေ့လာထားသင့်ပါတယ်။ စာရေးဆရာ ကဗျာဆရာ သဘင် ဂီတ ရုပ်ရှင် အနုပညာရှင်များဟာ သူတို့ရဲ့ ဦးနှောက်တွေကို အသုံးပြုပြီး ကုန်ပစ္စည်းထုတ်လုပ်နေ ကြရတာဖြစ်ပါတယ်။ သူတို့ ထုတ်လုပ်တဲ့ကုန်ပစ္စည်းများကတော့ လူတို့ရဲ့ စိတ်ခံစားမှုအမျိုးမျိုးတို့ကို ပေးနိုင်တဲ့ အနုပညာ ကုန်ပစ္စည်းများ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များကတော့ အခြားသူတွေရဲ့ ကုန်အမှတ်တံဆိပ်၊ ကုန်ပစ္စည်း စတာတွေကို ပုံတူ ပွားခြင်း အတုအယောင်ပြုလုပ်ခြင်းများကို ရှောင်ကြဉ်စေနိုင်ပါတယ်။ ကုန်ပစ္စည်း ကုန်အမှတ်တံဆိပ်တွေကတော့ အတု အယောင်ပြုလုပ်တာကို ဥပဒေနဲ့အရေးယူမှုတွေ ရှိနေတော့ အတုသိပ်မလုပ်ရဲကြပါဘူး။ ဥာဏ်ပညာကို အသုံးပြုပြီး လုပ်ကိုင်နေကြတဲ့ ပညာရှင်တွေရဲ့ မူပိုင်ခွင့်တွေကိုချိုးဖောက်ခံနေရဆဲဖြစ်ပါလိမ့်မယ်။ မူပိုင်ခွင့် ဥပဒေအချို့နဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ဆီမှာ လူတိုင်းက လိုက်နာနိုင်မယ်ဆို အကောင်းဆုံးဖြစ်နိုင်သလို ဖန်တီးသူရဲ့အခွင့်အရေးတွေ လည်း အပြည့်အ၀ခံစားရရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ အခုရေးခဲ့တာတွေကို မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ မူပိုင်ခွင့်ဆိုတာ ဘယ်လိုပိုင်တာတွေကို ရေးသွားတာမဟုတ်ပါဘူး။ မူပိုင်ခွင့်ဆိုတာကို အလေးထားသင့်တယ်ဆိုတဲ့အကြောင်းကိုသာ ရေးသားခြင်းဖြစ်ပါတယ်။ ဥပဒေဆိုတာကတော့ တိတိကျကျ နားလည်မှ ရေးသားနိုင်မှာဖြစ်တဲ့အတွက် မရေးသား လိုတော့ပါဘူး။ လူသားတိုင်းက အခြားသူတွေရဲ့ မူပိုင်ခွင့်ကို အလေးထားမယ်ဆိုရင် ကိုယ့်ရဲ့ မူပိုင်ခွင့်ကိုလည်း အလေးထားလာကြမယ်လို့ထင်ပါတယ်။ အခု Steemit Platform မှာ ကိုယ်တိုင်ဖန်တီးပြီး စာရေးနေသူ ကဗျာရေးနေသူ ကာတွန်းတွေကို ဖန်တီးရေးဆွဲနေသူ သူတစ်ယောက်ဆိုရင် သင်လည်း ကိုယ်တိုင်ဖန်တီးသူတစ်ယောက်ဖြစ်နေပါပြီ။ မူပိုင်ခွင့်ဆိုတာကို ခံစားနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်ကစလို့ အခြားသူတွေရဲ့ မူပိုင်ခွင့်ဆိုတာကို အလေးထားပြီး ကိုယ့်ရဲ့ မူပိုင်ခွင့်ကို လည်း အလေးထားရာရောက်မည်ဖြစ်ပါကြော်ငး ရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
21-Aug-2018 အင်္ဂါနေ့(Tuesday)