သတိပြုနိုင်ပါစေ...
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
တနေ့က ဆရာမင်းစိုးနိုင် @minsoenaing ရေးသားခဲ့သည့် မမြင်ဖူး မသိဖူးသောသူများမှ အင်တာနက်ကို အသုံးချကာ လိမ်ခြင်းကို CON ဟုဆိုကာ ရေးသားခဲ့သည်ကို ဖတ်ရှုမိရာမှ လိမ်နည်း အမျိုးမျိုးဖြင့် လိမ်လည် နေကြသူများ၊ အလိမ်ခံနေကြသူများအကြောင်းကို အနည်းငယ်ရေးသာလိုစိတ်ဖြစ်ပေါ်လာ သောကြောင့် ယခု Post အားရေးလိုက်ပါသည်။ အင်တာနက်အား အသုံးချကာ လိမ်ခြင်း၊ တယ်လီဖုန်းအားအသုံးချကာ လိမ်ခြင်းတို့သည် မိမိနှင့်လူချင်းတွေ့ရသည်လည်းမဟုတ်။ ယခင်ကတည်းက ရင်းနှီးကျွမ်းဝင်ထားသောသူများလည်းမဟုတ်ပါပဲနှင့် ပြောသမျှ လောဘထွက် သောကြောင့် လိမ်ခံရသည်ကို နည်းသေးသည်ဟုပင်ပြောချင်မိပါသည်။ မိမိနှင့်မသိ မကျွမ်းသောသူ မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့သည်ဆိုလျှင်ပင် ထိုသူပြောသမျှယုံကြည်နေမိတတ်ခြင်းသည် မြန်မာလူမျိုးအားလုံး၏ အားနည်းချက်တစ်ခုပင်ဖြစ်လေသည်လားမသိပါ။ အားနာတတ်သည်။ မိမိရှေ့တွင် ယုံကြည်လောက်အောင် ငိုပြလျှင် သနားစိတ်ဝင်လာတတ်သည်။ မိမိတို့ရှေ့တွင် သနားလောက်အောင် ပြောဆိုပြနိုင်လျှင်ကိုယ်ချင်းစာတတ်ကြသည်။ ထိုအကြောင်းများကြောင့်ပင် အလွယ်တကူအလိမ်ခံနေကြရသည်ထင်ပါသည်။ မစားရ၀ခမန်း ပြောကာ မည်သို့ရမည်။ မည်မျှလောက်ရမည်ဆိုလာလျှင် လောဘထွက်ကာ အလိမ်ခံကြရတော့သည်။ လိမ်သောသူများသည် ခေတ်ကာလအလျောက် နည်းမျိုးစုံ၊ ပရိယာယ်မျိုးစုံသုံးကာလိမ်လည်နေကြသည်သာဖြစ်ပါသည်။ ယခုမှ လိမ်နေကြသည်မဟုတ်ပါ။ ခေတ်အဆက်ဆက်လိမ်ကာ လောဘကြီးသူများအား အဓိက ပစ်မှတ်ထားကာ နကြပေသည်။ လူလိမ်တို့သည် လူတို့တွင် လောဘရှိကြောင်းကို ကောင်းစွာ နားလည်ထားကြသူများဖြစ်ပေသည်။ သတိပြုနိုင်ပါမှ တော်ကာကျမည်ဖြစ်သည်။
အလွန်များပြားသော ငွေကြေးဥစ္စာပစ္စည်းတို့အား အလွယ်တကူရရှိနိုင်သည်ဟု ပြောဆိုခြင်းကို လောဘထွက်မိပါက သေချာပေါက်အလိမ်ခံရနိုင်ပါသည်။ လောဘများလျှင် များများအလိမ်ခံရနိုင်ပြီး လောဘနဲလျှင် နဲနဲအလိမ်ခံရမည်။ လောဘမရှိခဲ့လျှင်တော့ လိမ်ရန်ခက်ခဲသွားပါလိမ့်မည်။ သို့သော် လောဘမထွက်ပဲ အကူအညီပေးသောသူများကိုပင် လိမ်လည်သူတို့ အများအပြားရှိခဲ့ဖူးကြောင်း ကြားသိရပါသည်။ လိမ်လည်သူတို့သည် စည်းမထားပါ။ လိမ်ရသမျှလိမ်ပါလိမ့်မည်။ ဘုန်းတော်ကြီးများ၊ သီလရှင်များကိုပင် သွားရောက်လိမ်လည်သူများရှိပါသည်။ ငွေကြေးအားဖြင့် ဖြစ်စေ၊ ပစ္စည်းအားဖြင့်ဖြစ်စေ လိမ်လည်တတ်ကြပါသည်။ တခါက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအား မျက်နှာစိမ်း လူနှစ်ယောက် ရောက်လာကာ မနက်ဖြန်မနက်တွင် ဆွမ်းကျွေး အလှူပြုလုပ်လိုပါသဖြင့် သံဃာတော်(၁၀)ပါး ဆွမ်းစားကြွရောက်ချီးမြှင့်ပေးပါရန်လာရောက်လျောက်ထားလေသည်။ ကျောင်းထိုင်ဆရာတော်မှ ဆွမ်းစားကြွပါမည့်အကြောင်း မိန့်ကြားလိုက်လေသည်။ ထိုအခါ ဆွမ်းစားလာရောက်ပင့်ဖိတ်သူများမှ ဆွမ်းချက်ရန်အတွက် လိုအပ်သော ဒန်အိုး၊ ဒယ်အိုး၊ သံဃာတော်(၁၀)ပါးနှင့် အခြားသော လူပရိဿတ်အပေါင်းတို့အား ကျွေးမွေးရန် ပန်းကန်ပြား၊ ပန်းကန်လုံး၊ ဇွန်းမျိုးစုံ၊ လက်သုတ်ပုဝါ စသည်တို့အား ငှားရမ်းပေးပါရန် လျောက်ထားလေသည်။ ကျောင်းထိုင်ဘုန်းတော်ကြီးမှလည်း ဒါနပြုပွဲ ဖြစ်သောကြောင့် အလွယ်တကူပင် စာရင်းနှင့်တကွ ငှားရမ်းလိုက်လေသည်။ နောက်တစ်နေ့ ဆွမ်းစားဖိတ်ကြားထားသော နေအိမ်သို့ကြွသွားရင် အိမ်ရှင်များမှ သူတို့မည်သည့်ဆွမ်းကျွေးမျှပြုလုပ် ခြင်းမရှိကြောင်းနှင့် သံဃာတော်များအားလည်း ပင့်ဖိတ်ထားခြင်းမရှိကြောင်း၊ ပစ္စည်းများလည်း ငှားရမ်းခြင်းမပြုကြောင်း ရှင်းပြသောအခါမှ ကျောင်းထိုင်ဘုန်းကြီးနှင့် သံဃာတော်များသည် ဘုန်ကြီးကျောင်းသို့လာရောက် လိမ်လည်သွားခြင်းဖြစ်ကြောင်း သဘောပေါက်လေတော့သည်။ အခြားသူများ၏ အိမ်လိပ်စာအားပေးကာ ဘုန်းကြီးကျောင်းကိုပင်လိမ်လည်သွားခဲ့ဘူးလေသည်။ မြန်မာစကားပုံတွင် "ဘုန်းကြီးအမှု ရွာပတ်" ဟုပြောဆိုကြသော်လည်း လက်တွေ့တွင်မူ "ရွာထဲကအမှု ဘုန်းကြီးပတ်" ဖြစ်နေပေသည်။
မကြာသေးမီရက်ပိုင်းအတွင်းက လူပုံအားဖြင့် ခပ်သန့်သန့်၊ တရုတ်ကပြားပုံစံနှင့်လူတစ်ဦးသည် ခရီးသွားရင်း လမ်းခရီးစရိတ်လိုသဖြင့် သူ့တွင်ပါလာသည့် Laptop အားရောင်းလိုပါသည်ဟု ပြောဆိုလာပါသည်။ ကံကောင်းသည်မှာ ထိုနေ့က Facebook ပေါ်တွင် ထိုသို့လိုက်လံကာ Laptop လိုက်လံလိမ်လည်ရောင်းချနေကြောင်း စစ်ကိုင်းမြို့၏ Page တွင် သူငယ်ချင်းတစ်ဦးမှ တင်ထားသည် ကို ဖတ်မိထားလေသည်။ လာရောက်ရောင်းချသည်မှာ ကျွန်တော့်ထံသို့မဟုတ်ပါ။ မိတ်ဆွေတစ်ဦးထံ လာရောက်ရောင်းချခြင်းဖြစ်ပါသည်။ မိတ်ဆွေမှ အကြံဥာဏ်လှမ်းတောင်းသောအားဖြင့် ကျွန်တော့်ထံ မေးမြန်းသောလေသည်။ i7 Laptop တစ်လုံးတွေ့ရှိထားကြောင်း၊ ဈေးအားဖြင့် သုံးသိန်းသာပေးရ မည်ဖြစ်ကြောင်း ဖုန်းဆက်ပြောကြားလာလေသည်။ ကျွန်တော့်အနေဖြင့် Facebook တွင် Laptop လိမ်ရောင်းသူရောက်နေကြောင်းဖတ်ထားသည်မှာ နာရီဝက်ပင်မပြည့်သး။ ယခုမိတ်ဆွေမှ ဖုန်းဆက် လာရာ ထိုသူ၏ ပုံပန်းသဏ္ဍန်ကိုပြောပြပြီး ဟုတ်မဟုတ်မေးကြည့်ရာ မိတ်ဆွေမှ ဟုတ်မှန်ကြောင်း ပြောဆိုလေသည်။ ၀ယ်ယူခြင်းမပြုရန်နှင့် ထို Laptop သည် ထိုမျှမတန်ကြောင်းပြောဆိုလိုက်ရပါ သည်။ မိတ်ဆွေလည်း Laptop အား မကြည့်ရှုတော့ပဲ နေရာ သုံးသိန်းအောက်လျော့ရောင်းပေးပါမည် ဟု ထပ်မံပြောဆိုရာ လိမ်ရောင်းနေကြောင်း သိရှိပြီးဖြစ်ရာ မကြည့်ရှု၊ မ၀ယ်ယူတော့ပဲ ပြောဆိုလွှတ် လိုက်ကြောင်း နောက်တစ်ကြိမ် ဖုန်းဆက်ပြောလာပါသည်။ ကံကောင်းသည်ဟုဆိုရမည်ပင်ဖြစ်ပါ သည်။ တစ်သိန်းပင်မတန်သော Laptop အား ငွေသုံးသိန်းဖြင့် လိမ်လည်ရောင်းချခြင်းဖြစ်ပါသည်။ i7 Laptop သည် သုံးသိန်မတန်ဘူးလားဟု မေးလာသည်ရှိသော် i7 အစစ်အမှန်ကို သုံးသိန်းဖြင့်ရနိုင်ရန် မလွယ်ပါ။ ထို Laptop သည် i7 မဟုတ်သည့် CMOS, Bios နှင့် Window တို့တွင် Software ဖြင့်အသုံးပြုကာ i7 အဖြစ်သို့ပြောင်းထားသော အတုသာဖြစ်ပါသည်။ အတုသည် အတုသာဖြစ်ပါ သည်။ အစစ်ကဲ့သို့ စွမ်းဆောင်ရည်၊ ပစ္စည်းအရည်အသွေး မည်သို့မျှ နှိုင်းယှဉ်မရပါ။ ထိုသို့ကြုံလာပါက အမှန်တကယ် နားလည်သူများနှင့် တိုင်ပင်ပြီးမှသာ ၀ယ်ယူသင့်ပါသည်။
သူခိုးတွင် ချိုမပါဟု ပြောဆိုကြသကဲ့သို့ပင် လူလိမ်တွင်လည်း ချိုမပါပါ။ ထို့ကြောင့် အလွယ်တကူ မသိမြင်နိုင်ပါ။ မည်သို့ပင်ဆိုစေကာမူ လိမ်သူတို့သည် မိမိတို့ထက် အတွေ့အကြုံများသည်ဟု မှတ်ကာ သတိပြုသင့်ပါသည်။ နည်းမျိုးစုံဖြင့်လိမ်ကြမည် ဖြစ်ပါသည်။ လောဘကြီးသူဟုတ်ဟုတ် မဟုတ်ဟုတ် အလိမ်ခံရနိုင်ပါသည်။ ဖုန်းများအား ဈေးလျော့ရောင်းပေးမည်ဟုဆိုကာလိမ်လည်ခြင်း၊ ထီပေါက်သည်၊ ကံစမ်းမဲ စသည်ပေါက်သည်ဟုဆိုကာ ငွေလိမ်တောင်းခြင်း၊ ကျန်းမာရေးမကောင်းတော့ဟုအကြောင်းပြ တစ်ဦးတစ်ယောက်တည်းသာရှိပြီး မိသားစုလည်းမရှိ ကျန်ရှိပစ္စည်းများအား အား ပေးခဲ့ချင်ပါသည်ဟု ပြောဆိုလိမ်လည်ခြင်း ထိုကဲ့သို့ပင် နည်းမျိုးစုံဖြင့် လိမ်လည်နေကြပေသည်။ မိမိနှင့်မသိသော လူစိမ်း တစ်ယောက်မှ စေတနာဗလပွနှင့် ငွေများအား ပေးမည်ဟု ယုံကြည်မိပါက သေချာပေါက် အလိမ်ခံ ရမည်ဖြစ်ပါသည်။ လူတိုင်းတွင် ရှိသင့်သော လောဘရှိရမည်ဖြစ်သော်လည်း မတော်လောဘထွက်မိ ပါက အလိမ်ခံရနိုင်ပါကြောင်း အသိပေးရေးသားရင်း ရပ်နားလိုက်ပါသည်။ လိမ်လည်သူတို့အား ရှောင်ရှားနိုင်ကြပါစေ။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
23-May-2018 ဗုဒ္ဓဟူးနေ့(Wednesday)