သံချေးကိုက်နေပြီ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
စာမရေးတာကြာတော့လည်း အကျင့်ပျက်ပြီး စာရေးချင်စိတ်ပျောက်နေသလို ဘာရေးရမှန်းမသိ ယောင်တောင်တောင်ဖြစ်နေတယ်ဗျို့… ကျန်းမာရေးအကြောင်းရေးရင် ကောင်းမလား… အချစ်အကြောင်း၊ လူမှုရေးအကြောင်း၊ စီးပွားရေးအကြောင်း၊ စိတ်ဓာတ်ရေးရာအကြောင်း ဟိုအကြောင်း ဒီအကြောင်း ဘာအကြောင်းရေးရမှန်း မသိဖြစ်နေပြန်ရော… ဆက်တိုက်အသုံးချ နေချိန်ကတော့ သူ့ဟာနဲ့သူ အဆင်ကိုပြေလို့… မရေးတာ မတွေးတာ နည်းနည်းကြာလာတော့ ဘာအတွေး ဘာအရေးမှ ပေါ်မလာ… ဦးနှောက် သံချေးကိုက်သွားပြန်တာနေမယ်… ဓားဆိုတာ သုံးမှထက်တယ်ဆိုသလိုပဲ… စာကလည်း ရေးနေမှ အတွေးထက်နေတတ်တာပေါ့… မတွေး မရေးတော့ တုံးသွားတာဖြစ်မယ်… မရေး မတွေး မလုပ်ပဲနဲ့ တွေးကြ ရေးကြမှ စာတွေများများရေးနိုင်လိမ့်မယ်… အတွေးတွေ ထက်လာလိမ့်မယ်… ဒီတော့ များများတွေးပြီး များများရေးကြပါဗျို့… ဒါမှ လိုချင်တဲ့ အရာလေး တွေ ရလိမ့်မယ်… စာများများရေးကြပါ… အတွေးလေးတွေလည်း များများတွေးကြပါ… တွေးကြပါဆိုလို့ မဟုတ်တာတွေတော့မတွေးကြပါနဲ့လေ…
အတွေးဆိုတာ အမြဲအရေးပါအရာရောက်နေတယ်… ကောင်းတာတွေးတော့ ကောင်းတာလုပ် ဖြစ်မယ်… မကောင်းတာတွေးမိရင် မကောင်းတာမလုပ်ဖြစ်ပေမယ့် ကိုယ့်စိတ်ကတော့ အမဲတွေ အစွန်းတွေ ဖြစ်ပြီး စိတ်ရဲ့ ဖြူစင်မှုကို ထိခိုက်တာပေါ့… စိတ်ဖြူစင်မှုနည်းသွားရင် စိတ်တွေညစ်နွမ်းသွားရင် အမှန်ကိုမြင်နိုင်ဖို့ခက်သွားတတ်ပါတယ်… စိတ်ငြိမ်နေမယ်ဆိုရင် တော့ အမှန်ကို အလွယ်တကူ မြင်နိုင်သလို ဆုံးဖြတ်ချက်တွေမှန်ကန်လို့ ဘ၀ကိုလည်း မှန်မှန် ကန်ကန်လျှောက်လှမ်းနိုင်ကြပါမယ်… ကလေးလောက်တွေးရင် ကလေးလောက်ပဲလုပ်နိုင် မယ်… လူကြီးလောက်လုပ်နိုင်ချင်ရင်တော့ လူကြီးလောက်တွေးရမှာပေါ့… ပညာရှိကြီးတွေ လောက်လုပ်နိုင်ချင်ရင် ပညာရှိကြီးတွေလောက်တွေးထားရမယ်… အတွေးတွေမှားနေရင် အလုပ်တွေလည်း မှားကုန်မယ်… အလုပ်တွေမှားကုန်ရင် နောင်တတွေရကုန်ကြမယ်… နောင်တတွေဆိုတာက ပူပန်မှုတွေကိုဖြစ်စေတာ လူတိုင်းအသိပါပဲ… နောင်တမရချင်ရင်တော့ အတွေးလေးတွေမှန်အောင်တွေးမှ ဖြစ်မှာပါ… ဒီတော့မှလည်း အလုပ်လေးတွေမှန်ကြမယ်… အလုပ်လေးတွေမှန်ကြမှလည်း နောင်တနဲ့ လွတ်လွတ်ကင်းကင်းနေနိုင်ကြမယ်…
နှစ်တစ်နှစ်ကုန်ဆုံးလို့ နောက် နှစ်တစ်နှစ် အသစ်ပေါ်လာပါပြီ… ကုန်လွန်သွားတဲ့ နှစ်မှာ ကိုယ့်အတွက် နောင်တရစရာတွေ များနေသလား… ၀မ်းသာစရာတွေ များနေသလားဆိုတာ ကိုယ်တိုင် ဆင်ခြင်သုံးသပ်သင့်ပါတယ်… နောင်တနဲ့တစ်ဖန်ပြန်လည်ပူဆွေးနေရမှာ မဟုတ်ပါ… မှားခဲ့လို့နောင်တဖြစ်နေမယ့်အစားတော့ အမှားကနေသင်ခန်းစာယူပြီး အမှန်ကို လုပ်နိုင်အောင်ကြိုးစားရမယ်မဟုတ်လား… လူ့ဘ၀ဆိုတာကလည်း တိုမှတို ဆိုသလိုပဲဖြစ်လာ နေပါပြီ… တချို့သောလူတွေက ပြောကြတာရှိသေးတယ်… Time Is Flying တဲ့… အချိန်တွေက ပျံသန်းနေတယ်တဲ့… ရိုးရိုးပျံနေတာတောင်မဟုတ်ဘူး… အမြန်ကို ပြန်နေတာ… နေ့တွေ ရက်တွေ လတွေက တိုတောင်းနေတယ်လို့တောင် ထင်ရလောက်အောင်ကို မြန်နေတယ်… ဒါပေမယ့် သတိတော့မထားမိကြပါဘူး… ရှုပ်လိုက်တဲ့ အလုပ်တွေဆိုတာကတော့ မပြောပါနဲ့တော့ များလိုက်တဲ့အလုပ် ရှုပ်လိုက်တဲ့အလုပ်… အလုပ်တွေရှုပ်နေသလို အရှုပ်တွေကို လုပ်နေရတာတွေကလည်း ပါသေးဗျို့… ဟိုလူ့အတွက် ဒီလူ့အတွက် သူ့အတွက် ကိုယ့်အတွက် လုပ်ကိုင်နေရတဲ့အလုပ်တွေ… မိသားစုအတွက် အမျိုးတွေအတွက် ပတ်ဝန်းကျင်အတွက် စသည်ဖြင့် အမြဲ တစ်ခုမဟုတ် တစ်ခု လုပ်ကိုင်နေ ကြရတယ်လေ… သူများတွေတော့မသိဘူး… ကိုယ်ရှုပ်နေတာကို ပြောတာပါဗျာ… အရှုပ်တွေ များ၊ အလုပ်တွေများနေတတ်တော့ “သေဖို့တောင် အချိန်မရတော့ဘူးလား”ဆိုတဲ့ စကားတောင် သွားသွားသတိရမိတယ်… တကယ်တော့လည်း မအားတဲ့ကြားက အရှုပ်တွေ ကြားကနေ သေသွားကြရတဲ့သူတွေချည်းပါပဲ…
ကုန်ဆုံးလွန်မြောက်သွားပြီဖြစ်တဲ့ နှစ်ဟောင်းကို ပြန်လှန်သုံးသပ်ကြည့်မိတော့လည်း ဥာဏ်တုံးတုံးနဲ့ လုပ်ခဲ့တဲ့အလုပ်တွေကိုသာမြင်ရတယ်… အရှုပ်တွေနဲ့သာအချိန်ကုန်တတ်တာ များနေတယ်… လောဘတွေ ဒေါသတွေ မောဟတွေနဲ့သာ နပန်းလုံးနေပြီး လောဘကင်းကင်း ဒေါသကင်းကင်း မောဟကင်းကင်းနဲ့လုပ်ဆောင်နိုင်ခဲ့တဲ့ အလုပ်ဆိုတာ တော်တော်နည်းတာ ကိုလည်း မြင်ရတယ်ဗျို့… အတွေးတွေချွတ်ချော်တော့ အလုပ်တွေလည်း ချွတ်ချော်ခဲ့တဲ့ သဘောပါပဲလေ… အတွေးမှန်အောင်တော့ အတော်ကြိုးစားယူရအုံးမယ်… ဒီနှစ်တော့ ဘာဖြစ်အောင်လုပ်လိုက်ဦးမယ်ဆိုတဲ့ အတွေးက နောင်တစ်နှစ်ရောက်တော့လည်း မအောင်မြင်နိုင်သေးတာတွေက များများဖြစ်နေသေးတာကလည်း စိတ်ဓာတ်မခိုင်မာမှုလို့ပဲ ပြောရတော့မှာပဲ… နောင်နှစ် နောင်နှစ် နောင်နှစ် ဆိုတာနဲ့ပဲ ကုန်ဆုံးနေခဲ့တာ အတော်တောင် ကြာပါပကောလားဗျာ… မင်္ဂလာရှိသောနှစ် ဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ နောင်နှစ်လည်း ဒီလိုနဲ့ပြီးဆုံးသွားခဲ့တဲ့နှစ်ပေါင်းလည်းမနည်းတော့ပါဘူးလေ…
များများတွေးပါ… များများမှတ်ပါ… များများရေးပါ(Steemit မှာစာရေးတာကိုပြောတာ)… ဒါပေမယ့် အဆိပ်ဖြစ်စေမယ့် အတွေးတွေ အစွန်းအထင်းဖြစ်စေမယ့်အတွေးတွေကိုတော့ ရှောင်ရမယ်… အတွေးတွေမှား… အပြောအဆိုအနေအထိုင်တွေမှား… ဒီတော့လည်း ပြုမူဆောင်ရွက်ရတဲ့ အလုပ်တွေလည်း မှားယွင်းကုန်တယ်… အမှားကိုသိတဲ့အချိန်မှာ ပြင်မယ် လို့အတွေးမှာပေါ်တဲ့အချိန် ပြင်လို့မရတော့တဲ့ စကားလုံးတွေ ပြုမူဆောင်ရွက်မှုတွေ ပြောမှား ဆိုမှားတွေက ပြင်လို့မရတော့ပဲနဲ့ အင်မတန် နောက်ကျသွားပြီဆိုတာသိလိုက်ရတယ်… ဒီလိုအဖြစ်မျိုးတွေဖြစ်ခဲ့ရင် ဖြစ်နေကြရင် ဖြစ်နေကြဦးမယ်ဆိုရင် တစ်ချိန်ချိန်မှာ အင်မတန် နောင်တရစရာတွေ အင်မတန်ကြေကွဲစရာတွေနဲ့ အဆုံးသတ်ကြရတတ်တာတွေ့ကြ မြင်ကြရ မှာပါ… ဒီနေရာမှာ အကြောင်းကြုံလာလို့ ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့တဲ့ နောင်တကဗျာလေးကို အောက်မှာ ပြန်ပြီးဖော်ပြပေးလိုက်ပါရစေ… သံချေးတက်နေတဲ့ ဓားဟာ ဘာကိုမှ ခုတ်လို့ အဆင်မပြေနိုင်တော့သလို သံချေးတက်နေတဲ့ ဦးနှောက်တွေကလည်း ဘာမှသုံးစားလို့ အဆင်မပြေနိုင်ဘူးထင်တယ်… ကြာလေတုံးလေ… တုံးလေ သုံးမရလေဖြစ်တော့ နောက်ဆုံး အမှိုက်ပဲဖြစ်တော့တာပါ… သံချေးတွေမတက်အောင် အမှိုက်မဖြစ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားနေရတယ်ဗျို့… မိတ်ဆွေများလည်း သံချေးတက်ပြီး အမှိုက်မဖြစ်အောင် ကြိုးစားနေထိုင်ကြပါလို့ တိုက်တွန်းရင်း ရပ်နားလိုက်ပါတယ်ဗျို့…
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
21-Apr-2018 စနေနေ့(Saturday)