တန်ဘိုးရှိသောပုံပြင်လေးများ(အလုပ်)-၁၀ (Valuable Stories_Work) Episode 10
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ပုံပြင်လေးများကို ရေးမတင်ဖြစ်ခဲ့သည်မှာ အတော်အတန်ကြာမြင်ခဲ့ပြီထင်ပါတယ်ဗျာ... ပုံပြင်လေးတွေကို ပြန်လည်ပြီး အသက်သွင်းရေးသားပါအုံးမယ်ဗျ... ဒီတစ်ခါတော့ ပုံပြင်လေးကပေးတဲ့သင်ခန်းစာလေးတွေကို ရယူ သွားကြရအောင်ပါ... လူတစ်ယောက်နဲ့ တစ်ယောက် မမြင်လေးတွေ ရရှိတတ်တဲ့သင်ခန်းစာလေးတွေ မတူညီ တတ်ကြတော့ ကိုယ့်အတွေ့အကြုံနဲ့ ဘယ်လိုသင်ခန်းစာရရှိတယ်ဆိုတဲ့အကြောင်းလေးတွေ comment မှာ ရေးပေးသွားနိုင်ပါတယ်ဗျ...
လူသားတိုင်း အသက်ရှင်ရန်ဝမ်းစာရေးအတွက်လည်းကောင်း၊ အိမ်ထောင်စုအတွက်လည်းကောင်း၊ ရပ်ရွာ အတွက်လည်းကောင်း ထိုက်သင့်သလိုအလုပ်လုပ်ပေးကြရတယ်မဟုတ်လားဗျာ... ဒီနေရာမှာ အချို့သော သူများက အလုပ်လို့ ပြောလိုက်ရင် ပိုက်ဆံကို အရင်ပြေးမြင်ကြမယ်ထင်ပါတယ်..... ပိုက်ဆံရမှ အလုပ်မဟုတ်ကြောင်းကို သိထားရမည်ထင်ပါတယ်ဗျာ... ပိုက်ဆံမရရင် ဘယ်လိုလုပ်ပြီး အလုပ်လုပ်တယ် လို့ပြောမရမလဲလို့ဆိုချင်သူများလည်း ရှိနေနိုင်ပါတယ်ဗျ... အငြင်း အခုံပြုရန်မဟုတ်ပါဗျ... စဉ်းစားမိသမျှကို ပြောဆိုရေးသားချင်လို့ပါဗျာ... ဆွေးနွေးနိုင်ပါတယ်... ဗဟုသုတပေါ့ဗျာ...အခြားသူများလည်း ဒီစာလေးတွေကို ဖတ်မိရင် ဗဟုသုတတိုးတာပေါ့... ပုံပြင်လေးက ဘာနာ မည်လဲဆိုတာ မသိဘူးဗျ... ကျွန်တော် ကိုယ်တိုင်ပေးထားတဲ့ နာမည်ကတော့ အလုပ် ဆိုပြီးတော့ ပေးထားတယ်... အောက်မှာဖတ်ကြည့်ကြပါဗျ... ပုံပြင်ဆိုပေမယ့်လို့ ပုံပြင်တော့မဟုတ်ပါဘူး...သင်ခန်းစာ ယူစရာ လေးတွေပါလို့ ပုံပြင်တစ်ပုဒ်အဖြစ် ရေးသားပေးလိုက်ခြင်းသာဖြစ်ပါတယ်ဗျ... ၀တ္ထုပိုဆန်မယ်ထင်ပါတယ်ဗျ... ဘာပဲဖြစ်ဖြစ်ပါဗျာ... သင်ခန်းစာရယူ နိုင်ဖို့က အဓိကပေါ့နော်...MSC မှာက လူတော်တွေအများကြီးပါဗျ... ဒီတော့ဖတ်ကြည့်ပြီး comment မှာ ရေးသွားပေးကြပါဗျ...
အလုပ်_Work
ဟိုးရှေးရှေးတုံးက တောရွာလေးတစ်ရွာမှာ ဦးတာ ဆိုတဲ့ သူဌေးတစ်ယောက်ရှိတယ်ပေါ့ဗျာ... သူ့ဇနီးနာမည်က တော့ ဒေါ်ကြင် လို့ဆိုပါတယ်... သူ့မှာ သားတစ်ယောက်လည်း ရှိခဲ့တယ်ဆိုပဲဗျ... နာမည်ကတော့ မောင်အာလူး လို့ခေါ်တယ်တဲ့... တစ်ဦးတည်းသော သား လည်းဖြစ်တယ်တဲ့... ဦးတာက ကြွယ်ဝချမ်းသာတဲ့ သူဌေးဘ၀ကနေ ကံကြမ္မာအကျိုးပေးမကောင်းတာကြောင့် ကြွယ်ဝချမ်းသာသော သူဌေးဘ၀မှ ဘာမှမကျန်လောက်အောင် ဆင်းရဲသွားရတယ်ဆိုပဲ... ရှိသမျှ ပစ္စည်းဥစ္စာများ ကတော့ လူလိမ်ခံရ တယ်...ဓားပြတိုက်ခံရတယ်... အကြွေးရှင်ချစ်တီးများရဲ့ သိမ်းဆည်းခြင်းကိုခံရတယ်... ဒီတော့ သူ့မိန်းမဖြစ်သူ ဒေါ်ဘုမလည်း ဆုံးသွားတယ်... အဲဒီလို ဆက်တိုက် တစ်ခုပြီး တစ်ခု သောကဗျာပါဒတွေဖိစီးမှုကြောင့် ဦးဘမြင့် တစ်ယောက်ခမျာ မမာမကျန်းဖြစ်တော့တာပေါ့... ဆင်းရဲပါပြီဆိုမှ လူကပါ မကျန်းမာတော့ ပိုဆိုးပြီပေါ့... တစ်နေ့ ထက်တစ်နေ့ သေမင်းနောက်ကိုလိုက်ဖို့ နီးနီးလာတာကို ဦးတာက သိနေပြီလေ မကြာခင်မှာ သေမင်းက သူ့ကို လာခေါ်တော့မယ်... ဒီတော့ သားဖြစ်သူကို တစ်ယောက်တည်းလောကအလယ်မှာ ထားခဲ့ရမှာစိတ်မချဖြစ် နေတယ်ပေါ့... သေတာကအရေးအကြီး အသက်ရှင်ကျန်ခဲ့တဲ့သားကအရေးကြီးဖြစ်နေတယ်ပေါ့ဗျာ... သူသေဖို့က အလှူအတန်းလေးတွေကိုလည်း ထိုက်သင့်သလောက်လုပ်ခဲ့ပြီးပြီဆိုတော့ ကောင်းမှုလေးတွေကို နှလုံးသွင်းနိုင် နေတော့ သေရမှာကိုတော့ မကြောက်ဘူးတဲ့လေ... စိတ်မချတာက သားဖြစ်သူကိုပေါ့... ဒီသားတစ်ယောက် တည်း လောကအလယ်မျက်နှာငယ်ငယ်နဲ့ကျန်ရစ်ခဲ့တော့မယ်ဆိုတာတွေးပြီး စိတ်မချမ်းမသာဖြစ်နေတယ်ပေါ့... သားဖြစ်သူကိုလည်း ပညာအမွေအပြည့်အ၀ မပေးနိုင်ခဲ့ခြင်းကြောင့် ပိုပြီးစိတ်မချဖြစ်နေရာက တစ်နေ့တော အကြံတစ်ခု စဉ်းစားမိလို့ ၀မ်းမြောက်သွားတယ်ဆိုပဲ... ပြီးတော့ သူ့အကြံအတိုင်း လုပ်ရန်အတွက် ၀မ်းသာသွား တယ်ဆိုပဲ...
Image from google
ငါ့သားက ငါတို့မိဘစကားကို အမြဲတမ်းနားထောင်တတ်တယ်... ကတိတည်တယ်... စကားမှန်တယ်... သစ္စာစောင့်တယ်... ငယ်စဉ်ကတည်းက သင်ကြားပေးခဲ့သော အသိပညာတွေကြောင့် စိတ်ချရတယ်တဲ့ဗျ... ခုခေတ်တော့ဘယ်လိုနေမယ်မသိပါဘူးဗျာ... ရှေးအခါကတော့ မိဘစကားကို အင်မတန်နားထောင်တတ်ခဲ့ကြတာ သေချာပါတယ်... သားဖြစ်သူဟာ ကတိတစ်ခုပေးပြီးရင် တစ်သက်လုံး ထိန်းသိမ်းမယ့်သူဆိုတာကို ဦးဘမြင့်က သိနေတယ်လေ... ဒီတော့ သူ့သားကို ကတိတစ်ခုတောင်းမယ်စိတ်ကူးရလို့ပျော်ရွှင်နေတယ်ပေါ့... ဒီတော့ သားဖြစ်သူကိုခေါ်ပြီးတော့ "သား လူလေး" အရင်ခေတ်က အဲလိုခေါ်မယ်ဗျ... "ဗျာ ... ဖေဖေ" အဲလိုထူးမယ်ထင်တယ်... ထားပါတော့...
"င့ါသား ဖေဖေက ကြာကြာမနေရတော့ဘူး... အမွေပေးစရာပစ္စည်းလည်းမကျန်တော့ဘူး... ငါ့သားတစ်ယောက်တည်း လောကအလယ်မှာ သူများထက် အောက်ကျ နောက်ကျနိုင်ပြီး လူအဖြစ်နေနေရတာထက် သေရတာက ပိုမြတ်မယ်ထင်တယ် ငါ့သား"
"ကျွန်တော်ယောက်ျားပါအဖေရာ...မဆင်းရဲပါဘူး... တစ်ဝမ်းတစ်ခါးအတွက်ပဲဗျာ... ဖေဖေသာနေကောင်းအောင် နေပါ"
သားအဖနှစ်ယောက်အချီအချပြောတဲ့စကားတွေကိုရေးနေမယ်ဆိုရင် အရှည်ကြီးဖြစ်သွားလိမ့်မယ်ဗျ... ဒီတော့ အဓိကအချက်ကိုသာ ရေးတော့မယ်ဗျ...
"လောကမှာ အလုပ်တစ်ခုကို မလုပ်ရသမျှ ထမင်းကို အလကားရတောင်မှ မစားပါဘူးဆိုတဲ့ ကတိကို ပေးပါငါ့သား....ငါ့သား လောကမှာ ကိုယ်လုပ်တဲ့အလုပ်နဲ့ တန်တဲ့အစားကိုသာ စားပါ... တစ်ကျပ်တန်လုပ်ပြီး ငါးကျပ်တန် မစားပါနဲ့... တစ်ကျပ်တန်လောက်လုပ်ရမှ ငါးမူးတန်လောက်စားပါ... ဖေဖေသေရင် မင်းတစ်ခုခု အလုပ်လုပ် ရလိမ့်မယ်... အလုပ်မလုပ်သောနေ့ထမင်းမစားပါဘူး...အ၀တ်အစားထက် အလုပ်ပိုစေရပါမယ်လို့ မင်းကတိပေး နိုင်မလား... တစ်သက်လုံး စောင့်ထိန်းနိုင်မလား"
တိုတိုပြောကြပါစို့... သားဖြစ်သူက ကတိပေးလိုက်တယ်ပေါ့... မကြာခင်မှာပဲ ဦးတာ သေရှာပါလေရော... ဦးတာသေပြီးတော့ သားဖြစ်သူမောင်အာလူး ကို သူကြီးက ဦးတာ နဲ့ ငယ်ပေါင်းကြီးဖော်မို့ သူ့အိမ်မှာ အလုပ်မရှိခင်လာရောက်နေထိုင်စားသောက်စေတယ်ပေါ့... အဲဒီမှာ ပြသနာစတက်ပြီ... မောင်အာလူးက အလုပ်မလုပ်တဲ့နေ့ ထမင်းမစားပါဘူးလို့ ကတိပေးထားတယ်လေ... အလုပ်ကလည်းမရှိဖြစ်နေတယ်... ဒီတော့ သူကြီးအိမ်ကထမင်းကျွေးလည်း မစား ငတ်တော့တာပေါ့...အလုပ်မှမလုပ်ရပဲကိုး... ဒီလိုနဲ့ အလုပ်လုပ်ရဖို့ကို မောင်အာလူးခမျာကြံနေရတာနဲ့ သုံးရက် လေးရက်လောက်ကြာလာတယ်... အင်အားတွေချည့်နဲ့လာတယ်... မီးဖိုက ထွက်လာတဲ့အနံ့ရတိုင်း ဗိုက်ထဲက တကျုတ်ကျုတ်မြည်နေပြီ... ငါထမင်းစားရအောင် ဘာလုပ်ရပါ့မလဲ တွေးရင်း အိမ်ပတ်လျောက်ရာက ရာဝင်စဥ့်အိုးကြီးထဲမှာ ရေမရှိခမ်းခြောက်နေတာကိုတွေ့တော့ မောင်အာလူး တစ်ယောက် ထမင်းစားရမယ့်အခွင့်အလမ်းကို မြင်သွားတယ်ဆိုပဲ...
Image from google
"ဟယ်... အလုပ်ဆိုတာ လုပ်ချင်ရင် အလွယ်လေးပါလား...ဘယ်သူ့ဆီသွားအလုပ်တောင်းနေရမှာလဲ... အလုပ်ဆိုတာ သူများတွေဆီကို လျောက်တောင်းမှ အလုပ်ဖြစ်တာမဟုတ်ပါလား...တန်အောင်လုပ်ရင်ပြီးတာပဲ... ငါလုပ်တဲ့အလုပ်အတွက် တစ်စုံတစ်ယောက်မှာ အကျိုးရှိရင်ပြီးတာပဲ... ဒီစဥ့်အိုးကြီးထဲကို ရေထည့်မယ်... ပန်းပင်တွေရေလောင်းပေးမယ်... အလုပ်ဆိုတာက ခိုင်းသူမရှိပဲလုပ်ရင် ကျွန်မဖြစ်ပါဘူး... အဖိုးအခလိုချင်လို့ သူတစ်ပါးထံမှာ အစေခံလုပ်မှာသာ ကျွန်ဖြစ်တာ...အောက်ကျတာ... ဒီတော့ ဒီစဥ့်အိုးကြီး ရေပြည့်ရင် ငါ့အနေနဲ့ ထမင်းတစ်နပ်စာတော့ စားထိုက်တာပဲ" လို့စဉ်းစားမိပြီး စိတ်တင်းရေခတ်ပြီးတော့ စဥ့်အိုးကိုရေပြည့်အောင် ဖြည့်ပေးပြီး ထမင်းစားလိုက်တယ်ဆိုပါစို့... ဒီတော့မှ မောင်အာလူးလည်း ကွယ်လွန်သူဖခင်ကြီးသည် ငါ့အား မဆင်းရဲနိုင်သော ကတိသစ္စာကို ထားခိုင်းခြင်းဖြစ်ကြောင်းသဘောပေါက်နားလည်သွားသတဲ့... ပုံပြင်လေးကို ဒီနေရာတင်အဆုံးသတ်လိုက်ပါမယ်ဗျာ... ဒါက အတိုချုံးထားတာပါ....
Image from google
ဒီတော့ ရရှိတဲ့အဓိကသင်ခန်းစာကဘာလဲ.... အလုပ်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့အများစု မှားယွင်းနေမှုလို့ ထင်ပါတယ်ဗျာ... ပိုက်ဆံရမှ အလုပ်လို့ထင်မှတ်တတ်ခြင်းကိုပြောလိုတာပါ... ပိုက်ဆံရမှ အလုပ်လို့များ သတ်မှတ်မိမယ်ဆိုရင် အိမ်မှာ ထမင်း ဟင်းချက်တဲ့သူလည်း ရှိမှာမဟုတ်ဘူး... အ၀တ်လျော် မီးပူတိုက် အိမ်ထိန်းတဲ့သူလည်း ရှိမယ်မထင်တော့ပါဘူး... ခုခေတ်ကြီးထဲမှာတော့ ပိုက်ဆံတတ်နိုင်တဲ့ သူဌေးတွေက အိမ်အကူငှားထားကြတယ်ပေါ့ဗျာ... ပိုက်ဆံမတတ်နိုင်တဲ့သူများဆိုရင် ဘယ်လိုများလုပ်ကြမလဲ... ဒါက ကျွန်တော်မြင်လိုက် ရလိုက်တဲ့ သင်ခန်းစာလေး တစ်ခုပါ... နောက်တစ်ခုက ကတိသစ္စာကို တည်အောင်ကြိုးစားခြင်းဆိုတဲ့နောက်က ရလဒ်ကိုပြောချင်တာလို့ထင်မိပါ တယ်... ချစ်မိတ်ဆွေများရဲ့ အယူအဆ လေးတွေကိုလည်းပြောပေးသွားကြပါအုံးဗျာ...
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
14-12-2017 ကြာသပတေးနေ့(Thursday)