တန်ဘိုးရှိသောပုံပြင်လေးများ (valuable Stories_Never Get A Prey Hound Dog) Episode 3

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,


ကျွန်တော်တို့ လူအတော်များများမှာယွင်းတတ်ကြတဲ့ အမှားအယွင်းလေးနဲ့ပတ်သက်တဲ့ပုံပြင်ပါအကြောင်းအရာလေးကို ရေးသားလိုက်ပါသည်။ ပုံပြင်လေးများ သည် အကြောင်းမဲ့ သက်သက်ပြောခဲ့ခြင်းမဟုတ်ကြောင်း ဖတ်ဖူးသူအများစု နားလည်နိုင်ကြပေမည်။ သို့သော် လူတိုင်းကတော့ လိုက်နာမည်မဟုတ်သည်ကိုလည်း သိရှိပါသည်။ မြတ်စွာဘုရားသည်ပင်လျှင် လူတိုင်းကို ချေချွတ်ခဲ့သည်မဟုတ်ပါ။ ထို့ကြောင့် လိုက်နာချင်သူများ၊ လိုက်နာနေသူများ အကျိုးရှိစေရန်ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါသည်။ ယခုတစ်ခါ ကျွန်တော်ပြောပြချင်သော ပုံပြင်လေးကတော့ တိုးတက်ချင်သော၊ အောင်မြင်လိုသော သူများအတွက် အကြံပေး ပုံပြင်လေးတစ်ပုဒ်ကို ပြောပြပေးချင်ပါသည်။


ကြားဖူးခဲ့သော ပုံပြင် ( ၃ )_ သားကောင်မရသော အမဲလိုက်ခွေး



hound dog 11.png


ပုံပြင်လေးကတော့ -

ဟိုးရှေးရှေးတုန်းကပေါ့ဗျာ.... ရှေးရှေးတုန်းကလို့ပြောရတာက ဘယ်တုန်းကမှန်းမသိလို့ပေါ့နော်... တော်တော်ကြာခဲ့ပြီလို့ ဟိုးရှေးရှေးတုန်းကလို့ သုံးလိုက်တာပေါ့.... အင်မတန် စိမ်းလန်းစိုပြေတဲ့ တောအုပ်ကြီးတစ်ခုထဲမှာ အမဲလိုက်ခွေးတစ်ကောင်ရှိနေပါသတဲ့... နာမည်ကသာ အမဲလိုက်ခွေး... သူ့တစ်သက်တာမှာ သူကိုယ်တိုင်လိုက်လို့ရတဲ့ အမဲကောင် တစ်ကောင်မှ မရှိခဲ့ဖူးဘူးတဲ့ဗျာ... ထူးဆန်းပါပေ့... ပြောချင်တာကလည်း အဲဒီအကြောင်းအရာလေးပါဘဲ... သူဟာဘာကြောင့် တစ်သက်လုံး အမဲမရဖူးသလဲဆိုတာကလေးကိုပေါ့နော်...

သူဟာ အမဲလိုက်တိုင်း လိုက်တိုင်း ဘယ်တော့မှ သားကောင်မရသလဲဆိုတော့ အဲဒီအမဲလိုက်ခွေးဟာ တစ်လောက ယုန်လေးတစ်ကောင်ကို လိုက်တယ်ပေါ့... ယုန်ဆိုတဲ့အမျိုးကလည်း ခုန်ပေါက်ပြေးလွှားတဲ့ အခါ အင်မတန်လျင်မြန်ဖြတ်လတ်တဲ့အမျိုးဆိုတော့ အပြေးသန်သန်နဲ့ ပြေးလိုက်တာကလည်း လွန်ပါရောတဲ့... အဲဒီ အမဲလိုက်ခွေးကလည်း ပြေးစမ်းကြိုက်သလောက်ပေါ့... မမေနိုင် မပန်းနိုင် အသေအလဲ ကြိုးစားလိုက်လံဖမ်းဆီးနေပါသတဲ့... အဲဒီလို လိုက်ရင်း လိုက်ရင်းနဲ့ အမဲလိုက်ခွေးဟာ ယုန်ကို မိခါနီးအချိန် မီလု မီခင် အချိန်မှာပဲ သူ့ရှေ့ကနေ နောက်ထပ် အခြားယုန်တစ်ကောင်က ဖြတ်ပြေး သွားတာကို မြင်လိုက်ရပါသတဲ့... ဒီတော့ အမဲလိုက်ခွေးဟာ သူကြိုးစား ပမ်းစားလိုက်နေတဲ့ ယုန်ကို သေးလိုက်တာ... ပိန်လိုက်တာ လို့မြင်ပြီး နောက်မြင်လိုက်ရတဲ့ယုန်က ၀ဖြိုးတယ်... ဆူဖြိုးတယ်လို့မြင်ပါ သတဲ့... အဲဒါ အမဲလိုက်ခွေးရဲ့ အထင်အမြင်ပေါ့နော်... ဒီတော့ အမဲလိုက်ခွေးက ကြိုးစား ပမ်းစားလိုက်ခဲ့ တဲ့ ပထမ ယုန်နောက်ကို ဆက်မလိုက်တော့ဘဲနဲ့ နောက်တွေ့တဲ့ ယုန်နောက်ကို ဆက်လိုက်ပါသတဲ့ဗျာ...


bound.png

Image from google


အဲဒီတော့ အမဲလိုက်ခွေး ဘာဖြစ်မလဲ... တစ်ချက်လောက်စဉ်းစားကြည့်ပါဗျာ... အဲဒီလို နောက်တွေ့တဲ့ ယုန်ကိုပြောင်းလိုက်တဲ့အခါမှာတော့ ပထမယုန်ကို ရေကုန် ရေခမ်း၊ အားကုန် အင်ကုန် လိုက်ထားတဲ့ အတွက် အမဲလိုက်ခွေးဟာ မောပန်းနေပါပြီ... နောက်တွေ့တဲ့ ယုန်ကတော့ အဲဒီ အမဲလိုက်ခွေးလောက် ဘယ်မောအုံးမလဲပေါ့နော်... အဲဒီတာ့ အမဲလိုက်ခွေးဟာ သူက ၀ဖြိုးတယ်လို့ထင်ပြီး လိုက်တဲ့ယုန်က သူ့ထက်လျင်လျင်မြန်မြန်ပြေးနေနိုင်တော့ အဲဒီယုန်ကိုလည်း မရလိုက်ဘဲနဲ့ ခြေကုန် လက်ပန်းကျသွားပါ တော့တယ်... မိအောင်လည်း ဆက်မလိုက်နိုင်တော့ပါဘူးတဲ့ဗျာ...

အမဲလိုက်ခွေးဟာ အဲဒီအကျင့်ကြောင့် ဘယ်တော့မှ သူကိုယ်တိုင် သားကောင်ကို လိုက်လို့မရခဲ့ဖူးတာပါ တဲ့ဗျာ... အမဲလိုက်ခွေးဟာ သားကောင်ကိုတော့ ရေကုန်ရေခမ်း၊ အားကြိုးမာန်တက်၊ ဇွဲကောင်းကောင်းနဲ့ တော့ လိုက်ပါရဲ့ဗျာ... ဒါပေမယ့် အမဲလိုက်ခွေးဟာ သူ့ရဲ့ အထက်ပါအကျင့်ကြောင့် ဘယ်တော့မှ သားကောင်ကိုမမိခဲ့တာပါ တဲ့... ကဲ ပုံပြင်ကတော့ ဒီနေရာမှာတင်အဆုံးသတ်သွားပါပြီ.... ကျွန်တော်တို့ ဒီပုံပြင်လေးကနေ ဘာတွေများရနိုင်မလဲ...စဉ်းစားကြည့်ရအောင်ပါဗျာ...



goal.png

Image from google



ပုံပြင်ဟုဆိုလိုက်သည်နှင့် လူအများစုက ကလေးများနှင့်သာ သက်ဆိုင်သည်ဟု ထင်မြင်လေ့ရှိကြပေသည်။ အမှန်တကယ်တွင်မူ ဗဟုသုတများ၊ ပညာများ၊ အသိဥာဏ်များ ကို ရှေးလူကြီးများက ထည့်သွင်းပြောကြား ပေးခြင်းဖြစ်ပေသည်။ ပုံပြင်ကိုလည်း လူမျိုးအသီးသီးတွင် နားလည်ကြပြီးဖြစ်ပါသည်။ ထိုပုံပြင်များမှ အဘယ်သို့သော အကြောင်းတရား၊ အကျိုးတရားများးရရှိနိုင်သနည်းဆိုသည်မှာလည်း နားထောင်သူ၏ စိတ်ခံစားမှု၊ နေထိုင်ရာပတ်ဝန်းကျင်၊ ခံယူထားသောခံယူချက်များနှင့်လည်း သက်ဆိုင်ပြီး ရနိုင်သော အကျိုးတရားများလည်း တခါတလေ ကွဲပြားခြားနားတတ်ပါသည်။ သူတစ်ပါးအား မှားသည်ဟု ပြောရမည်မှာ အလွန်အင်မတန်လွယ်ကူလှပေသည်။ သို့သော် မိမိကိုယ်ကို "ဘာမှားနေသလဲ၊ ဘာတွေလိုအပ်နေသလဲ" ဟု ရှာဖွေ၊ ဆင်ခြင်၊ ပြုပြင်သူလည်း နည်းပါးမည်ထင်ပါသည်။ ပြုပြင်သူလည်း ပြို့ပီး နည်းပါးမည်ထင်မြင်မိပါသည်။ အခြားသူတစ်ဦးမှာ မှားနေတယ် ဟုပြောလျင် မကြိုက်ကြသူများကို လည်း မြင်တွေ့ရပါသည်။ သူ့သဘော သူဆောင်ကြပေမည်။

ကျွန်တော်တို့ လူသားများသည် ခေတ်အဆက်ဆက်တွင် မှားယွင်းသော အယူအဆများကိုလည်း လက်ခံလိုက်နာပြီး ကျင့်သုံးသူများကိုလည်း ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါသည်။ ထိုသို့သောသူများနှင့်လည်း အတိုက်အခံ၊ အငြင်းအခုန်လုပ်ရန် ဆန္ဒမရှိပါ။ လိုအပ်သူများ ယူကြပြီး၊ မလိုအပ်သူများ ပယ်လိုက်ပါ။ သဘောထားများမတိုက်ဆိုင်ခဲ့ပါကလည်း ခွင့်လွှတ်ပေးကြပါ။

အထက်ပါပုံပြင်မှ ပေးလိုက်သောပညာပေးလေးများက များပြားကောင်း များပြားနေနိုင်ပါသည်။ ကျွန်တော်တွေ့ထိ၊ သိမြင်လိုက်သော အချက်ကလေးကိုသာ ပြောပြပေးမည်ဖြစ်ပါသည်။ ချစ်မိတ်တွေများထဲမှလည်း မိမိတို့ အမြင်အား ပြောပြ ပေးကြပါခင်ဗျာ။ ကျွန်တော်ရလိုက်တဲ့ သဘောတရားလေးက ကျွန်တော်ကိုယ်တိုင်နဲ့လည်း သက်ဆိုင်နေလို့များလားလို့ ထင်မိပေမယ့် အခြားသူများလည်း ကျွန်တော်ကဲ့သို့ ဖြစ်ခဲ့သူများ ရှိနေနိုင်မည်ထင်ပါသည်။ ဒီပုံပြင်လေးကပေးသော သတင်း အချက်အလက်ကလေးကတော့ စီးပွား ဥစ္စာကိုရှာဖွေရာမှာဖြစ်စေ... ပညာရပ်တစ်ရပ်ကို သင်ယူနေရာတွင်ဖြစ်စေ... မည်သို့သော အရေးကိစ္စတို့တွင်ဖြစ်စေ... မိမိတို့ ချမှတ်ထားသော ရည်မှန်းချက်၊ ရည်ရွယ်ချက် ပန်းတိုင်ကို လုံးဝ(လုံးဝ) အပျောက်မခံပါနဲ့လို့ ပြောသွားသလိုပါ... မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော မည်သည့် အရေးကိစ္စတွင်မဆို တစ်ဝက် တစ်ပျက် ပစ်ထားပြီး အခြားသို့ အာရုံမများစေဘဲ မိမိလက်ရှိလုပ်ဆောင်နေသော လုပ်ငန်းအား ပြီးဆုံးအောင်လုပ်ပါ ဟု ညွှန်ကြားထားသလို ခံစားမိပါသည်။ ချစ်မိတ်ဆွေများကော မည်သို့ ထင်မြင်ယူဆမိပါသနည်း။ မျှဝေပေးစေချင်ပါသည်။



success.png

Image from google



ကျွန်တော်ဘ၀မှာတော့ ပုံပြင်လေးထဲက အမဲလိုက်ခွေးလို သားကောင်များကို လိုက်ခဲ့မိသည်ထင်ပါသည်။ စီးပွားရေး၊ ပညာရေးတွင် မည်သည့်အရာကိုမျှ ပိုင်နိုင်ကျွမ်းကျင်ခြင်း မရှိခဲ့ကြောင်း ၀န်ခံရပေမည်။ လုပ်ငန်းနယ်ပယ် အတော်များများကို လေ့လာလိုက်စားခြင်းဖြင့်လည်းကောင်း၊ ပညာရပ်အသီးသီးကို လေ့လာနေခြင်းဖြင့်လည်းကောင်း မသိတာမရှိလို့ပြောနိုင်ရင်ပြောနိုင်ပါလိမ့်မည်။ သို့သော် ကျွမ်းကျင်သော စီးပွားရေး၊ အတတ်ပညာ မရှိနိုင်တော့ပါချေ။ သတိပြုသင့်လှကြောင်းပါခင်ဗျာ။ အသိပညာတစ်ခုကိုသိခြင်း၊ တတ်ခြင်းကား အလွန်ကောင်းမွန်ပါ၏။ မသိမှုအား မျက်ကန်း တစ်ယောက်အမြဲတမ်းမြင်ရသလို အမိုက်မှောင်ဖြင့်တူနေပါ၏။ သိခြင်းကို အလင်းဓာတ်ဖြင့်တင်စားရမည်ထင်ပါသည်။ သို့သော် အနည်းငယ် အသိလေးများသည် ကြီးစွာသော အန္တရာယ်ကိုဖြစ်ပေါ်စေနိုင်သကဲ့သို့ အကျိုးတရားခံစားရမှုလည်း အလွန်နည်းပေလိမ့်မည်။ နေရာတကာ သိရန်မလိုအပ်ဟု ထင်မြင်မိပါသည်။ လမ်းတွေ့တိုင်းမလိုက်သင့်ဟုလည်းထင်မြင်မိ ပါသည်။

အခြားဥပမာများကိုတော့ မပြောတတ်တော့ပါ။ ကျွန်တော်တို့ ဘုရားဖူးထွက်ကြသောအခါ သွားလိုသောလမ်းကြောင်းများ အလွန်များနေပါက ဘုရားကိုပင်ရောက်သည်နှင့် အလျင်အမြန် ဘုရားကန်တော့ ပြေးကြရပေသည်။ ကိုယ်ရောက်ခဲ့ဖူးသည်ဆိုသော စကားသာပြောနိုင်မည် ဖြစ်သည်။ သို့သော် ဘုရားနှင့်ပတ်သက်သောအကြောင်းအရာများကို စုံစေ့အောင်မသိနိုင်သလိုဖြစ်မည်ထင်ပါသည်။ ချောင်းသာကမ်းခြေရောက်ခဲ့သည်ဆိုပါစို့။ လူအတော်များများကတော့ နေရာစုံအောင်သွားနိုင်ဖို့မလွယ်။ အချိန်ပေးကြရမည်ဖြစ်ပါသည်။ တစ်ခုချင်းစီ ဖြည်းဖြည်းချင်းသွားလျှင်တော့ နေရာတစ်ခုချင်းစီအတွက် ဗဟုသုတ စုံစုံလင်လင် သိရှိနိုင်ပေမည်။ ကျွန်တော်တို့၏ ဖြစ်ချင်သောဆန္ဒများ၊ ဖြစ်လိုသော ဆန္ဒများ အလွန်များပြားနေကြပါက အောင်မြင်သော ဘ၀လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် မလွယ်ကူနိုင်ပေ။ လမ်းကြောင်းတစ်ခု၊
ဖြစ်လိုရာ ဆန္ဒတစ်ခုကိုသာ စူးစူးစိုက်စိုက်ဖြင့် ဦးတည်လျောက်လှမ်းမည်ဆိုပါက အောင်မြင်ရန်လွယ်ကူမည်ဟုလည်း ထင်မြင်မိပါသည်။
ထိုယူဆချက်များ၊ ထင်မြင်ချက်မားသည် ကျွန်တော့်၏ ထင်မြင် ယူဆချက်သာဖြစ်ပါသည်။



desire.png

Image from google


အချုပ်အားဖြင့်ဆိုရသော် ပညာရပ်များကို လေ့လာရာတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင်ဖြစ်စေ အားလုံးကို စနစ်တကျ လေ့လာပါ၊ မှတ်သားပါ၊ အခြားသူများ၏ အကြံဥာဏ်၊ ဝေဖန်ချက်များကို နားထောင်ပြီး ယူသင့်တာယူ၊ မယူသင့်တာကိုတော့ ပယ်ခြင်းဖြင့် ဘ၀ခရီးလမ်းကို ဖြတ်သန်းစေချင်ပါသည်။ ကျွန်တော် အကြံပြုပေးချင်တာလေးတစ်ခု ကလည်း အထက်ပါပုံပြင်ထဲမှ အမဲလိုက်ခွေးကဲ့သို့ ရည်ရွယ်ချက်၊ ရည်မှန်းချက် မပျောက်စေရန်အတွက် အချိန်တစ်ချိန်မှာ အလုပ်တစ်ခုကို စူးစူးစိုက်စိုက် လုပ်ကိုင်ပါ လို့ပဲ တိုက်တွန်း အကြံပြုရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ် အဆုံးသတ်လိုက်ရပါသည်ခင်ဗျာ။

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

15-10-2017(Sunday)