တန်ဘိုးရှိသောပုံပြင်လေးများ (Valuable Stories_Benevolence) Episode 8
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ကျွန်တော်တို့ Myanmar Steemit Community တွင် စာရေးသူများ စိတ်ဝင်စားသူများ တဖြည်းဖြည်း နည်းပါးလာသည် ဟုထင်မိပါတယ်....ဘာကြောင့်လည်းဆိုတော့ စာရေးသူများမှာလည်း နေ့စဉ်နှင့်အမျှ ဒီလူတွေ၏ Post များကိုသာ မြင်တွေ့နေရပါတယ်... မနေ့ကလည်း ဒီလူတွေ ဒီနေ့လည်း ဒီလူတွေကိုသာမြင်တွေ့နေရသည်ထင်တယ်ဗျ... Admin များမှာလည်း နေမကောင်းကြသူများ နှင့် မအားလပ်ကြသည့်သူများက များနေကြသဖြင့် Post မတင်နိုင်ကြ.... ဒါကြောင့်များ MSC တွင် လူနည်းနေသလား၊ ဒါမှမဟုတ် SBD များအရနည်းနေကြသောကြောင့် Post မတင်ဖြစ်ကြသလား၊ ဒါမှမဟုတ် စာရေးရန်စာရေးရန် အချိန်မရကြလို့လား၊ ဒါမှမဟုတ် စာရေးရန် ကုန်ကြမ်းများမရှိလို့လား လားပေါင်းများစွာနဲ့ စဉ်းစားနေမိပါတယ်ဗျာ... ဒါပေမဲ့လည်း တိကျသောအဖြေကားမရရှိ.... အားပျက်နေကြသည်လား၊ အားလျော့နေကြသည်လားလည်း မသိပါ... သေချာတာတစ်ခုကတော့ Post တင်သူဦးရေ နည်းသွားကြခြင်းပင်။ နေ့စဉ်စာရေးနိုင်ရန်မှာလည်း မလွယ်ကူနိုင်ကြောင်းတော့ သိကြပါတယ်... စဉ်းစားမိသော ခေါင်းစဉ်ကိုလည်း စဉ်းစားမိသောအကြောင်းအရာကို အထောက်အပံ့ပြု ရေးသားနိုင်သည့် အချက်အလက်ကို စဉ်းစားရန်လည်းမလွယ်ကူဘူးဖြစ်နေနိုင်ပါတယ်... စဉ်းစားမိသောအချိန်မှာတော့ Post လေးတွေတင်ရေးသား ကြပါလို့တော့ မရဲတရဲ တိုက်တွန်းချင်ပါတယ်ဗျာ... မရဲတရဲလို့ပြောရခြင်းကတော့ SBD ဈေးနှုန်းများရော Steem ဈေးနှုန်းများပါ ကျဆင်းနေတဲ့အတွက်ဖြစ်ပါတယ်... အားလျော့စိတ်ပျက်ကုန်ကြသည်လားမသိ... အားမလျော့ စိတ်မပျက်ကြပဲ ယုံကြည်မှု ရှိရှိဖြင့် ဆက်လက်ကြိုးစားကြစေချင်ပါတယ်ဗျာ... ယုံကြည်မှုက အလွန်အရေးကြီးလှပါတယ်... မည်သည့်အရာ မဆို ယုံကြည်မှုသည်အလွန်တန်ခိုးကြီးပါတယ်... လူတစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုကြောင့် ငွေချေးပေးတယ်... ပစ္စည်းငှားပေးတယ်... မယုံကြည်သူကိုတော့ ငွေလည်းချေးမှာမဟုတ်သလို ပစ္စည်းလည်း ငှားမှာမဟုတ်တာလည်း သေချာပါတယ်... ယုံကြည်မှုဖြင့် ငွေမလို အလုပ်လုပ်နေကြသူများကိုလည်း မြင်တွေ့ဖူးကြမှာပါ... ဒါကြောင့်မို့ ယုံကြည်မှုကြောင့် တိုးတက်သွားခဲ့သော ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်.... ကျွန်တော် ငယ်စဉ်က အဖွားဖြစ်သူမှ ပြောပြခဲ့တဲ့ ယုံကြည်မှုနှင့်သက်ဆိုင်တဲ့ ပုံပြင်လေးပါ...ယခုအချိန်ထိလည်း မှတ်မိနေပါတယ်... ငယ်စဉ်ကတော့ ရီစရာလို့ထင်ခဲ့မိတဲ့ပုံပြင်လေးဖြစ်ပြီး အဖွားကလည်း ရီစရာပြောတယ်လို့သာထင်ခဲ့မိပါတယ်... အရွယ်ရောက်လို့ စာတွေဖတ်မိမှ ရီစရာမဟုတ်မှန်း နားလည်ခဲ့ပါတယ်ဗျာ... ပုံပြင်လေးကတော့ ယုံကြည်မှုရှိသူ နှင့် လောဘ ရှိသူတို့ ဘာသာတရားပြုလုပ်ကြရာတွင် အကျိုးပေးမတူညီကြတာကို ဖော်ပြထားတဲ့ပုံပြင်လေးဖြစ်ပါတယ်... ပုံပြင်လေးကိုတော့ ရောက်တိရောက်ရာစေတနာလို့ပြောခဲ့ဖူးပါတယ်... ရောက်တိရောက်ရာပေါ့ဗျာ... မှတ်မိသလောက်လေး ဖောက်သယ်ချပေးလိုက်ပါတယ်... ပုံပြင်ဆိုတာက တကယ်တမ်းကျ ဘ၀အတွက် သင်ခန်းစာတွေလို့ ထင်ပါတယ်...
ရောက်တိရောက်ရာစေတနာ_ Benevolence
Image from google
ဟိုးရှေးရှေးတုန်းက တောရွာလေးတစ်ရွာမှာ အလွန်ဆင်းရဲတဲ့ သူဆင်းရဲ သစ်ခုတ်သမား ဇနီးမောင်နှံ ရှိကြတယ်တဲ့... ထင်ခုတ်သမားဆင်းရဲသားလင်မယားဟာ နေ့စဉ်အလုပ်နဲ့လက်နဲ့မပြတ် မအားမလပ် သစ်ခုတ်လုပ်ငန်းကို လုပ်ကြရပါသတဲ့... ဒီနေ့ခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လင်မယားပေါ့လေ... တစ်နေ့လုပ်တစ်နေ့စားတွေဆိုတော့ ကောင်းမှုကုသိုလ်အဖြစ်ဘာမှကောင်းကောင်းမွန်မွန် မလုပ်နိုင်ကြဘူးတဲ့...အင်းလေ ဘယ်လုပ်နိုင်မလဲ... ဥပုသ်လေးတောင်ကျောင်းကိုသွားပီး တစ်ပတ်တစ်ရက် မစောင့်နိုင်ကြရှာဘူးတဲ့ဗျ.... သစ်ခုတ်သမားရဲ့ ဇနီးဟာ စိတ်သဘောထားအလွန်ကောင်းတယ်တဲ့... တစ်နေ့မှာ တော့ သစ်ခုတ်သမားဇနီးက တန်ခိုးကြီးဘုရားများကို ဖူးမျှော်ရင်းနဲ့ ဥပုသ်သီတင်းတည်ဆောက်ချင်တယ်လို့ သစ်ခုတ်သမားကို ပြောသတဲ့... ဒီတော့ သစ်ခုတ်သမားက ရှင်မရယ် ဆင်းရဲလွန်းတော့ ငါတို့နှစ်ယောက်လုံးမြို့တက်ပြီး တန်ခိုးကြီး ဘုရားတွေကို ဖူးမျှော်ဖို့မဖြစ်နိုင်ကြောင်းပြန်ပြောသတဲ့... ငါက အလုပ်လုပ်ပီး နေခဲ့မယ်... ဒီတစ်ခေါက် ဘုရားဖူးများ ကြုံရင် မင်းကလိုက်သွားပေါ့လို့ သစ်ခုတ်သမားက ပြောတယ်တဲ့ခင်ဗျ... တစ်ခါတော့ လူကြုံကောင်းကောင်းရတာနဲ့ ထင်းခုတ်သမားရဲ့ဇနီးဟာ ဘုရားဖူးလုက်သွားဆိုပဲ... မြို့ရောက်တော့ တန်ခိုးကြီးဘုရားရဲ့မှာ ရဟန်းတစ်ပါးထံ သီလတောင်း ဆိုကြရာမှာ သစ်ခုတ်သမားဇနီးက သီလတောင်းမဆိုတတ်တာကြောင့် "ဘုရား ဘုရား" လို့သာ လိုက်ဆိုနေရရှာတယ်ဆိုပဲဗျ... သီလယူပီးလို့ သူကိုခေါ်လာတဲ့ သူဌေးကတော်က ဘုရားရင်ပြင်မှာ ပုတီးစိတ်နေ တာကိုမြင်တော့ သူလည်း ပုတီးစိတ်ချင်တဲ့စိတ်ပေါ်လာတယ်တဲ့... ဒီတော့ သူဌေးကတော်ကြီး ပုတီးစိတ်အပြီးကို စောင့်ပီးတော့ သူဌေးကတော်ကြီးရယ် ပုတီးဘယ်လိုစိတ်ရမလဲဆိုတာမသိလို့ သင်ပေးပါ လို့ပြောတဲ့အခါ မသိချင် ယောင်ဆောင်နေတဲ့... တော်တော်မကောင်းတဲ့ သူဌေးကတော်ကြီးပဲဗျ... ထင်းခုတ်သမားဇနီးက ပုတီးစိတ်ချင်တဲ့ ဆန္ဒကအလွန်ပြင်းပြနေတော့ ထပ်ခါ ထပ်ခါ ပုတီးစိတ်နည်းကို တောင်းဆိုတဲ့အခါမှာတော့ သူဌေးကတော်ကြီးက "ပုတီးတောင် ဘယ်လိုစိတ်ရမယ် မသိပဲနဲ့များ ဥပုသ်က စောင့်ချင်သေးတယ်အေ.. ရပါလိမ့်မယ်အားကြီးကြီး ကုသိုလတွေ" လို့ပြောပီး "ပုတီးစိတ်ချင်ရင် ရောက်တိ ရောက်ရာ စိတ်ပေါ့အေ" လို့ပြောလိုက်သတဲ့... သူဌေးကတော်ကြီးရဲ့ ဆိုလိုရင်းကတော့ ဘာရယ်မဟုတ်ဘူး ကိုယ်အာရုံရရာ တစ်ခုခုကို ပုတီးစိတ်ခိုင်းခြင်းဖြစ် မယ်ဗျ... ဒါပေမယ့် ရိုးအလွန်းတဲ့အပြင် ဘာသာတရားနဲ့လည်းအလှမ်းဝေးလွန်းတဲ့ သစ်ခုတ်သမား ဇနီးဟာ အမှန်တကယ်ပြောသောစကားအဖြစ် ယူဆသွားကာ သူဌေးကတော်ကြီးပြောလိုက်တဲ့ "ရောက်တိ ရောက်ရာ" ကို သဒ္ဓါတရားထက်သန်စွာနဲ့ "ရောက်တိ ရောက်ရာ" ဆိုလိုက် ပုတီးတစ်လုံးချလိုက်နဲ့ ပုတီးစိပ်နေပါတော့သတဲ့... အဲဒီအချိန်မှာ ထင်းခုတ်သမားရဲ့ ဇနီးဟာ ဘုရားအပေါ်ယုံကြည်မှု သဒ္ဓါတရားအလွန်ထက်သန်နေမည်မှာ ယုံမှား သံသယမရှိပါ... ပုံပြင်အရဆက်ပြောရမယ်ဆိုရင် အဲဒီထင်းခွေသမားဇနီး ပုတီးစိပ်နေတဲ့အနားမှာ မြွေသူတော်ကောင်း နေထိုင်တဲ့ တွင်းတစ်တွင်းရှိတယ်တဲ့ဗျ... ပုံပြင်အတိုင်းသာ မှတ်သားကြပါရန်... အဲဒီ မြွေသူတော်ကောင်းကလည်း ဥပုသ်သီတင်းတည်ဆောက်သတဲ့ဗျ... မကောင်းသူကို ပယ်ပြီး ကောင်းသူကို ကယ်တင်နေတဲ့မြွေတဲ့ဗျ... ဒီတော့ ထင်းခွေသမားဇနီးရဲ့ စိတ်သဘောထားကို သဘောကျတယ်... ယုံကြည်မှုသဒ္ဓါတရားကိုလည်း အင်မတန် သဘောကျသွားဆိုပဲ... ဒီလို ရတနာသုံးပါးကို အမှန်တကယ် ယုံကြည်မှု သဒ္ဓါတရားရှိတဲ့သူကို ငါကူညီမှပါ ဆိုပြီး တွင်းထဲမှာရှိတဲ့ရတနာတွေကို ထင်းခုတ်သမားဇနီးရဲ့ ရှေ့မှာ ပုံချပေးထားလိုက်တယ်လို့ဆိုပါတယ်ဗျ...
ထင်ခုတ်သမားဇနီးဟာ ယုံကြည်မှု သဒ္ဓါတရားထက်သန်စွာနဲ့ "ရောက်တိ ရောက်ရာ" ကို ပုတီးပတ်ပြည့်အောင် စိပ်ပြီးလို့ မျက်စိဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ရတနာများကို တွေ့သွားတယ်ပေါ့... အင်း ငါနဲ့ထိုက်လို့ရတဲ့ပစ္စည်း တွေပဲလို့ဆိုပီး အိမ်ကိုအားရ၀မ်းသာ သယ်ယူသွားခဲ့တယ်ဆိုပဲ... ဒီသတင်းကို သူဌေးကတော်ကြီး ကြားတယ် ဆိုရင်ပဲ ဘယ်လိုနည်းနဲ့ရကြောင်းကို မေးမြန်းပြီး အကြောင်းစုံသိရတဲ့အခါ လောဘဇော ထွက်လာတော့တယ်တဲ့... ဒီတော့ ဘုရားကို ချက်ချင်းသွားပြီး ထင်းခုတ်သမားဇနီး ထိုင်ပြီး ပုတီးစိပ်ခဲ့တဲ့နေရာမှာ "ရောက်တိ ရောက်ရာ၊ ရောက်တိ ရောက်ရာ" ဆိုပြီး မျက်စိမှိတ်ဟန်ဆောင် ပုတီးစိတ်နေတာပေါ့... ဒီတော့ သူဌေးကတော်ကြီးရဲ့စိတ်မှာတော့ ယုံကြည်မှုသဒ္ဓါတရားမရှိပဲ လောဘတရားတွေနဲ့သာဖုံးလွှမ်းနေတော့တာပေါ့... မြွေတွင်းထဲက မြွေကလည်း ဒီလောက် လောဘဇောတိုက်နေတဲ့ သူမျိုးကို လူ့ပြည်မှာ ဆက်ထားနေမယ်ဆိုရင် လည်း လူပိုတစ်ယောက်ပဲဖြစ်နေမှာပဲ" လို့စဉ်းစားပြီး ပေါက်သတ်လိုက်တယ်တဲ့... ဒီတော့ သူဌေးကတော်ကြီးလည်း ပါးစပ်ကနေ "ရောက်တိ ရောက်ရာ ၊ ရောက်တိ ရောက်ရာ" ရေရွတ်ရင်း အသက်သေသွား ရတော့သတဲ့.... ပုံပြင်လေးကတော့ ဒီမှာ အဆုံးသတ်သွားပါပြီ...
ပုံပြင်ဆိုတာဘ၀အတွက် ကိုယ်တိုင် အမှားလုပ်မိမှ သင်ခန်းစးယူခြင်းမျိုးမဖြစ်ရလေအောင် သင်ကြားပေးနေတဲ့ ဘ၀အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေဖြစ်မယ်လို့ထင်ပါတယ်... ဒီပုံပြင်လေးရဲ့ အဓိက ဆိုလိုချက်လေးကတော့ ကျွန်တော်တို့တစ်တွေ လူ့လောကကြီးမှာ ငွေကြေးစီးပွားဥစ္စာများ ကို ရှာဖွေကြရာမှာ ယုံကြည်မှုမရှိပဲ လောဘသက်သက်ဖြင့် လုပ်ကိုင်ခြင်းသည် အန္တရာယ်ကိုဖြစ်စေတတ်ကြောင်း ကို သိနားလည်ခဲ့မိပါတယ်... ဒါက ကျွန်တော့်အမြင်သာလျှင်ဖြစ်ပါတယ်... မည်သည့်အလုပ်ကိုမဆို လုပ်ကိုင် ဆောင်ရွက်ကြရာတွင် စေတနာကို ရှေ့တန်းတင်၊ ယုံကြည်မှု သဒ္ဓါတရားကိုအမှီုပြုခြင်းဖြင့် မိမိတို့လုပ်ကိုင်နေရာ ပတ်ဝန်းကျင်ကို ကောင်းမွန်စေနိုင်မည်ဖြစ်ကြောင်းကိုလည်း ဆင်ခြင်သုံးသပ်မိပါတယ်... ကျွန်တော်တို့လည်း MSC ကို ၀င်ရောက်လုပ်ကိုင်ခဲ့စဉ်က Steemit ကိုယုံကြည်မှုများအလွန်ထက်သန်ကြပါတယ်... ယခုအခါမှာတော့ ယုံကြည်မှုများ လျော့နည်းလာသလိုခံစားနေရပါတယ်... မိမိတို့အတွက် ယုံကြည်မှုအကျိုးကို နောင်တစ်ချိန်တွင် ခံစားနိုင်ကြမည်ဖြစ်ကြောင်း ပြောကြားရင်း ရပ်နားလိုက်ပါတယ်
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
18-11-2017 စနေနေ့(Saturday)