တန်ဘိုးရှိသောပုံပြင်လေးများ (valuable Stories_Old Tiger Gives Golden Bangle) Episode 4

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families,


Old tiger.png

Image from google


ယနေ့ခေတ်ကာလတွင် လူတိုင်းလူတိုင်း စားဝတ်နေရေးအတွက် ငွေကိုရှာနေကြရပါသည်။ ဘ၀တိုးတက်ရေးအတွက် ငွေကို ရှာနေကြရပါသည်။ ငွေတွင်းနက်သည်ဆိုကြပေမယ့် ထိုနက်သာငွေတွင်းကိုပင် ခဲယဉ်းစွာလက်ဖြင့်နှိုက်ဖို့ ကြိုးစားနေကြရပါ သည်။ စွန့်စွန့်စားစားဖြင့် ငွေကိုရှာဖွေနေကြရပါသည်။ ကြိုးစားမှုများနှင့် အပင်ပန်းခံကာ ပစ္စည်းဥစ္စာများအတွက် ရှာဖွေနေ ကြပါသည်။ သို့သော် ရှာဖွေတိုင်းတော့ရရှိကြသည်မဟုတ်။ အပင်ပန်းခံတိုင်းလည်း ရရှိကြသည်မဟုတ်။ အောင်မြင်ဖြစ်ထွန်း နေကြသည်မဟုတ်တာလည်းသေချာပါသည်။ အဘယ့်ကြောင့်ထိုသို့ဖြစ်နေကြပါသနည်း။ အနည်းငယ်လောက်စဉ်းစားကြစေ ချင်ပါသည်။ ပစ္စည်းဥစ္စာတို့မည်သည် ရှာဖွေနေရုံမျှဖြင့်မပြီးပြည့်စုံ။ မိမိတို့ရဲ့ ကိုယ်အား၊ ဥာဏ်အားစိုက်ထုတ်ခြင်းဖြင့် ရရှိလာ သော ပစ္စည်းဥစ္စာတို့ကို လုံခြုံစိတ်ချရအောင် ထိန်းသိမ်းစောင့်ရှောက်တတ်ရန်လည်း လိုအပ်မည်ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းထားမှသာလျှင် မိမိတို့အတွက် လိုအပ်သော စားဝတ်နေရေးကိစ္စများတွင် အသုံးချနိုင်ကြပေမည်။ သိမ်းဆည်းခြင်း မရှိပဲ ရရှိသော ငွေကြေးများကို ထင်သလိုသုံး၊ ထင်သလိုဖြုန်းနေကြမည်ဆိုပါက မိမိတို့ အမှန်တကယ် လိုအပ်ချိန်တွင် အသုံးပြုရန်မရှိ။ သူတပါးတို့ထံမှ ချေးငှားရသော အဖြစ်သို့ရောက်တတ်လေသည်။ ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားကပင် ရရှိလာသော စည်းစိမ်ဥစ္စာတွေကို ထားချင်သလိုသာထားကြ... ကံကောင်းလျှင်တော့ လုံခြုံလိမ့်မည် ဟု ဟောကြားတော်မမူခဲ့ပါချေ။ "သူခိုး၊ သူဝှက်၊ လူလိမ်၊ လူညာတို့၏ဘေးရန်မှ ကင်းဝေးစေရန်အတွက် မိမိတို့၏ ဥာဏ်ပညာကို ထုတ်သုံး စောင့်ရှောက်ရမည်" ဟုသာ ဟောကြားခဲ့သည်ကို မှတ်သားခဲ့ဖူးပါသည်။


ကြားဖူးခဲ့သော ပုံပြင် ( ၄ )_ ရွှေလက်ကောက်ပေးမယ့် ကျားအိုကြီး


(Old Tiger Gives Golden Bangle)


Tiger.png

Image from google


ရှေးလွန်ခဲ့ပြီးသော နှစ်ပေါင်းများစွာကပေါ့လေ... ပုံပြင်ဆိုတော့ ဒီလိုပဲစရမယ်ထင်ပါတယ်... ရှေးရှေးအခါတုံးကပေါ့ကွယ်... အလွန်အင်မတန် စိမ်းလန်းစိုပြေလှတဲ့တောအုပ်ကြီးတစ်ခုထဲမှာ ကျားအိုကြီးတစ်ကောင်နေထိုင်ပါသတဲ့...အခြားသော တိရစ္ဆာန်တွေလည်း ရှိမှာပေါ့နော်...အခုက ကျားအိုကြီး အကြောင်းကို အဓိကပြောကြားချင်တာဖြစ်လို့ ကျားအိုကြီးကိုပဲ ဦးတည်ပြောပြလိုက်ခြင်းဖြစ်ပါတယ်... အဲဒီ ကျားအိုကြီးဟာ အသက်အရွယ်ကလည်း ကြီးမြင့်လာပြီဖြစ်တဲ့အတွက် ငယ်ရွယ်စဉ်အခါကလို သန်စွမ်းခြင်း၊ လျင်မြန်ခြင်းတွေမရှိတော့ သားကောင်တွေကိုလည်း ရအောင်မဖမ်းဆီးနိုင်တော့ဘူး တဲ့.. အဲဒါကြောင့် ကျားအိုကြီးဟာ သူ့ရဲ့အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် လောဘကြီးတဲ့သူတွေကို သွေးဆောင်ဖြားယောင်ပြီး သတ်စားနိုင်ဖို့အတွက် ထောင်ချောက်တစ်ခုအမြဲဆင်ပြီး ဖမ်းယူသတ်ဖြတ်စားသောက် အသက်ရှင် နေထိုင်ရပါသတဲ့... တောအုပ်ကြီးကို ဖြတ်သန်းသွားလာကြတဲ့ ခရီးသွားတွေအထဲကနေ လောဘကြီးတဲ့သူတွေကို အဲဒီလို မာယာပရိယာယ်ထောက်ချောက်ဆင်ပြီး ဖမ်းယူစားသောက်နေထိုင်ပါသတဲ့... သူ့ရဲ့ မာယာထောင်ချောက်နည်းစနစ်က လူတွေကို လိုချင်လောဘတက်လာအောင်မြူဆွယ်ပြီး နွံနစ်အောင်လုပ်ပြီး သတ်စားခြင်းပဲဖြစ်ပါသတဲ့ဗျာ...


girl.png

Image from google


နေ့စဉ် ကျားအိုကြီးဟာ ရေအိုင်တစ်အိုင်ရဲ့ဘေး သမန်းမြက်တော ကုန်းအထက်လေးမှာ နေပြီး လက်ကနေ သမန်းမြက်ကို ကိုင်စွဲပြီး ခရီးသွားများကို စောင့်နေတတ်ပါသတဲ့... ခရီးသွားသူများလာတဲ့အခါမှာ လက်ထဲက သမန်းမြက်ကို ရွှေလက်ကောက် လို့ပြောပြောပြီးပေးပါသတဲ့... တစ်နေ့သောအခါမှာ ခရီးသွားမိန်းမတစ်ယောက်က တောအုပ်ကြီးကို ဖြတ်သန်းလာပါသတဲ့...အဖော်မိန်းကလေးများလည်းပါလာပါသတဲ့...ကျားအိုကြီးနေတဲ့ ရေအိုင်နားရောက်တဲ့အခါ ကျားအိုကြီးက အိုအသင်မိန်းကလေးတို့... ကျွန်ုပ်၏ လက်တွင်းမှ ရွှေလက်ကောက်ကို ယူပါလော့ ဟုဆိုပြီး ပေးလေသတဲ့.... တချို့သော မိန်းမငယ်များဟာ ကျားကြီးကို ကြောက်ရွံ့လို့ ရွှေလက်ကောက်ကို စိတ်ဝင်စားသော်လည်း မသွားခဲ့ပေမယ့် အဲဒီ အထဲက မိန်းကလေးတစ်ယောက်ကတော့ လောဘထွက်ပြီး အရဲ့စွန့်ကာ ရွှေလက်ကောက်ကို ယူဖို့ သွားမယ်လုပ်ပါရောတဲ့.. ကျန်တဲ့ မိန်းကလေးများက မသွားရန်တားနေသော်လည်း ရွှေလက်ကောက်ကို လိုချင်နေပြီဖြစ်တဲ့ မိန်းကလေးဟာ တားမရတော့ဘူးဆိုပဲ...ပထမတော့ ကျားကိုကြောက်တဲ့အပြင် အမှား အမှန်ကို ဆင်ခြင်နေနိုင်ခဲ့ပေမယ့်လို့ ရွှေလက်ကို အချောင်ရလိုစိတ်က တားမရ ဆီးမရ ဖြစ်လာတော့တာပါပဲ... အဲဒီလို တွေဝေနေချိန်မှာ ကျားအိုကြီးက အပြော ကောင်းကောင်းနဲ့ စည်းရုံးရေးဆက်ဆင်းနေပါသတဲ့... အို..အသင်ခရီးသွား မိန်းကလေးတို့...ကျွန်ုပ်လက်တွင်းမှ ရွှေလက်ကောက်ကို မြန်မြန်လာယူလှည့်ပါ လို့လည်း ထပ်ခါ ထပ်ခါ ပြောဆိုနေတော့တာပေါ့.... အဲဒီလို ထပ်ခါ ထပ်ခါ ပြော လာတဲ့အခါမှာ လောဘတက်နေတဲ့ မိန်းကလေးကလည်း ရွှေလက်ကောက်ကို ရယူလိုစိတ် ပိုမိုပြင်းထန်လာတော့တာပေါ့... ဒီတော့ ကျားအိုကြီး အသင့်ရဲ့ ရွှေလက်ကောက် က ဘယ်မှာလဲ လို့ လှမ်းမေးလိုက်ပါတယ်... ဒီအခါမှာ ကျားအိုကြီးကလည်း သူ့ရဲ့လက်ကို ဖြန့်ပြပြီး ငါ့လက်ထဲမှာပါလို့ပြောတယ်ဆိုပဲ...လောဘထွက်နေတဲ့ မိန်းကလေးကလည်း အသင်ဟာ အသားကိုစားတဲ့ကျားကြီးတစ်ကောင်ဖြစ်ပါတယ်..ကျားဆိုတဲ့သတ္တ၀ါတွေဟာ သတ်ဖြတ်စားသောက်တတ်တဲ့ သတ္တ၀ါတွေဖြစ်လို့ အသင့်ဆီကို မလာရဲပါ လို့ပြန်ပြောတယ်ဆိုပဲ... အဲဒီတော့ စကားပြောကောင်းလှတဲ့ ကျားအိုကြီးက အသင်မိန်းကလေး ငါဟာ ငယ်ရွယ်စဉ်အခါ သန်စွမ်းကျန်းမာသောအချိန်ကဆိုလျင်တော့ များစွာသော ကျွဲ နွား တိရစ္ဆာန်များ သာမက လူတွေအများကြီးကိုတောင် သတ်ဖြတ်စားသောက်ခဲ့ပါတယ်... အခုတော့ ငါ့မှာ သားမယားတွေလည်း သေကုန်ပြီ.. တရားဟောဆရာကြီးတစ်ဦးရဲ့ ဟောကြားပြသပေးတဲ့ တရားဓမ္မတွေကြောင့် ငါဟာ အခုချိန်မှာ အကျွတ်တရားရနေပါပြီ... ငါ့ရဲ့ ခြေသည်း လက်သည်းများဟာလည်း ကျိုးပျက်ကုန်ကြပါပြီ...ဒါကြောင့် ငါဟာတရားကိုသာ ကျင့်ကြံအားထုတ်နေပါ တော့တယ်... သင့်အားငါသည် အဘယ်မှာ ဖမ်းယူသတ်ဖြတ်စားသောက်နိုင်ပါတော့မည်နည်း... ဒါကြောင့်လည်း အခုလို ငါ့မှာရှိနေတဲ့ ရွှေလက်ကောက်ကို လှူနေခြင်းဖြစ်ပါတယ် လို့ ပြောလိုက်တဲ့အခါမှာတော့ လောဘတွေ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်တဲ့ မိန်းကလေးဟာ အမှား အမှန်ကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ဥာဏ်ပညာလည်း ပျောက်ကွယ်သွားပါတော့သတဲ့... ဘောဘတွေထွက်နေတဲ့ မိန်းကလေးဟာ သူ့နဲ့အတူ ပါလာတဲ့ အပေါင်းအသင်းတွေရဲ့ တားဆီးမှုကိုလည်း လက်မခံတော့ဘဲနဲ့ ကျားအိုကြီးရှိရာကို ရေထဲကနေ တလှမ်းခြင်း လှမ်းသွားပါတော့သတဲ့... အဲဒီလို တလှမ်းခြင်းသွားတဲ့အခါ တစ်နေရာအရောက်မှာတော့ နွံနစ်ပါတော့သတဲ့ဗျာ...ဒီတော့ ကျားအိုကြီးက မိန်းကလေး သင် ဘာမှမကြောက်ပါနဲ့ ငါလာကယ်မယ် လို့ပြောပြီး နွံနစ်နေတဲ့ မိန်းကလေးဆီကို လှမ်းလာခဲ့ပါတယ်... အနားကိုရောက်တဲ့အခါ မိန်းကလေးကို သတ်ဖြတ် စားသောက်လိုက်ပါတော့သတဲ့... ပုံပြင်လေးကတော့ အဲဒီနေရာမှာတင် အဆုံးသတ်သွားပါပြီ...


in mud.png

Image from google


ကျွန်တော်တို့သည် သာမန်လူသားများ၊ ပုထုစဉ်များ ဖြစ်ကြလေရာ အတွေ့ကို ရှောင်နိုင်သူ အင်မတန်နည်းပါးပါလိမ့်မည်။ လွယ်ကူသည်ကို တွေ့ရှိနေပါက ရှောင်ရှားသွားနိုင်သူ အင်မတန်နည်းပါးပါလိမ့်မည်။ မိမိတို့အိမ်ပင် ဖြစ်သော်ငြားလည်း ပစ္စည်းဥစ္စာ၊ ရွှေတိုငွေစ များအား အလွယ်တကူ တွေ့ရာနေရာတွင် မထားအပ်ပါချေ။ "လွယ်လျှင် သူကြွယ်တောင်ခိုးသည်" ဟု သောစကားပင်ရှိပါသည်။ ထိုစကားသည် အကြောင်းမဲ့သက်သက် ဖြစ်ပေါ်လာသော စကားမဖြစ်နိုင်ပါချေ။ မိမိတို့၏ ဥစ္စာ ပစ္စည်းများ သူခိုး၊ သူဝှက်၊ ဓားပြများမှ တိုက်ခိုက်လုယူနိုင်ခြင်းမရှိစေရန်အတွက် ပြုလုပ်နိုင်သောနည်းလမ်းများစွာ ရှိပါသည်။ ဘဏ်များတွင် အပ်နှံထားခြင်းဖြင့်လည်းကောင်း၊ အိမ် ခြံ မြေများ ၀ယ်ယူထားခြင်းဖြင့်လည်းကောင်း၊ စိတ်ချယုံကြည်ရသော လုပ်ငန်းများတွင် အရင်းအနှီးထည့်ဝင်ထားခြင်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသင့်ပေသည်။ သူခိုး ဓားပြများ၏ ရန်ထက် လူလိမ် လူကောက်တို့၏ရန်က အလွယ်တကူ ကျရောက်နိုင်ပေသည်။ လိမ်လည်သူတို့၏ နဖူးတွင် စာကပ်ထားခြင်းမဟုတ် သောကြောင့် အလွယ်တကူ အခြားသူများအား ယုံကြည်မှုမရှိရန်လည်း မိမိတို့၏ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်ဆင်ခြင်သင့်လှ ပေသည်။ လိမ်လည်ခံရသူများအား လေ့လာကြည့်ရာတွင် လောဘကြီးသူများမှာ များများအလိမ်ခံနေကြရကြောင်း ကိုလည်း တွေ့ရှိရပါသည်။ လောဘနည်းလျှင် နည်းနည်းသာလိမ်လို့ရပါသည်။ လောဘများလျှင် များများအလိမ်ခံရပါသည်။ သတိပြု သင့်တဲ့လောဘတရားပါပေ။ လောဘနှင့်ပတ်သက်သော ပုံပြင်လေးကို တင်ဆက်ပေးလိုက်ပါသည်။ ဒီပုံပြင်လေးကို ဖတ်ရှုပြီး မိမိတို့၏ လောဘများကို တတ်နိုင်သမျှနည်းပါးအောင် ပြုလုပ်နိုင်ကြပါစေရန်လည်း ဆန္ဒပြုလိုက်ပါသည်။


Tiger 2.png

Image from google


ဒီပုံပြင်လေးက ဘာကို ပေးသွားသလဲ။ ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်ပါဗျာ။ ကျွန်တော့်ရဲ့ အမြင်လေးကို ပြောပြချင်ပါတယ်။ လောဘကြောင့် အသိဥာဏ်ကွယ်သွားတတ်ပါတယ်။ သူတစ်ပါးပစ္စည်းကို အလကား အချောင်လိုချင်မိတဲ့ လောဘကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ထင်ပါသည်။

ကျွန်တော်တို့ လက်တွေ့ လူ့လောကတွင်လည်း ကျားအိုကြီးကဲ့သို့သော လူအများအပြား အမှန်တကယ် ရှိနေပါသည်။ တစ်ခါတစ်ရံ ထီပေါက်သည်ဟု ဖုန်းဆက်ပြောပြီး ငွေကြိုလွှဲခိုင်းခြင်းများ၊ ကံစမ်းမဲပေါက်သည်ဟုဆိုကာ ငွေကြိုလွှဲခိုင်းခြင်းများကို လူအတော်များများ ကြုံကြိုက်ဖူးကြ ကြားဖူးကြမည်ထင်ပါသည်။ လောဘထွက်ပြီး ငွေလွှဲမိလျှင်တော့ ခံပေရော့ပေါ့။ လူလိမ်များသည် အခြားသူများထက် ပိုပြီး စကားပြောကောင်းတတ်ကြပေသည်။ ယခုခေတ်ကာလတွင် မိုဘိုင်းဖုန်းများကို လျော့ဈေးဖြင့်ပေးမည်ဆိုကာ Iphone များ၊ Samsung ဖုန်းများ အတုများအားလည်း ဖုန်းဆက်ပြီး အိမ်တိုင် ယာရောက်လာရောက် လိမ်လည်ငွေယူသွားကြသည်ကိုလည်း မြင်တွေ့နေရပါသည်။ ကိုယ့်လောဘနှင့် ကိုယ် ဟုသာ ပြောရတော့မည်ထင်ပါသည်။ ဘေးမှ တားသော်လည်း လိုချင်သော လောဘစိတ် ဖြစ်ပေါ်နေချိန်တွင် နားမ၀င်တတ်ကြသည်ကိုလည်း ကြုံဖူးသည့်အပြင် သူများကောင်းစားမှာကို မနာလိုလို့ ပြောသည် ဟုပင် အထင်အရောက်ခံရပါသည်။


kill.png

Image from google


ဒီပုံပြင်မှာ အဓိကအချက်ပြောကြားလိုသည့်အချက်သည် မတော်လောဘ မထွက်ကြရန်၊ သူတစ်ပါးပစ္စည်းအား အချောင်လိုချင်သော လောဘမထွက်မိစေရန်၊ မိမိနှင့်မသိသော သူစိမ်းတစ်ယောက်၊ တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်ဖူးသော သူတစ်ယောက်က မိမိတို့၏ အကျိုးစီးပွားကို ဆောင်ရွက်လိုပါသည်ဟု ပြောကြားလာခြင်းကို မယုံကြည်မိစေရန်၊ လောဘမတက်မိစေရန် ထိမ်းသိမ်းစောင့်ရှောက်သင့်ကြောင်းကို ဆုံးမထားသည်ဟု ထင်မြင်ယူဆမိပါကြောင်း ရေးသားရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။ မတော်လောဘ ထွက်ခြင်းဖြင့် မိမိတို့၏ ဥစ္စာပစ္စည်းများ မဆုံးရှုံးမပူပန်ကြပါစေနှင့်လို့ဆိုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

19-10-2017 ကြာသပတေးနေ့(Thursday)