တန်ဘိုးရှိသောပုံပြင်လေးများ (Valuable Stories_Unity Is The Best Strength) Episode 5
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာလောကကြီးသည် ပုံဝတ္ထုများနှင့် ပြည့်နှက်နေသာ လောကကြီးဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူမျိုးတိုင်း လူမျိုးတီုငး၊ ဘာသာတိုင်း ဘာသာတိုင်း တို့၏ စာပေများတွင် ပုံပြင်များပါရှိစမြဲဖြစ်ပါသည်။ ကျွန်တော်တို့လူသားများသည် မွေးဖွားလာပြီး အူဝဲဘ၀မှ စကားမပီကလာ ပီကလာပြောဆိုတတ်သောအရွယ်ရောက်လာသည်နှင့် မိခင်ဖြစ်သူအား ပုံပြောပြပါဟု တောင်းဆိုလေ့ရှိကြ ပါသည်။ သို့တည်းမဟုတ် အဖိုး အဖွားဖြစ်သူများအား ကလေးများက ဖိုးဖိုး ပုံပြောပြ၊ ဖွားဖွား ပုံပြောပြဟု တောင်းဆိုလေ့ရှိကြပါသည်။ မိခင် ဖခင် ဖိုးဖိုး ဖွားဖွားများမှလည်း ကလေးသူငယ်များအား ဟိုး ရှေးရှေးတုန်းက နှင့်အစချီကာ ပုံပြင်များကို ပြောပြလေ့ရှိကြပါသည်။ အသက်အရွယ်သာ ကွာခြားသွားပြီး ငယ်စဉ်က ကြိုက်နှစ်သက်ခဲ့သော ပုံပြင်များမှသည် အချစ်သူရဲကောင်းပုံပြင်များ၊ ရယ်စရာဟာသပုံပြင်လေးများ၊ စွန့်စားခန်းများ၊ အောင်မြင်မှု ပုံဝတ္ထုများအားတော့ ကြိုက်နှစ်သက်လာကြစမြဲဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော် ပုံပြင်များအားဆက်လက်ပြောပါမည်။
Image from google
ကျွန်တော်တို့ Myanmar Steemit Community(MSC)အတွက် ရရှိနေသော ပရိုမိုးရှင်းအစီအစဉ်တွင် နေ့စဉ်ရရှိသော SBD များသည် ယခင်ရရှိသည်ထက် နည်းပါးလာနေရခြင်းကို အဖွဲ့သားများအားလုံး သိရှိကြပြီးဖြစ်ပါမည်။ စိတ်ပျက်သူများလည်း ရှိနေမည်ထင်ပါသည်။ စိတ်မပျက်ရန်လည်း ပြောကြားလိုပါသည်။ ညီညီညွတ်ညွတ်ဖြင့် ခရီးဆက်ရန်လည်း ပြောကြားလိုပါသည်။ ထို့သို့နည်းရခြင်းအကြောင်းကိုလည်း ကျွန်တော်တို့ Myanmar Steemit Community(MSC) ၏ Leader ဖြစ်သူ ကိုဟင်နီရီအောင် @kachinhenry မှ Post တင်ခြင်းဖြင့် ပြောပြ ရှင်းပြခဲ့သည်ကိုလည်း ဖတ်ရှုပြီးလောက်ပြီဟု ထင်ပါသည်။
မဖတ်ရသေးပါကလည်း ဒီစာတမ်းကိုနှိပ်ပြီး ၀င်ရောက် ဖတ်ရှုစေချင်ပါသည်။
Leader ဖြစ်သူ ကိုဟင်နီရီအောင် @kachinhenry သည် Myanmar Steemit Community(MSC)အတွက် အလွန်ကောင်းမွန်သော ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်းကိုလည်း ထပ်မံပြောကြားလိုပါသည်။ မြှောက်ပင့်ပြောဆိုနေခြင်းမဟုတ်ပါ။ အရှိကို အရှိအတိုင်း ပြောကြားနေခြင်းဖြစ် ပါတယ်ခင်ဗျာ။ Myanmar Steemit Community(MSC) သည် ယခုအချိန်တွင် တာထွက်လာပြီး Steemit လမ်းမကြီးပေါ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း လေးဘက်သွားစ ကလေးငယ်အဆင့်လောက်သာ ရှိနေသေးပါသည်။ Myanmar Steemit Community(MSC) အဖွဲ့သားများအားလုံးသည် စည်းစည်းလုံးလုံးဖြင့် ရှေ့ခရီးအားဆက်သင့်ပါသည်။ အားလျော့စိတ်ပျက်နေခြင်းဖြင့် ကျွန်တော်တို့ မအောင်မြင်နိုင်ပါ။ အားမလျော့ ဇွဲမလျော့ စိတ်အင်အားများထည့်ခြင်းဖြင့် လိုရာပန်းတိုင်ခရီးကို ဆက်လက်ချီတက်သွားကြပါရန်လည်း တိုက်တွန်းလိုပါသည်။ စည်းလုံးညီညွတ်နေလျှင် အသက်ဘေးအန္တရာယ်ကပင် လွတ်ကင်းနိုင်ကြကြောင်းကိုလည်း စာအုပ်များထဲတွင် ဖတ်ဖူး ပါသည်။
ယခု ကျွန်တော်ပြောပြလိုသောပုံပြင်လေးသည်လည်း လူအများကြားဖူးကြပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုပုံပြင်လေးများသည် မြတ်ဗုဒ္ဓဟောကြားထားသော တရားတော်များနှင့် တရားစာအုပ်များ၊ ဒဏ္ဍာရီပုံပြင်များတွင် အမြဲလိုလိုပါဝင် နေတတ်သောကြောင့်ဖြစ်ပါသည်။ ပုံပြင်လေးကိုတော့ အောက်တွင် ဖော်ပြပေးလိုက်ပါသည် -
စည်းလုံးညီညွတ်ခြင်းသည် အကောင်းဆုံးအင်အား (The Unit Is The Best Strength)
Image from google
ရှေးသရောအခါက ရှေးရှေးတုန်းက အလွန်သာယာလှပတဲ့ တောအုပ်ကြီးတစ်ခုထဲမှာ ကျီးပေါင်း(၅၀၀) ကိုအုပ်ချုပ်နေတဲ့ ကျီးမင်းတစ်ကောင်ရှိပါသတဲ့... အဲဒီကျီးမင်းဟာ တစ်နေ့သောအခါမှာတော့ ကျီးမင်းဟာ တောအုပ်လှည့်လည်ကြည့်ရှုနေစဉ်မှာပဲ တောလမ်းခရီးတစ်နေရာမှာ မုဆိုးတစ်ယောက်က ငှက်များကို ဖမ်းယူဖို့အတွက် ပိုက်ကွန်များကိုထောင်ခြင်း၊ ငှက်များလာရောက်စားရန် အစာများပက်ကြဲခြင်းများလုပ်ဆောင်နေတာကို တွေ့ခဲ့ရပါသတဲ့... ဒီတော့ ကျီးမင်းလည်း သူမိတ်ဆွေ ကျီးများရှိရာကို အမြန်ပြန်သွားပြီး မုဆိုးပက်ကြဲထားတဲ့ အစာများကို မစားကြရန် သတိပေးပြောကြားပါသတဲ့... နောက်လိုက်များကလည်း ကျီးမင်းစကားကို နားထောင်ကြပြီး မုဆိုးရဲ့ အစာတွေကို မစားကြတဲ့အတွက် ဘာဘေးအန္တရာယ်မှ မရှိအေးချမ်းစွာနေကြာပါတဲ့...
တစ်နေ့တော့ အခြားတောအုပ်မှာရောက်ရှိလာတဲ့ ခို အုပ်တစ်အုပ် ရောက်ရှိလာပြီး မုဆိုး ပက်ကြဲထားတဲ့အစာတွေကို စားကြဖို့ပြင်နေတာကိုမြင်တဲ့ ကျီးမင်းက အစာတွေဟာ ထောင်ချောက်ဆင်ပြီးဖမ်းဆီးဖို့လုပ်ထားတဲ့ မုဆိုးရဲ့ အစာများသာဖြစ်ကြောင်းကို ကျီးမင်း ကပြောကြားပေမယ့်လို့ ဘယ်ခိုတစ်ကောင်ကမှ ကျီးမင်းရဲ့စကားကို နားထောင်ခြင်းမရှိပဲ အစာတွေကို စားသောက်တဲ့အတွက် မုဆိုးရဲ့ ထောင်ချောက်ပိုက်ကွန်မှာ အမိခံကြရတော့သတဲ့... ခိုတွေ မိမိရဲ့ ပိုက်ကွန်ထဲမှာ မိနေပြီဖြစ်ကြောင်းကို သိတဲ့ မုဆိုးဟာ ပိုက်ကွန်ကိုဖြုတ်ယူဖို့အတွက် ထွက်လာပါတော့သတဲ့... ဒီအခါမှာ ခိုအားလုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခိုမင်း က ပြောကြားခဲ့တဲ့ စကားလေးကအဖိုးတန်လှသလို အသင်းအဖွဲ့များအတွက်လည်း အင်မတန်အရေးကြီး အင်မတန်အဖိုး လည်းတန်တဲ့စကားလေးဖြစ်ပါတယ်... ခိုမင်း ပြောလိုက်တဲ့စကားလေးကတော့ **"မိတ်ဆွေတို့ ဘာမှမကြောက်ကြပါနဲ့... ငါတို့ရဲ့ စည်းလုံးခြင်းအင်အားဖြင့် အသက်ဘေးအန္တရာယ်က လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါတယ်... ငါပြောသလိုလုပ်ကြပါ.... ငါတို့အားလုံး အတောင်ပံများကို တစ်ပြိုင်နက်ခတ်ပြီး တစ်ပြိုင် တည်း ပျံသန်းကြ" လို့ ပြောလိုက်တယ်ဆိုရင်ပဲ ခိုတွေအားလုံးဟာ သူတို့ရဲ့ တောင်ပံတွေကို အားကြိုးမာန်တက်နဲ့ အားကုန်ခတ်ပြီး ပျံတက်လိုက်တဲ့ အရှိန်အဟုန် ရဲ့စွမ်းအားကြောင့် ခိုတွေကို အုပ်မိုးထားတဲ့ ပိုက်ကွန်ကြီးဟာ ခိုတွေနဲ့အတူ မိုးပေါ်ကို ပျံတက်သွားပါတော့သတဲ့ဗျာ....
Image from google
ပုံပြင်က ကျန်နေသေးသော်လည်း ဆက် မပြောတော့ပါ... ကျွန်တော်ပြောလိုသော စုပေါင်းအင်အားအကြောင်းသည် ပါရှိနေပြီးဖြစ်သောကြောင့်ပါ။ နောက်ထပ်လည်း ထိုကဲ့သို့ သဘောသက်ရောက်သည့် ပုံပြင်တစ်ပုဒ်အား ဆက်လက်ပြောပြလိုသေးသောကြောင့်လည်းဖြစ်ပါသည်။ နောက်ပုံပြင်လေးကတော့ -
ရှေးလွန်လေပြီးသောအခါက ရွာလေးတစ်ရွာမှာ ထင်းခုတ်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ထင်းခုတ်သမားတစ်ယောက် ရှိပါသတဲ့... ထင်းခုတ်သမားတစ်ယောက်ဟာ နေ့စဉ်တောထဲကို ထင်းခုတ်သွားရင်းနဲ့ တစ်နေ့မှာတော့ တောဝက်ပေါက်ကလေး တစ်ကောင်ကိုတွေ့လို့ အိမ်ကိုယူလာပြီး ကျွေးမွေးပြုစု စောင့်ရှောက်ထားလိုက်ပါသတဲ့... အဲဒိလို ကျွေးမွေးပြုစုလာလိုက်တာ တောဝက်လေးဟာ အတော်အတန်ကြီးမားပြီး အရွယ်ရောက်လာသလို ယဉ်ပါးမှုလည်းရှိလာပါသတဲ့... ဒီတော့လည်း သစ်ခုတ်သမားဟာ တောဝက်ကလေးကို တစ်ကောင်ထဲ ခြံလှောင်ထားတာကိုကြည့်ပြီး သနားလာတာနဲ့ တောထဲကို သွားရောက်ပြီးလွှတ်ပေးလိုက်ပြန်ပါသတဲ့... အဲဒီလို တောဝက်ကိုလွှတ်ပေးလိုက်တဲ့အချိန် တောထဲက တောဝက်အုပ်ကို ခြင်္သေ့ကြီးတစ်ကောင်က နေ့စဉ် နေ့တိုင်း တောဝက် တစ်ကောင်ကျ လာရောက်စားသောက်နေတဲ့အချိန်ဖြစ်ပါသတဲ့... ဒီတော့ တောထဲမှာ ရှိနေကြတဲ့ တောဝက်တွေဟာ သေဘေးနဲ့ ရင်ဆိုင်နေကြရတော့ မိမိတို့အစားများကိုလည်း ကောင်းစွာရှာကြံမစားနိုင်ပဲနဲ့ ခြင်္သေ့ကြီးရဲ့ရန်က လွတ်ကင်းအောင်အတွက် ပြေးလွှားရှောင်တိမ်း ပုန်းအောင်းနေကြရတော့ ပိန်ချုံးနေကြပါသတဲ့... အဲလိုပိန်ချုံးနေတဲ့ ၀က်အုပ်ကြီးကို တွေ့တဲ့ တောဝက်လေးဟာ ဘာကြောင့်များ အခုလိုပိန်ချုံးနေကြရပါသလဲလို့ မေးမြန်းလိုက်တဲ့အခါ တစ်နေ့တစ်နေ့ ခြင်္သေ့ကြီးရဲ့ရန်ကိုကြောက်လို့ စိတ်ပင်ပန်းနေရသောကြောင့် ပိန်ချုံးနေကြခြင်းဖြစ်ကြောင်းကို ၀က်များကပြန်ပြောပါသတဲ့... ဒီအခါမှာ တောဝက်ကလေးက အသင်တို့ရဲ့အင်အားကအများကြီးပါ... ခြင်္သေ့ကတော့ တစ်ကောင်တည်းပါ...အသင်တို့ ဘာကို ကြောက်ရွံ့နေပါသလဲ... ခြင်္သေ့ရန်က လွတ်အောင် ငါကြံမည်" ဟုပြောသောအခါမှာတော့ တောဝက်များလည်း ခေါင်းဆောင်ကောင်းတော့တွေ့ပြီ ဟု ၀မ်းသာအားရ ကြွေးကြော်ကြပါသတဲ့...အဲဒီလို ကြွေးကြော်ပြီးတော့ တောဝက်လေးရဲ့အနားကို စုစည်းရောက်ရှိလာကြပါသတဲ့... ဒီအခါမှာ တောဝက်အပေါင်းကို "မိတ်ဆွေများခင်ဗျာ... ခြင်္သေ့နှင့်တွေ့လျှင် တစ်ကောင်မှ ထွက်မပြေးကြပါနဲ့...ခြသေ့င်္က ဟိန်းဟောက်တဲ့အခါမှာလည်း ၀က်အားလုံးကလည်း တပြိုင်နက်တည်း သံပြိုင်အော်ကြပါ...အဲဒီနောက်မှာ ခြင်္သေ့ကို အစွယ်များနဲ့ ၀ိုင်းဝန်းထိုးသတ်ကြပါ" လို့ပြောဆို သင်တန်းပေးသတဲ့...
Image from google
နောက်တစ်နေ့မှာတော့ လာနေကြအတိုင်း ခြင်္သေ့ကြီးက တောဝက်ဖမ်းစားရန်အတွက် ရောက်ရှိလာပါတယ်...ခြင်္သေ့ကြီးဟာ ခါတိုင်းနေ့နဲ့မတူပဲနဲ့ ၀က်တွေဟာ ထွက်မပြေးကြပဲ တစ်စု တစ်လုံးတည်းဖြစ် နေတာကိုတွေ့တယ်ဆိုပဲ... ပူးကပ်စုရုံးပြီးတည်ရှိနေတဲ့ဝက်ထုကြီးကိုကြည့်ပီး ခြင်္သေ့ကြီးလည်း နည်းနည်းတော့ လန့်သွားတယ်ထင်ပါတယ်... ဒါပေမယ့် ဟန်ကိုယ့်ဖို့ ဆိုတဲ့စကားလိုပဲ ကြီးမားတဲ့ဝက်ထုကြီးကို ဟိန်းဟောက် ခြောက်လှန့်လိုက်တာနဲ့တပြိုင်တည်း ၀က်များအားလုံးကလည်း သံပြိုင် အော်ဟစ်လိုက်ကြတော့ ခြင်္သေ့ကြီးအား ခေတ္တခဏလောက် အံ့သြောပြီး ကြောင်နေမယ်ထင်ပါတယ်... အဲဒီအချိန်မှာပဲ ၀က်အားလုံးက တပြိင်တည်း ခြင်္သေ့ကြီး ရှိရာကို တဟုန်ထိုး ပြေးဝင်လာပြီး အစွယ်များနဲ့ထိုးနှက် တိုက်ခိုက်ကြပါတော့တယ်... ခြင်္သေ့ကြီးလည်း ပြန်လှန်တိုက်ခိုက်ပေမယ့် အများနဲ့တစ်ယောက်ဆိုသလို မနိုင်နိုင်တော့ပဲ ၀က်များရဲ့ အစွယ်ဖြင့် ထိုးပက်ခြင်းဒဏ်ရာများကြောင့် ခြင်္သေ့ကြီးဟာ သေဆုံးသွားရပါတော့သတဲ့..... ၀က်ထုကြီးဟာလည်း အားရ၀မ်းသာနဲ့ ၀က်ကလေးကို ခေါင်းဆောင်အဖြစ်တင်မြှောက်လိုက်ပါတော့တယ်တဲ့ဗျာ....
ကဲ ... ပုံပြင်လေးများကတော့ဒါပါပဲ... ဒီပုံပြင်လေးတွေကပြောပြနေတဲ့ သင်ခန်းစာလေးတွေကို စဉ်းစားကြည့်ကြရအောင်ပါဗျာ...နံပါတ်တစ်ပုံပြင်မှာရော နံပါတနှစ်ပုံပြင်မှာပါ အရင်ဆုံးသတိထားမိခဲ့တာ ကတော့ ခေါင်းဆောင်ဖြစ်သူရဲ့ စကားကို အားလုံးကနားထောင်ကြတာကိုမြင်တွေ့ရပါတယ်... နံပါတ်တစ်ပုံပြင်မှာ ကျီးမင်းရဲ့စကားကို နောက်လိုက်ကျီးအပေါင်း က နားထောင်လိုက်နာကြသလို၊ ခိုမင်းရဲ့စကားကို ခိုအားလုံးက နားထောင်လိုက်နာကြတာကို တွေ့ရပါတယ်... ကျီးမင်း၏ နောက်လိုက်များသည် ခေါင်းဆောင် သတိပေးပြောကြားခဲ့သည်ကို အလေးအနက်ထား ရှောင်ရှားခြင်းဖြင့်လည်းကောင်း၊ ခေါင်းဆောင် ခိုမင်း ၏ စကားကို ပိုက်ကွန်အတွင်း ရောက်ရှိနေကြသော် လည်း အားမလျော့ ဇွဲမလျော့ ကြပဲ ခေါင်းဆောင်၏ စကားကို နာခံလိုက်နာကာ မိမိတို့၏ ပိုင်ဆိုင်ထားသည့် အတောင်နှစ်ဖက်၏ ပြင်းထန်သောအားအဟုန်ဖြင့် ပျံတက်ခြင်းဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြရခြင်းဖြစ်ပါတယ်... နံပါတ်နှစ်ပုံပြင်မှာလည်း ထို့အတူပါပဲ... တောဝက်ကလေးရဲ့စကားကို နားထောင်ခဲ့ကြတာကို တွေ့မြင်ကြရမှာပါ... ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီး အားကိုးရာမဲ့ နေ့စဉ်အသေခံနေကြရတဲ့ ၀က်တွေဟာ အင်အားကြီးမားသူကို စုပေါင်းအင်အားဖြင့် တွန်းလှန်ပြီး အသက်ဘေးမှ လွတ်ကင်းချမ်းသခဲ့ကြခြင်းဖြစ်ပါတယ်.... ဒီပုံပြင် နှစ်ပုဒ်စလုံးမှာ ခေါင်းဆောင်ကောင်းတွေရဲ့စကားများကို လိုက်နာခဲ့ကြတဲ့ အတွက် အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့ကြရတာလည်းအတူတူပင်ဖြစ်ပါတယ်... ခေါင်းဆောင်ခေါင်းတစ်ဦး ရရှိနေရုံဖြင့်လည်း အသက်ဘေး အန္တရာယ်ကနေ မလွတ်မြောက်နိုင်ကြပါဘူး.... အားလုံး လက်တွဲညီညီ စည်းစည်းလုံးလုံးဖြင့် ခေါင်းဆောင်၏စကားကို လိုက်နာခဲ့ကြသဖြင့်သာ ဘေးလွတ်ကင်းခဲ့ ရတာဖြစ်ကြောင်းကိုလည်း သုံးသပ်ဆင်ခြင်မိပါတယ်... အဓိကအားဖြင့်တော့ ခေါင်းဆောင်ကောင်းတစ်ယောက်ရရှိထားသည်မှန်သော်လည်း အောင်မြင်မှုရရှိစေရန်အတွက် ခေါင်းဆောင်တစ်ဦးတည်းရဲ့ ရုန်းကန် လှုပ်ရှားခြင်းတစ်ခုတည်းနဲ့တော့ အောင်မြင်ခြင်းသို့မရောက်ရှိနိုင်ပဲ နောက်လိုက်များအားလုံး ရဲ့ အားအင်ထုတ်သုံး မခိုမကပ်ကြပါမှ အောင်မြင်နိုင်သည်ကိုလည်း သင်ခန်းစာရရှိခဲ့ပါတယ်... အင်မတန် အဖိုးတန်တယ်လို့လည်း ထင်မြင်မိပါတယ်...
Image from google
အချုပ်အားဖြင့်ဆိုရသော် ကျွန်တော်တို့ Myanmar Steemit Community(MSC) တွင်လည်း ခေါင်းဆောင်ကောင်းတစ်ဦးရှိနေပါပြီ။ ကျွန်တော်တို့ နောက်လိုက်များက ခေါင်းဆောင်ရဲ့စကားကို နားထောင်ပြီး အားကုန် အင်ကုန် သုံးခြင်းဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်းကိုလည်း ဆင်ခြင်သုံးသပ်မိပါသည်။ ယခုအချိန်တွင် Promotion Post များတွင် ရရှိနေသော SBD များကလည်းနည်းသည့်အပြင်၊ ဈေးနှုန်းများကပါ ထိုးကျနေသောကြောင့် ကျွန်တော်တို့အများစုမှာ စိတ်ဓာတ်ကျ စိတ်ညစ် စိတ်ပျက်နေကြမည်ဟုလည်း ယူဆပါသည်။ သို့သော်လည်း ရေစီးတစ်ခါ ရေသာတစ်လှည့် ဆိုသည့် စကားအတိုင်း ကျွန်တော်တို့အတွက် အလှည့်ရောက်လာအုံးမည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ အားတင်းပြီး ကြိုစား အားထုတ်ကြပါရန်လည်း တိုက်တွန်း လိုပါသည်။ မိမိတို့၏ အားထုတ်မှုမပါဘဲ Copy သာကူးယူနေကြသောသူများကိုလည်း တွေ့ရှိနေရပါသည်။ အခြားသူများ၏ စာများကို တိုက်ရိုက်Copy မပြုလုပ်ကြပါရန်လည်း အကြံပြုအပ်ပါသည်။ အထက်ပါပုံပြင် နှစ်ပုဒ်ကိုစံနမူနာအဖြစ်ထားပြီး Myanmar Steemit Community(MSC) တွင်ရှိနေကြပါသော အဖွဲ့သားအားလုံးမှ ပူးပေါင်းပါဝင်ခြင်းဖြင့်လည်းကောင်း၊ မိမိတို့တတ်နိုင်စွမ်းသမျှ အင်အားထုတ်ကြိုးစားပေးကြခြင်းဖြင့်လည်းကောင်း Myanmar Steemit Community(MSC) ကြီး၏ ရှေ့ခရီးသာယာအောင်မြင်စေရေး၊ အဖွဲ့သားများ၏ အနာဂတ်ခရီးလမ်း ဖြောင့်ဖြူးသာယာအောင်မြင်စေရေးတို့အတွက် အားလုံး ပါဝင်ပူးပေါင်းကာ ညီညီညာညာ စည်းစည်းလုံးလုံး ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းအကြံပြုရင်းဖြင့် အဆုံးသတ် ရေးသားလိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
24-10-2017 အင်္ဂါနေ့(Tuesday)