တန်ဖိုးထားရင် အစဉ်ပြုပြင်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Steemit Platform တွင် စတင်စာရေးစဉ်ကမူ ဘာမှန်းမသိ ညာမှန်းမသိ ရေးချင်သလိုရေးခဲ့ကြောင်းကို Post တင်ခဲ့ဘူးပါသည်။ မိမိရေးသော စာများကို တန်ဖိုးထားရကောင်းလည်းမသိခဲ့ပါ။ စာရေးသက်တမ်း တစ်နှစ် ကျော်လာသောအချိန်တွင်မူ မိမိရေးခဲ့ပြီးသော စာများ၊ ဆက်လက်ရေးသားနေဆဲဖြစ်သောစာများကို အထိုက် အလျောက်တန်ဖိုးထားလာမိပါသည်။ မိမိထံသို့လာရောက်ဖတ်ရှုကာ Vote ပေးသူများ၊ Comment ရေးပေးကြသူများကိုလည်း တန်ဖိုးထားလာမိလာမိပါသည်။ ယခင်က Post တင်ပြီးပြစ်မထားခဲ့သော်လည်း မိမိတင်ထားသော Post တွင် Vote ပေးသူများနှင့် မိမိ Post ဘယ်လောက်ရနေသလဲဆိုသည်ကိုသာ အဓိကထားကာ အရင်ဆုံးကြည့်ဖြစ်ခဲ့ကြောင်း ၀န်ခံရပေမည်။ ယခုမူ ထိုသို့မဟုတ်တော့ပါ။ Post တင်ပြီးလျှင် မိမိပေးလိုက်သော Comment အား Reply လုပ်ထားခြင်းရှိမရှိနှင့် တင်ထားသော Post တွင် မည်သူက လာရောက်ဖတ်ရှုကာ Comment ပေးထားသလဲဆိုတာကို အရင်ကြည့်ဖြစ်ပါတော့သည်။ Reply ပြန်ရမည်ကိုလည်း ချက်ချင်းပြန်ဖြစ်လာပါသည်။ (၇)ရက်မပြည့်မီအချိန်အတွင်း မိမိ Post အား တတ်နိုင်သမျှ စကားလုံးပေါင်း၊ သတ်ပုံ၊ စာအထားအသိုတို့အား အချိန်ရလျှင်ရသလို ပြန်စစ်ဆေးနေမိတတ်ပါသည်။ အဘယ့်ကြောင့်ထိုသို့ စစ်ဆေးရပါသနည်းဆိုလျှင် မိမိစာများတွင် တတ်နိုင်သမျှ အမှားအယွင်း နည်းပါးကာ လာရောက်ဖတ်ရှုသူများ အဆင်ပြေစေရန်နှင့် Steemit မပျက်မစီး တည်ရှိနေသမျှ တည်တံ့နေမည့် မိမိ၏ စာများအား အမှားအယွင်း နည်းပါးစေလိုသောစိတ်ကြောင့်ဖြစ်ပါသည်။ (၇)ပြည့်သွားခဲ့သောအခါမှ အမှားကို မြင်သော်လည်း ပြုပြင်ခွင့်၊ ပြောင်းလဲခွင့်မရှိတော့ကြောင်း အားလုံးလည်း သိပြီးဖြစ်ပါသည်။ စာများအား ပြန်ဖတ်ကြည့်မိသည်ရှိသော် အမှားအယွင်းများသည် ကျွန်တော့်အား မျက်နှာပူစေပါသည်။ ထိုသို့သော အကြောင်းများကြောင့် တတ်နိုင်သမျှ အမှားနည်းပါးစေရန်အတွက် (၇)မတိုင်မီ အကြိမ်ကြိမ်ပြန်ဖတ်ကြည့်မိ ပါသည်။ ပြင်စရာ၊ ပြောင်းစရာ အမှားအယွင်းတစ်စုံတစ်ရာ တွေ့သည်နှင့် ချက်ချင်းပြန်လည်ပြုပြင် အစားထိုး မိပါတော့သည်။
အချို့လူများသည် Steemit တွင် မိမိတို့ရေးသားသော Post များကို အလျင်အမြန် တင်လိုက်ကြပေသည်။ ထိုသို့ Post တင်ပြီးသောအခါတွင် မိမိတို့သည် တင်လိုက်သော Post နှင့် မသက်ဆိုင်တော့သကဲ့သို့ မှတ်ယူထားကြလေသည်လားမသိပါ။ ပြန်လှည့်မကြည့်ကြတော့ပေ။ တင်ထားသော Post တွင် လာရောက်ဖတ်ရှုကာ Comment ရေးထားချက်များအား အပြည့်အစုံ Reply ပြန်သူပြန်ကြသည်။ Comment ကို အနည်းငယ်လောက်သာ Reply ပြန်သူ ပြန်ကြသည်။ တချို့သောသူများသည် Comment များကို လုံးဝ Reply မပြန်ကြတော့သည်ကိုလည်း မြင်တွေ့ရပါသည်။ သို့သော် လုံးဝ Reply မပြန်သူနည်းပါးလှပါသည်။ ထိုသို့ Comment များကို Reply ပြန်ကြ သော်လည်း မိမိရေးတင်လိုက်သော Post ကို ပြန်လည် စစ်ဆေး ဖတ်ရှုခြင်းမပြုကြတော့ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ပြန်လည်ဖတ်ရှုခြင်းမပြုတော့သည့်အတွက် မိမိတို့၏ မှားယွင်းနေသောစကာလုံးတို့အား မမြင်နိုင်တော့ ပေ။ မမြင်ကြသောအခါတွင် ပြုပြင်နိုင်ခြင်းလည်းမရှိတော့ပေ။ Steemit တွင် စာရေးနေသမျှကာလပတ်လုံး မိမိရေးသားခဲ့သည်ကို တာဝန်ခံကြရခြင်းဖြစ်ရာ အခြားသူများအားလည်း အမှားအယွင်းနည်းနည်းဖြင့် သမိုင်း ကျန်ရစ်စေချင်ပါသည်။ ရေးသားထားသော စာများသည် ကောင်းမွန်သော်လည်း အမှားအယွင်းများ အများအပြား ပါရှိနေပါက စာဖတ်သူအတွက် ကသိကအောက်ဖြစ်ကာ အဆင်မပြေဖြစ်တတ်ပါသည်။ ထိုသို့သော အကြောင်းများကြောင့် သေချာစွာ သိနေသော မှားယွင်းမှုများအား မြင်ရလျှင် စေတနာဖြင့် ပြုပြင်နိုင်စေရန် အသိပေးခဲ့ပါသည်။ ထိုသို့ အသိပေးသဖြင့် စိတ်ဆိုးသူများ ရှိချင်လည်း ရှိနေနိုင်ပါသည်။ သို့သော်လည်း စေတနာဖြင့် လုပ်ဆောင်ချက်ဖြစ်သဖြင့် နောင်လည်း ဆက်လက် အသိပေးနေမည်ဖြစ်ပါသည်။ မှားယွင်းနေသည်ဟု ထင်သော်လည်း မသေချာ မရေရာသော သတ်ပုံများ၊ စကားလုံးများကိုမူ အသိမပေးဖြစ် ခဲ့ပါ။ ဤနေရာတွင် အခြားသောမြန်မာအဖွဲ့သားများအားလည်း တောင်းဆိုလိုပါသည်။ အခြားတော့မဟုတ်ပါ။ မှားယွင်းနေသည်ဟု သိရှိပါက အသိပေးစေချင်ပါသည်။ ထိုသို့အသိပေးသဖြင့် စိတ်ဆိုးသူအနည်းငယ် ရှိနိုင် သော်လည်း ပြုပြင်ပေးစေလိုပါသည်။ ကျွန်တော့်စာများတွင်လည်း ဖတ်ရှုရအဆင်မပြေဖြစ်ခြင်းများ၊ မှားယွင်းမှု များအား တွေ့မြင်ပါက အသိပေးပါ။ မှားယွင်းမှုအားထောက်ပြပေးသည့်အတွက် အပြစ်မမြင်ပါ။ စိတ်မဆိုးပါ။ ပြုပြင်ရန် လက်မနှေးပါ။
မြန်မာစာ နှင့် မြန်မာစကားသည် ပျက်စီးယိုယွင်းလာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပါသည်။ ဆက်လက်၍ မှားယွင်းနေမည်ဆိုပါကလည်း မြန်မာစာ နှင့် မြန်မာစကားတို့သည် နောင်မျိုးဆက် တစ်ဆက်ခန့် တွင် ပျက်သုဉ်းပျောက်ကွယ်သွားနိုင်ပေသည်။ ထို့ကြောင့် Steemit Platform တွင် မြန်မာစာ မှန်ကန်မှုရှိစေရန် မိမိတို့တတ်စွမ်းသမျှ ကြိုးစားစေချင်ပါသည်။ သို့မှလည်း မြန်မာစာ နှင့် မြန်မာစကားသည် ပြန်လည်တိုးတက် လာနိုင်မည်ဖြစ်ပါသည်။ ယခုအခါ Facebook တွင်ပင် မြန်မာစာ နှင့် မြန်မာစကားကို အမှန်ဖြစ်စေရန်အတွက် ကြိုးစားရေးသားနေကြသူများကို မြင်တွေ့လာရသည်မှာ အလွန်ဝမ်းမြောက်ဖွယ်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့ သည်လည်း Steemit တွင် ကျွန်တော်တို့ တတ်စွမ်းသမျှ မြန်မာစာ နှင့် မြန်မာစကားကို မှန်ကန်စွာရေးသား ပြောဆိုနိုင်ရေးအတွက် ကြိုးစားသင့်ပါသည်။ နောင်တစ်ချိန်တွင် Steemit Platform သည် ယခုထက် ပိုမို ကျယ်ပြန့် အောင်မြင်လာပါက ကျွန်တော်တို့ ရေးသားထားသော စာများအား နောက်လူများဖတ်ရှုကြမည်သာ ဖြစ်ပါသည်။ ထိုအခါတွင် မှားယွင်းနေမှုများအတွက် မျက်နှာပူစရာ၊ ရှက်စရာကိစ္စတစ်ခုအဖြစ် ထင်မြင်မိပါသည်။ တခါတရံ အချိန်ရလျှင် Steemit တွင် ကျွန်တော်ရေးသားခဲ့စာများအား ပြန်လည်ကာ ဖတ်ရှုမိရာ အချို့သောစာများတွင် အမှားအယွင်းများကို မြင်တွေ့နေရသော်လည်း ပြင်ဆင်နိုင်ခွင့် မရှိတော့ပါ။ Steemit က ပြင်ဆင်ခွင့်မပေးတော့ပါ။ ပြင်ဆင်ခွင့်ရရှိနေသောအချိန်တွင် ပြင်ဆင်နိုင်ရန်အတွက် Post တင်ပြီး ပစ်မထားကြပါနှင့်ဟုလည်း တိုက်တွန်းလိုပါသည်။ မိမိတို့၏ကိုယ်တိုင်ရေးသားဖန်တီးချက်များအား နောင်တစ်ချိန်အတွက် တန်ဖိုးထားသင့်သည်ဟုလည်း ယူဆမိပါသည်။ မိမိတို့၏ Post များအား တန်ဖိုးထားပါက ပြုလုပ်သင့်သည်များကို ပြုလုပ်ကြပါရန် တိုက်တွန်းအကြံပြုပါသည်။
Steemit Post များသည် Facebook Post များကဲ့သို့ Post တင်ပြီးလျှင် ပြန်ဖျက်ပစ်ရန်မဖြစ်နိုင်ကြောင်း လူတိုင်းနားလည်ပါလိမ့်မည်။ ပြန်ဖျက်ပစ်ရန် မဖြစ်နိုင်သော်လည်း ပြန်လည်ပြုပြင်ရန်အတွက် အချိန်(၇)ရက်ရ ပါသေးသည်။ ထိုအချိန်အတောအတွင်း ဖတ်ရှု စစ်ဆေးကာ ပြုပြင် သင့်သည်တို့အား ပြုပြင်ကြပါဟုလည်း တိုက်တွန်းပါသည်။ ထို့အတူ အခြားသူများ၏ Post များအားလည်း ဖတ်ရှုသင့်သည်ဟုထင်ပါသည်။ အကုန်အစင် လိုက်လံဖတ်ရှုရမည်ဟု မဆိုလိုပါ။ ယခုအချိန်သည် Promotion ပေးနေခြင်းသည် နိုင်ငံခြား အကူအညီဖြင့်ပေးရသည်ဖြစ်သောကြောင့် MSC Admin Team အနေဖြင့် Comment, Vote ပြည့်စေရန် လိုက်လံ တိုက်တွန်းနိုင်သော်လည်း နောင်တစ်ချိန်မည်သို့ဖြစ်လာမည်မသိနိုင်ပါ။ ထိုသို့ တိုက်တွန်းသော်လည်း မကောင်းတတ်သဖြင့်သာ မိမိ Post ကို လာရောက်ကာ Vote, Comment လာပေးကြမည်ဖြစ်ပါသည်။ မိမိကိုယ်တိုင်က အခြားသူများ၏ Post တွင် ၀င်ရောက်ဖတ်ရှုခြင်းမရှိ၊ Vote, Comment ပေးခြင်းမရှိပါက အခြားသူများသည်လည်း မိမိ Post အား လာရောက် ဖတ်ရှုခြင်း၊ Vote, Comment ပေးခြင်း ပြုလုပ်ကြလိမ့်မည် မဟုတ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။ အဓိကအားဖြင့် တိုက်တွန်းလိုသည်မှာ ကိုယ်တိုင် အားထုတ် ရေးသားဖန်တီးချက်များအား တန်ဖိုးထားကြပါ။ အခြားသူများ၏ Post များကို ဖတ်ပါ၊ Vote, Comment ပေးပါ။ မိမိ Post အား လာရောက်ဖတ်ရှုကာ Vote, Comment ပေးကြသူများကိုလည်း Reply ပြန်ပေးကြပါ။ အမှားအယွင်းများအားလည်း မည်သူ့ကိုမဆို ဝေဖန် ထောက်ပြ ပြုပြင်ပေးစေလိုပါသည်။ ထိုသို့ပြုပြင်ပေးခံရသူများသည်လည်း ပြုပြင်ပေးသူတို့အား စိတ်မခုကြစေလိုပါ။ သို့မှသာလည်း ရေရှည် စည်းလုံးမှု၊ အောင်မြင်မှုတို့ ရရှိမည်ဖြစ်ပါကြောင်း ရေးသား တိုက်တွန်း(တိုက်တွန်း)ရင်း ရပ်နားလိုက်ပါသည်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
31-Aug-2018 သောကြာနေ့(Friday)