တန်ဖိုးရှိသော ပုံပြင်လေးများ_ (၁၁)ဘ၀အတွက် မိတ်ဆွေ(Valuable Stories_Friends For Life) Episode 11

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



friends for life copy.png

Image from google


လူ့လောက လူ့အသိုင်းအ၀ိုင်းတွင် တစ်ဦးတစ်ယောက်တည်းရပ်တည်နိုင်ရန်မဖြစ်နိုင်ကြောင်းကို အကြိမ်ကြိမ် ရေးသားခဲ့ဖူးပါသည်။ ယခုလည်းထပ်မံရေးသားပါဦးမည်။ အဘယ့်ကြောင့်ဆိုသော် မိတ်ဆွေ သူငယ်ချင်း အပေါင်း အသင်းများမရှိပဲနှင့် အောင်မြင်သောဘ၀ပိုင်ရှင်တစ်ယောက်၊ အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် အဖြစ်ရောက်ရှိလာသူ တစ်ယောက်မျှပင်ရှိမည်မထင်သောကြောင့်ဖြစ်ပါသည်။ အရသာရှိသော ဟင်းတစ်ခွက် ဖြစ်ရန်အတွက် ဆားသည် မပါမဖြစ်သကဲ့သို့ပင် အောင်မြင်ကြီးပွားလိုသောသူတို့သည် မိတ်ဆွေကောင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးအားလည်း ဘ၀အတွက် မိတ်ဆွေ ဟုပင် ခေါင်းစဉ်တပ်လိုက်ပါသည်။

ဘ၀အတွက် မိတ်ဆွေ(Friends For Life)


ပုံပြင်လေးများကို ရေးမတင်ဖြစ်သည်မှာလည်းအတော်ပင်ကြာကြောင်းခဲ့ပြီထင်ပါသည်။ ထို့ကြောင့် ပုံပြင်လေးများ မှ ကောင်းနိုးရာရာပုံပြင်များထဲမှာ အတုယူစရာ၊ သင်ခန်းစာယူစရာ လေးများအား မီးမောင်းထိုးပြနိုင်သော ပုံပြင် လေးများအား ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ကလေးများအား ပုံပြောပြနေသည်ဟု မထင်မှတ်ပါလေနှင့်။ ရှေးလူတို့၏ အမှား အမှန် တို့အား အတုယူတတ်ကြစေရန် ရည်ရွယ်ချက်ဖြင့်ရေးသားပါသည်။ ပုံပြင်ဟုဆိုသော်လည်း မှတ်သားစရာ၊ အတုယူစရာများသာဖြစ်ပါသည်။ ပုံပြင်ကလေးကို ဖတ်ရှုအားပေး လိုက်ကြပါအုံးခင်ဗျာ။


palace.png

Image from google


ရှေးလွန်လေပြီးသောအခါကာလ တိုင်းပြည်ကြီးတစ်ခုမှာ အင်မတန်ဆင်းရဲနွမ်းပါးတဲ့ လူငယ်လေးတစ်ယောက် ရှိပါသတဲ့... အဲဒီလူငယ်လေးဟာ ရိုးသားကြိုးစားစွာ နေထိုင်ပေမယ့်လည်း ဆင်းရဲနွမ်းပါးလွန်းတယ်လို့ဆိုပါ တယ်... အဲဒီလူငယ်လေးဟာ သူဌေးသမီးတစ်ဦးနဲ့ လူငယ်သဘာဝချစ်ကြိုက်မိတယ်ဆိုပဲ...(စွမ်းချက်ဗျာ... ကျွန်တော်တို့ MSC ကလူပျိုကြီးတွေနဲ့များကွာပါ့ဗျာ)... အဲလိုလူငယ်ဘာဝ ချစ်ကြိုက်မိခဲ့ကြရာကနေ တစ်နေ့တော့ လူငယ်က သူဌေးသမီးလေးကို ထိမ်းမြားလက်ထပ်ရန်အတွက် စေ့စပ်လိုကြောင်းပြောတယ်တဲ့ဗျ... အဲဒီလိုစေ့စပ် လိုကြောင်းပြောတော့ သူဌေးသမီးလေးက "အသင်တွင် မိတ်ဆွေကောင်း၊ ခင်ပွန်းကောင်းအဖြစ်နဲ့ ပေါင်းသင်းဆက်ဆံဖူးသူများ ရှိပါသလား" လို့ မေးတယ်ဆိုပဲ... သူဌေးသမီးလေးက ပညာရှိပုံပဲဗျ... ဒီတော့ လူငယ်လေးက "မိမိတွင် မိတ်ဆွေ ခင်ပွန်းကောင်းများ ပေါင်းသင်းနေသူ မရှိသေးပါ" လို့ပြန်ဖြေသတဲ့... လူငယ်လေးကလည်း အင်မတန်ရိုးသားပုံရပါတယ်ဗျာ... ဒီတော့ သူဌေးသမီးလေးက "အမောင် သင့်တွင် မိတ်ဆွေကောင်း ခင်ပွန်းကောင်းကို ရှာဖွေပါအုံးလေ အဲဒီနောက်မှ ထိမ်းမြားလက်ထပ်ကြတာပေါ့" လို့ပြောလိုက်တယ်ဆိုပဲ... ဒီတော့ လူငယ်လေးဟာလည်း မိတ်ကောင်းဆွေကောင်း ရှာဖို့ရန်စဉ်းစားရတော့တယ် ပေါ့ဗျာ... လူငယ်လေးကလည်း အမြှော်အမြင်တော့ရှိမယ်ဗျ... ပထမဦးဆုံး လေးဘက် လေးတန် မြို့တံခါးတွေကို စောင့်ရတဲ့ တံခါးမှူး တံခါးစောင့်များနဲ့ မိတ်ဆွေဖွဲ့သတဲ့... အဲဒီနောက် တစ်ဆင့်ချင်းစီတက်ပြီး တံခါးစောင့်များ၊ တံခါးမှူးများရဲ့အကူအညီနဲ့ မြို့စောင့်များ၊ မြို့သူကြီးများနဲ့ ထပ်မံ မိတ်ဆွေဖွဲ့တယ်တဲ့...အဲဒီနောက် မြို့စောင့်များ၊ မြို့သူကြီးများရဲ့ အကူအညီကိုရယူပြီး မှူးကြီး မတ်ကြီးများနဲ့ မိတ်ဆွေဖွဲ့တယ်... အဲဒီနောက် တိုင်းပြည်ရဲ့ စစ်သူကြီး၊ အိမ်ရှေ့မင်းသား အဆင့်ဆင့် မိတ်ဆွေဖွဲ့လာလိုက်တာ နောက်ဆုံး မှာတော့ တိုင်းပြည်ရဲ့ အရှင်သခင် တိုင်းပြည်ကို အစိုးရတဲ့ ပြည့်ရှင်မင်းကြီးနဲ့ပါ မိတ်ဆွေဖြစ်သွားတယ်ဆိုပဲဗျ... စွမ်းချက်ဗျာ... ကျွန်တော်ဆို ရပ်ကွက်ထဲကလူတွေနဲ့တောင် မိတ်ဆွေကောင်းကောင်းဖြစ်ဘူးဗျ...


02.png

Image from google


အဲဒီလောက်တင်မကပါဘူး... လူငယ်လေးဟာဆိုရင် ဘာသာတရားဘက်မှာလည်း ရဟန်း သံဃာတော်များအား လည်း မိတ်ဆွေဖွဲ့ထားပါသတဲ့ဗျာ... ဒီတော့ တိုတိုပြောကြပါစို့... တိုင်းပြည်အစိုးရတဲ့ ပြည့်ရှင်မင်းကြီးက လူငယ် လေးကို ဌာနတစ်ခုအုပ်ချုပ်စေဖို့ နေရာပေးလိုက်တယ်လို့ဆိုပါတယ်... အဲဒီနောက်မှာ လူငယ်လေးက သူဌေးသမီး ကို သူ့မှာ မိတ်ကောင်းဆွေကောင်းများ ရှိနေပြီဖြစ်ကြောင်း ပြောကြားပြီး သူဌေးသမီးလေးကလည်း လက်ခံတာနဲ့ တောင်းရမ်းလက်ထပ်ဖို့ မင်းကြီးကိုယ်တိုင်ကနေ ကမ်းလှမ်းလိုက်တော့ သူဌေးသမီးလေးရဲ့ဖခင်ကြီး ပြာပြာသလဲနဲ့ ၀မ်းမြောက် ၀မ်းသာစွာနဲ့ လက်ခံလိုက်ရတယ်ပေါ့... ပြည့်ရှင်မင်းရဲ့ ကမ်းလှမ်းချက်လေ... ဘယ်သူငြင်းရဲမလဲ နော... လူငယ်လေးနဲ့ သူဌေးသမီးလေးကို သူဌေးကြီးကပင် အင်မတန်ကောင်းမွန်လှတဲ့ အိမ်ကြီးတစ်လုံး ကိုယ်တိုင်ကြီးကြပ်ဆောက်လုပ်ပေးပြီး သူ့ရဲ့ ချစ်သမီးနဲ့ ပေးစားလိုက်တယ်လို့ဆိုပါတယ်... သူတို့ရဲ့ လက်ထပ် မင်္ဂလာပွဲဟာလည်း ရေမြေ သနင်းပြည့်ရှင်မင်းကြီး ကိုယ်တိုင်က ဦးစီးကျင်းပပေးတယ်ဆိုတော့ ဘယ်နှယ့်ဗျာ မစည်ကားပဲနေမတုံးဗျာ... စည်ကားချက်အလွန်ဖြစ်မယ်ပေါ့ဗျာ... မင်းကြီးကနေအစ လက်ဆောင်ပစ္စည်းတွေပေး တော့ ကျန်နေတဲ့ မှူးကြီး မတ်ကြီး စစ်သေနာပတိ အောက်လက်ငယ်သားများ ဘယ်မပေးပဲ နေနိုင်တော့မလဲဗျ... လက်ဆောင်များကလည်း အင်မတန်များပြားလှတယ်ဆိုပါတယ်ဗျာ... ဥာဏ်ပညာအမျှော်အမြင်ရှိတဲ့ သူဌေးသမီး လေးကလည်း အင်မတန်အတုယူစရာ ကောင်းလှတဲ့ လုပ်ရပ်ကလေးထပ်လုပ်လိုက်ပါတယ်... အဲဒီလုပ်ရပ်မျိုးကို လုပ်နိုင်ဖို့လည်း အတော်ခက်ခဲမယ်ထင်တယ်ဗျာ... သူဌေးသမီးလေး လုပ်လိုက်တဲ့လုပ်ရပ်ကတော့ မင်းကြီးက ပေးသနားတဲ့ လက်ဆောင်ကို အိမ်ရှေ့မင်းကိုပြန်ပို့ပေးတယ်... အိမ်ရှေ့မင်းက ပေးသနားတဲ့ လက်ဆောင်ကို အမတ်ကြီးကို ပြန်ပို့ပေးတယ်... အမတ်ကြီးပေးတဲ့လက်ဆောင်ကို စစ်သေနာပတိ ကိုပြန်ပို့ပေးလိုက်ပါတယ်... အဲဒီလိုနည်းနဲ့ နောက်ထပ်တစ်ဖန် ပြန်ပြီး မိတ်ဆွေဖွဲ့လိုက်တယ်တဲ့ဗျာ... သိပ်ကောင်းတဲ့လက်ဆောင်တွေဖြစ်မှာ ပါပဲ... လက်ထပ်ထိမ်းမြားပြီးလို့ နောက်ရက်မှာတော့ သံဃာတော်အရှင်သူမြတ် အပါး(၅၀၀) ကိုပင့်ဖိတ်ပြီး ဆွမ်းလုပ်ကျွေးမှုကိုပြုလုပ်လိုက်ပါသေးတယ်... မိတ်ဆွေတွေထဲမှာ သံဃာတော်များလည်း ပါသေးပေသကိုး... ပုံပြင်လေးကတော့ ဒီနေရာမှာတင် အဆုံးသတ်သွားပါပြီ...


03.png

Image from google


ပုံပြင်ကနေ ကျွန်တော်တို့ ဘာတွေ ရလိုက်ပါသလဲ... စဉ်းစားကြည့်ရအောင်ဗျာ... စာဖတ်တာပဲဖြစ်ဖြစ်... ရုပ်ရှင် ဗီဒီယိုကြည့်တာပဲဖြစ်ဖြစ် မှတ်သားစရာလေးတွေ သင်ခန်းစာယူစရာလေးတွေ ယူတတ်မယ်ဆို ရတတ်ပါတယ် ဗျ... အဲလိုမှ သင်ခန်းစာမယူလိုက်နိုင်ဖူးဆိုရင် စာဖတ်လည်း အချိန်ကုန်မယ်... ရုပ်ရှင် ဗီဒီယိုကြည့်လဲ အချိန်ကုန်မယ်ဖြစ်တတ်တယ်ဗျ... အပျင်းပြေဆိုပေမယ့် တန်ဖိုးရှိတဲ့အရာလေးတွေတော့ ရယူသွားသင့်တယ်လို့ ထင်လို့ပါ... ပျော်ရွှင်တဲ့ခံစားချက် တစ်ခုပဲဖြစ်ဖြစ်ပေါ့လေ... ပုံပြင်လေးကနေ မိတ်ဆွေကောင်းများ၏ အရေးပါမှု နဲ့ မျက်မှောက်ဘ၀အကျိုးတရားရရှိမှုများကို မြင်တွေ့ခံစားနိုင်ပါတယ်... အသိဥာဏ်ပညာမျှော်မြင်မှု ကောင်းမှုကြောင့် မိတ်ဆွေကောင်းဖြစ်မှု အဓွန့်ရှည်နိုင်တယ်ဆိုတာကိုလည်း ခံစားလိုက်မိပါတယ်... တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဘ၀မှာ မဟာမိတ်အင်အားလိုအပ်ပါတယ် ဆိုတာကို တွေ့ရပါတယ်... မဟာမိတ်အင်အား ကြီးမားရင် ကြီးမားသလောက် အကျိုးသက်ရောက်မှုလည်း ကွာခြားပါတယ်... လူငယ်ရဲ့ အမျှော်အမြင်နဲ့ မိတ်ဆွေကောင်းရှာဖွေနိုင်မှုကိုလည်း အားကျမိပါတယ်ဗျာ... ယခုခေတ်ကာလတွင်လည်း ပင်လယ်သမုဒ္ဒရာကြီးတွေကို ကျော်လွန်ကာ အခြားနိုင်ငံများသို့ မိတ်ဆွေဖွဲ့နေမှုက မိတ်ဆွေလိုအပ်တယ်ဆိုတာ ထင်ရှားတဲ့ သာဓကတစ်ခုဖြစ်မယ်ထင်ပါတယ်... အဲဒီတော့ ပြောလိုတာကတော့ ကိုယ့်ဘ၀ တိုးတက်အောင်မြင် ချင်တယ်ဆိုရင် မိတ်ဆွေကောင်း အမှန်တကယ်လိုအပ်တယ်ဆိုတာ ရေးသားလိုက်ရပါတယ်ဗျာ... "မိတ်ဆွေအင်အားနည်းပါးနေမယ်ဆိုရင်တော့ ဘယ်လောက်ပဲတော်နေပါစေ... လိုရာခရီးကိုရောက်ဖို့ အောင်မြင်ကြီးပွားချမ်းသာဖို့အတွက် ခရီးတွင်မယ်မဟုတ်ပါဘူး" အော် ကြုံလို့ ကြားဖူးတဲ့ စကားလေးပြောလိုက်ပါအုံးမယ်... လူတိုင်းလည်း ကြားဖူးလောက်ပါမယ်... မေ့နေမှာစိုးလို့ပါ...

"ရန်သူတစ်ယောက်ရှိနေတယ်ဆိုရင်တောင် အင်မတန်များနေပါတယ် တဲ့.... မိတ်ဆွေ အယောက်(၁၀၀၀)ရှိနေ တယ်ဆိုရင်တောင်မှ အင်မတန်နည်းပါတယ် တဲ့"


01.png

Image from google


မိတ်ကောင်းဆွေကောင်းကို ထပ်မံရှာဖွေစုဆောင်းနိုင်ကြပါစေဗျာ....


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

29-12-2017 သောကြာနေ့(Friday)