တန်ရာတန်ကြေးပေးဆပ်ကြရမည်သာ (You Have To Pay The Price)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
ဒီနေ့က တကယ့်ကို မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်သွားပါတယ်ဗျာ။ ဘာကြောင့်လဲဆိုတာတော့အောက်မှာရေးထားပါတယ်။ ဖတ်ကြည့်ကြပါ။ မင်္ဂလာလို့ပြောလို့ရနိုင်သလို ဂုဏ်ယူ ၀မ်းမြောက်စရာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်း Leader ကိုဟင်နရီအောင် @kachinhenry ရဲ့ ကြိုးစားလမ်းညွှန်ပေးမှု၊ ထိန်းကွပ်ပေးမှု များကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်လေးတွေပါ။ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ STeemit အားလည်းအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
လောကကြီးတွင် မည့်သည့်အရာကိုမျှ အလကားရခြင်းမရှိပါချေ။ အလကားရသည်ဆိုသောစကားသည် အမှန်တကယ်တွင် အလကားရရှိသည်မဟုတ်ကြောင်း နားလည်သိရှိသူများ အလွန်နည်းပါးပေလိမ့်မည်။ အလကားရသည်ဟု ဆိုသောအရာရှိပါက ကျွန်တော့်အားပြောပြပေးစေလိုပါသည်။ ကျွန်တော်၏ နည်းပါးလှသော ဥာဏ်ပညာကြောင့် အလကားဆိုသောအရာကို ယနေ့အချိန်ထိ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်းကို ၀န်ခံရပေမည်။ ကျွန်တော်၏အတွေ့အကြုံများအရ ပြောပြရမည်ဆိုပါက လမ်းတွင် အခြားသူများ ကျကျန်နေသော တစ်သောင်းတန်တစ်ရွက်ကို တွေ့ကြမည်ဆိုပါစို့။ ထိုတစ်သောင်းတန်အား မိမိအားထုတ်မှု တစ်ခုမျှ မပါဝင်ပါပဲနှင့် ရယူနိုင်မည်ဟု ချစ်မိတ်ဆွေများထင်ပါသလား။ ထိုကျကျန်နေသော တစ်သောင်းတန် လေးသည် မိမိတို့၏ ပိုက်ဆံအိတ်အတွင်းသို့ အလိုအလျောက် ခုန်ဝင်လာမည်ဟု ထင်ပါသလား။ ဖြေကြည့်စေချင်ပါသည်။ ကျွန်တော့်အဖြေကိုလည်းပြောပြပေးပါမည်။ ကျွန်တော်အဖြေကတော့ မိမိတို့၏ အားထုတ်မှု တစ်စုံတစ်ရာ မပါဝင်ပါဘဲနှင့် ထိုတစ်သောင်းတန်သည် မိမိတို့၏ ပိုက်ဆံအိတ်အတွင်းသို့ အလိုအလျောက် ခုန်ဝင်ရောက်ရှိလာမည်တော့ မဟုတ်ပါကြောင်းပါခင်ဗျာ။ ထိုတစ်သောင်းတန်အား လိုချင်ပါက အနည်းဆုံး ဖင်လေးတော့ကုန်းပြီး ကောက်ယူလိုက်ရမည်ဖြစ်ပါသည်။ ဒူးလေးတော့ထောက်ပြီး ဆောင့်ကြောင့်လေးတော့ထိုင်ပြီး လက်ဖြင့်ကောက်ယူလိုက်မှသာလျင် မိမိတို့၏ ပိုက်ဆံအိတ်အတွင်းသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ မည်သည့်အရာမျှ ကိုယ်တိုင်အားထုတ် ကြိုးပမ်းမှုမပါဘဲနှင့် မရရှိနိုင်ပါချေ။
Image from google
ကျွန်တော်တို့အသက်ရှင်ရန်အတွက် အရေးကြီးလှပါသော လေကို မိမိတို့၏ အားထုတ်မှုမပါပါဘဲနှင့် အသက်ရှင်နေနိုင်မည်ဟု ထင်ပါသလား။ ချစ်မိတ်ဆွေတို့ အသက်ရှင်သန်ရန်အတွက် နှာခေါင်းမှသော်လည်းကောင်း၊ ပါးစပ်မှသော်လည်းကောင်း လေကိုရှုသွင်းခြင်းပြုလုပ်ကြရပေသည်။ ထိုကဲ့သို့ လေကိုရှုသွင်းခြင်းမပြုပါဘဲနှင့် အသက်ရှင်နေမည်မဟုတ်။ ထိုအကြောင်းအရာကို အသက်ရှုရန်ခက်ခဲနေသူများ ပိုမိုသိရှိမည်ထင်ပါသည်။ လေကို အလုအယက် ရူသွင်း ရူထုတ်ပြုလုပ်နေကြရသည်ကိုလည်း မြင်တွေ့ဘူးကြသူများလည်း ရှိမည်ထင်ပါသည်။ အသက်ရှင်ရန်အတွက် အလွန်တရာ အရေးကြီးလေကို ခက်ခဲစွာဖြင့် ကြိုးပမ်းအားထုတ်နေကြရသည်ကိုလည်း တွေ့ဘူး မြင်ဘူးကြမည်ထင်ပါသည်။ မည်သည့်အရာမှ အလကားမရနိုင်ပါ။ တန်ရာတန်ကြေးတော့ပေးဆပ်ကြရစမြဲဖြစ်ပါသည်။
လူ့လောက လူ့ဘ၀ကြီးတွင် ရုန်းကန်နေကြရသည်မှာ လူတိုင်းပင်ဖြစ်ပါမည်။ လူလောတွင်သာမဟုတ်ပါချေ။ တိရစ္ဆာန်လောကတွင်လည်း အသက်ရှင်ရန် အစားစာရန် နေထိုင်ကြရန်တို့အတွက် ရုန်းကြ ကန်ကြ ရပါသည်။ သို့သော် လောကကြီးတွင် ထိုသို့ရုန်းကန်နေကြရသည်ကို လက်မြှောက်အရှုံးပေးခြင်းသည် လူညံ့တို့၏ အလုပ်သာဖြစ်ပေမည်။ လူတော်တို့သည် မည်သည့်အခါမျှ အရှုံးမပေးပါ။ လောကအခက်အခဲများနှင့်တွေ့ကြုံ တိုင်းသာ လက်မြှောက်အရှုံးပေးနေရမည်ဆိုပါလျင် အောင်မြင်သောလူတစ်ယောက် အဘယ်မှာ ရှိလာနိုင်ပါမည်နည်း။ သို့သော် လောကလူ့ဘုံအသိုင်းအ၀ိုင်းတွင် အောင်မြင်နေသူများ အများအပြားပင်ရှိသည်ကိုလည်း မြင်တွေ့နေကြရပါသည်။ လေတိုက်တိုင်း လွင့်ကြွေနေရမည်ဆိုပါလျင် ပန်းများအဘယ်သို့ ပွင့်ပြီး အသီးများ အဘယ်သို့ ကျန်နေနိုင်ပါမည်နည်း။
Image from google
ကျွန်တော်တို့ ယခုဝင်ရောက်လုပ်ကိုင်ဆောင်ရွက်နေကြပါသော Myanmar Steemit Community သည် ရှေ့ အလားအလာ ကောင်းများကို တွေ့မြင်နေရပြီဖြစ်သကဲ့သို့ ဖျက်ဆီးလိုသော အဖျက်သမားများလည်း အများအပြားရှိနေတတ်သည်ကိုလည်း လက်ခံနိုင်ကြရပေမည်။ အဖျက်သမားသည် အဖျက်လုပ်ငန်းများကိုသာ စဉ်းစားမည်ဖြစ်သလို အများကောင်းကျိုးစဉ်းစားသူများသည်လည်း ကောင်းကျိုးချမ်းသာရမည့် အကြောင်းရင်း များကိုသာ စဉ်းစားသင့်လှပေသည်။ ကိုယ့်အလုပ် ကိုယ်လုပ်နေကြသူများသာဖြစ်ပါသည်။ ကိုယ့်သမိုင်း ကိုယ်ရေးကြရမည်ဖြစ်ပါသည်။ ထိုအကြောင်းကို ကျွန်တော်ရေးသားခဲ့ပြီးဖြစ်သောဆောင်းပါးများတွင် ရှာဖွေပြီး blog https://steemit.com/@ansoe တွင် ဖတ်ရှုနိုင်ပါသည်။
"အများအကျိုး ရွက်သယ်ပိုးက မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့" ဟု ကျေးဇူးတော်ရှင် ရွှေဟင်္သာဆရာတော်ဘုရားကြီး မှ မိန့်ကြားခဲ့သည်ကိုလည်း နှလုံးသွင်းမှတ်သားခဲ့မိပါ သည်။ ယနေ့ 2-10-2017(တနင်္လာနေ့)တွင် Myanmar Steemit Community(MSC) ၏ Leader ဖြစ်သူ ကိုဟင်နရီအောင် @kachinhenry မှ သတင်းကောင်းလေးတစ်ခုပြောကြားလာခဲ့ပါသည်။ ထိုသတင်းကောင်း လေးသည် ကျွန်တော်တို့ ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်နေသော MSC ကို နိုင်ငံတကာမှ အသိအမှတ်ပြုသည့် အနေဖြင့် Main Topic (၅၀) ထဲတွင် Myanmar Topic အား ထည့်သွင်းလာခြင်းပင်ဖြစ်ပါသည်။ ထိုသို့ထည့်သွင်း လာခြင်းသည် အလိုအလျောက် Steemit မှာ သဘောထားကောင်းလွန်းစွာဖြင့် အသိအမှတ်ပြု ထည့်သွင်းပေးလာသည်ဟု ချစ်မိတ်ဆွေများ ထင်ပါသလား။ Myanmar Steemit Community အဖွဲ့သားများပူးပေါင်းကူညီမှု Leader ကိုဟင်နရီအောင် @kachinhenry ၏ ကြိုးပမ်းအားထုတ်မှုကြောင့်သာ ထိုအကျိုးတရားဖြစ်ထွန်းပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ အလကား နေရင်ထိုင်ရင်း ရရှိလာသောအကျိုးတရားမဟုတ်ပါ။ အကြောင်းတရားမရှိပါပဲနှင့် မည်သည့် အကျိုးတရားမျှ ဖြစ်ပေါ်လာမည်မဟုတ်ပါချေ။ ကောင်းတာလုပ်လျင် ကောင်းကျိုးရပါမည်။ မကောင်းတာလုပ်လျင် မကောင်းကျိုးရပါမည်။
Image from google
အထက်ဖော်ပြပါ သတင်းကောင်းသည် အလွန်ဂုဏ်ယူစရာကောင်းသလို အလွန်တာဝန်ကြီးသွားသည်ကိုလည်း မြင်မိပါသည်။ ဂုဏ်ယူမိသည်ကား ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကြိုးစားရကျိုးနပ်လာသည့်အတွက်ပါ။ တာဝန်ကြီးသွား သည်ကတော့ Myanmar Tag အောက်တွင် ရေးသားကြသောသူများအတွက် ကျွန်တော်တို့ မြန်မာနိုင်ငံမှ တာဝန်ခံကြရတော့မည် ဖြစ်သောကြောင့်ပါပေ။ မြန်မာဆိုသော ခေါင်းစဉ်တပ်ကာ လုပ်ချင်ရာလုပ်နေကြသောသူများ အများအပြားရှိ နေပါသေးသည်။ ပိုက်ဆံတစ်ခုတည်းအတွက် အလုပ်လုပ်နေကြသူ အများအပြားကိုလည်း ကျွန်တော်တို့ မြင်တွေ့နေကြရသောကြောင့် တက်သစ်စ မြန်မာအတွက် အလွန်တရာ ရင်လေးမိသောကြောင့်လည်းဖြစ်ပါ သည်။ ကျွန်တော်သည်လည်း ပိုက်ဆံလိုချင်သောကြောင့် စာများကိုရေးနေရပါသည်။ စာရေးဆရာတစ်ယောက် တော့ဖြင့်မဟုတ်ပါချေ။ သို့သော် မြန်မာနိုင်ငံအား အလွန်ချစ်မြတ်နိုးပါသောကြောင့် မြန်မာနိုင်ငံအား ပါးစပ်ဖြင့် ချစ်ပြမနေပါဘဲ လက်တွေ့လုပ်ကိုင်ပြသနေခြင်းဖြစ်ပါသည်။ အလွန်ကြီးကျယ်ရာရောက်နေမည်ထင်ပါသည်။ သို့သော် ပါးစပ်ဖြင့် မြန်မာနိုင်ငံကို ချစ်နေသူများထက်တော့သာမည်ထင်ပါသည်။ တစ်ချိန်ချိန်တွင်တော့ ကျွန်တော်လည်း စာရေးဖြစ်မည်မဟုတ်တော့ပါ။ သို့သော် ယခုတော့မဟုတ်သေးပါ။ မြန်မာဆိုသောအမည်ကို နိုင်ငံတကာမှ လက်ခံလာသည်အထိ မိမိတတ်နိုင်သလောက်တော့ ကြိုးစားပါအုံးမည်။ ထိုသို့ ကြိုးစား ဆောင်ရွက်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ ရမည်မဟုတ်ပါချေ။ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ချစ်မိတ်ဆွေများအားလုံးလည်း ၀ိုင်းဝန်းကြိုးပမ်းကြမည်ဟုလည်း ထင်ပါသည်။ မြန်မာလူမျိုး မြန်မာနိုင်ငံအတွက် ၀ိုင်းဝန်းကြိုးပမ်းစေချင်ပါသည်။ ကြီးကြီးကျယ်ကျယ်တွေလျောက်ပြောနေသည်ဟု မထင်စေလိုပါ။ အမှန်တကယ် ကြိုးစားကြမည်ဆိုလျင် အမှန်တက်ယ်ဖြစ်မြောက် အောင်မြင်မည် ဖြစ်ပါသည်။
Image from google
မျိုးဆက်သစ်ဖြစ်ကြပါသော Myanmar Steemit Community တွင်ဝင်ရောက်လုပ်ကိုင်နေကြပါသော လူငယ် လူရွယ်အပေါင်းအားလည်း တစ်ခုလောက်တော့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။ မိမိတို့သည် မြန်မာနိုင်ငံအား အမှန်တကယ်ချစ်မြတ်နိုးကြသည်ဆိုပါက မြန်မာနိုင်ငံအား ထိခိုက်စေမည့် အကြောင်းအရာများအားမပြုလုပ်မိကြပါရန်နှင့် ပြုလုပ်မိပါကလည်း တန်ရာတန်ကြေး ပေးဆပ်ရမည်ဖြစ်ပါ ကြောင်း ပြောကြားလိုပါသည်။ တိုက်တွန်းချက်အနေဖြင့် မိမိတို့သည် မြန်မာနိုင်ငံအား အမှန်တကယ်ချစ်မြတ်နိုး သည်ဆိုပါက မိမိတို့၏ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသော တစ်ခုတည်းသော ပြင်းပြသောဆန္ဒ၊ မဆုတ်မနစ်သော ဇွဲ လုံ့လ၊ ဥာဏ်ပညာထက်သန်စွာဖြင့် ၀ိုင်းဝန်းကူညီတည်ဆောက်ကြပါရန် တိုက်တွန်းရင်းဖြင့် ဆောင်းပါးအား အဆုံးသတ်လိုက်ပါသည်ခင်ဗျာ။ ၀ိုင်းဝန်းကြိုးပမ်းကြပါသော Myanmar Steemit Community အဖွဲ့သားများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျား။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
Myanmar Steemit Community
2-10-2017(Monday)