တစ်ယောက်ထဲလား (Are You Alone?)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



r u alone copy.png

Image from google


ဘ၀တွင် အပူမရှာချင်ဟုဆိုကာ တစ်ကိုယ်တည်းနေထိုင်ကြပါကုန်သော MSC မှ အပျိုကြီး လူပျိုကြီး များစဉ်းစားနိုင် အတွက် ယခုဆောင်းပါအား ရေးတင်လိုက်ပါသည်။ လူပိုကြီး အပိုကြီးများ မဖြစ်ကြပါစေရန်လည်း ဆုတောင်းလိုက်ပါတယ်။ ဘ၀၏လက်တွဲဖော်ရှာဖွေသင့် မသင့်ကိုလည်း စဉ်းစားရင်းဖြင့် အချိန်မလွန်ကြပါစေရန် လည်း အကြံပြုလိုက်ရပေသည်။ လူ့လောက လူ့အသိုင်းအ၀ိုင်းတွင် လူတစ်ယောက်တည်း ရပ်တည်နေထိုင်ရန်အတွက်မဖြစ်နိုင်ကြပါသောကြောင့် အသိုင်းအ၀ိုင်းများဖြင့် နေထိုင်လာကြသည်မှာ ရှေးဦးလူတို့ကတည်းကဖြစ်ပါသည်။ တစ်ဦးတည်းနေထိုင်ရန် ဖြစ်နိုင်မည်ဆိုပါက မည်သူမျှ အခြားသူများအား မိမိအနားတွင် ထားချင်ကြမည်မဟုတ်ကြပါ။ ငါတစ်ယောက်တည်း နေရတာ အေးချမ်းပါတယ်လို့လည်း ပြောဆိုနိုင်ပါသည်။ သို့သော် လူတို့သည် တစ်ယောက် တည်းနေနိုင်သော သတ္တ၀ါများမဟုတ်ကြပါ။ ထို့ကြောင့် တစ်ယောက်တည်းမနေနိုင်ကြပါ။ ကျွန်တော်သည်လည်း တစ်ယောက်တည်း မနေနိုင်သောလူများထဲတွင်ပါပေသည်။ ထို့ကြောင့် လူ့အသိုင်းအ၀ိုင်း၊ မိသားစုအသိုင်းအ၀ိုင်း နှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါသည်။ တစ်ယောက်တည်းနေနိုင်သူများသည် အများအားဖြင့် လူတို့၏တာဝန်များ ဖြစ်သော မိသားစုတာဝန်ကို ရှောင်လွဲချင်သောသူများဖြစ်နေမည်ဖြစ်ပေသည်။


twin.png

Image from google


အချို့သောသူများသည် ရည်မှန်းချက်များ၊ ပန်းတိုင်များဟုဆိုကာ ချမှတ်ခြင်းပြုလုပ်တတ်ကြပေသည်။ ထိုသို့သော သူများသည် မိမိတို့၏ရည်ရွယ်ချက်ပန်းတိုင်များကို မရောက်မချင်း အချစ်ဆိုသောအရာကို လျစ်လျူရှု ဘေးဖယ် ထားတတ်ကြသည်ကိုမြင်တွေ့ရပါသည်။ ထိုသို့သောသူများသည် မိမိတို့လျောက်လမ်းကြရမည့် ဘ၀ခရီးကြမ်း တွင် မိမိတို့လက်ကို မြဲမြဲဆုပ်ကိုင်ကာ အားပေးနေမည့် လက်တွဲဖော်ရှိခြင်းသည် ကောင်းမွန်လှကြောင်းကို မသိသေးခြင်းကြောင့်ဖြစ်မည်ထင်ပါသည်။ ဘ၀အတွက် လက်တွဲဖော်သည် အရေးပါလှပါသည်။ လက်တွဲဖော် ရှိနေခြင်းနှင့် လက်တွဲဖော် မရှိခြင်းတို့သည်လည်း နေရာအတော်များများတွင် ကွာခြားနေတတ်သည်ကို တွေ့ရပါ သည်။ ဘယ်လိုများကွာခြားနေသလဲဗျာဟု တွေးနေမည်ထင်ပါသည်။ လက်တွဲဖော်ရှိနေခြင်းသည် မိမိအတွက် ခွန်အားတစ်ခုဖြစ်နေသကဲ့သို့ တွန်းအားတစ်ခုလည်းဖြစ်စေပါသည်။ ခွန်အားဖြစ်စေသည်မှာက မိမိစိတ်ပင်ပန်း လူပင်ပန်းဖြစ်နေသောအချိန်တွင် အားပေးနှစ်သိမ့်ပေးသူတစ်ယောက်ဖြစ်စေသောကြောင့်ဖြစ်ပါသည်။ တွန်းအား ဆိုသည်မှာကား ကိုယ်တစ်ယောက်တည်းသာမဟုတ်တော့သဖြင့် ငါတစ်ယောက်တည်းမှ မဟုတ်ဆိုသော အတွေး ကလေးတစ်ချက်ကြောင့် မိမိတို့လုပ်သင့် လုပ်ထိုက်သော အရာများကို မဆိုင်းမတွလုပ်ဖြစ်တတ်သော သဘော ရှိသောကြောင့်ဖြစ်ပါသည်။ သား သမီးများရှိနေပြီဖြစ်ပါက မိမိတို့အား ပိုမိုပြီး အင်အားဖြစ်သကဲ့သို့ တွန်းအားများ လည်း ပိုလာမည်ဖြစ်ပေသည်။


lonnely.png

Image from google


အိမ်ထောင်မပြု လက်တွဲဖော်မရှာကြသောသူအများအပြားသည် ကြောက်ရွံ့စိတ်တစ်ခုခုကြောင့်ဖြစ်နေကြသည် ဟု မှတ်ချက်ပြုမိပါသည်။ မည်သည့်အရာကို ကြောက်ရွံ့နေကြသနည်းဆိုသည်ကတော့ ကိုယ်တိုင်သာလျင် သိကြပေလိမ့်မည်။ အခြားသူများက ကိုယ်စားဝင်ခံစားကြည့်ပြီး ပြောပြရန်မဖြစ်နိုင်ပါ။ လူငယ် လူရွယ်စကားနှင့် ပြောရမည်ဆိုလျှင် အချစ်ဆိုသည့်အရာကိုကြောက်နေသည်လား? လူကြီးဆန်ဆန်တွေးကြည့်ရမည်ဆိုလျှင် လက်တွဲဖော် အိမ်ထောင်ဖက် ရှာရန် ကြောက်နေသလော? အခြားသူများမှ မသိနိုင်ပါ။ သူတို့ကိုယ်တိုင်သာလျှင် သိနိုင်ကြပေလိမ့်မည်။ အချစ် သို့တည်းမဟုတ် လက်တွဲဖော်ဆိုသည့်အရာကြီးသည် ကြောက်စရာကောင်းလှပါ သလော? အချစ်ဆိုသည့်အရာကို မကောင်းသည့်ဘက်မှ ကြည့်ရှုတတ်ကြသူများလည်း ရှိပါလိမ့်မည်။ အချို့ကလည်း အချစ်ဆိုတဲ့အရာကြီးကို ငါတို့တော့ အယုံအကြည်မရှိဘူးဟေ့ လို့ အော်နေသူများလည်း အများ အပြားရှိနေပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ ဆန့်ကျင်ဖက်များသည် သဘာဝတရားတစ်ခုပင်ဖြစ် မည်ထင်ပါသည်။ ကြိုက်နှစ်သက်သူ ရှိသကဲ့သို့ ကြောက်ရွံ့မုန်းတီးသူများလည်း ရှိနေတတ်သည်မှာ အရာအားလုံး ပင်ဖြစ်ပါသည်။ အဆိုး နှင့် အကောင်းသည် အမြဲတမ်း ဒွန်တွဲတည်ရှိနေမှသာ ရပ်တည်နိုင်ကြမည်ထင်ပါသည်။ ထို့အတူပင် အဖို နှင့် အမ တို့သည်လည်း ယှဉ်တွဲနေထိုင်မှသာ ရပ်တည်နိုင်ကြမည်ဟုလည်း ထင်မြင်မိပါသည်။ အဖိုများချည်း သီးသန့် ရပ်တည်နိုင်ခြင်းမရှိသကဲ့သို့ အမများချည်းသာ ရပ်တည်နိုင်ခြင်းမရှိသည်မှာ လောက၏ သဘာဝပင်ဖြစ်ပါမည်။ အရာရာတိုင်းတွင် အဖို နှင့် အမ ၊ အကောင်း နှင့် အဆိုး အမြဲဒွန်တွဲတည်ရှိနေ ကြပါသည်။ ကောင်းသည်များကိုသာယူပြီး မကောင်းသည့်အရာများကို မလိုချင်ပါပြောမရနိုင်ပါ။ သဘာဝပန်းခင်းတစ်ခုကို တစ်ကိုယ်တည်းကြည့်ချင်စိတ်ရှိသူ နှင့် လက်တွဲဖော်လေး နှင့်ကြည့်ချင်သူ မည်သူက ပိုမည်ထင်ပါသနည်း။ မီးပန်းလေးများလွှတ်သည်ကို တစ်ယောက်တည်း ကြည့်လိုသူ နှင့် လက်တွဲဖော်နှင့်ကြည့်လိုသူ မည်သူများမည်ထင်ပါသနည်း။ မည်သည်က ပိုပြီး ကြည်နူးဖွယ်ဖြစ်မည်ထင်ပါသနည်း။ စဉ်းစားကြည့်ကြပါကုန်။


see.png

Image from google


မည်သို့ပင်ဆိုစေကာမူ အဓိကပြောပြလိုခြင်းသည်ကား လူသားတိုင်းအတွက် လက်တွဲဖော် အမှန်တကယ်လိုအပ် ခြင်းပင်ဖြစ်ပါသည်။ ကောင်းသည် ဆိုးသည် ကတော့ မိမိတို့၏ သဘောထားများအပေါ်တွင်လည်း မူတည်နေပါ သည်။ ကောင်းပါသည်ဟု မဆိုနိုင်သကဲ့သို့ ဆိုးပါသည်ဟုလည်း ပြောမရနိုင်ပါချေ။ အချစ်ဆိုသောအရာ သို့မဟုတ် လက်တွဲဖော်ဆိုသည်မှာ ကျွန်တော်တို့ နေ့စဉ်သုံးစွဲနေ ကြသောငွေကြေးနှင့် အလားသဏ္ဍာန်တူမည်ထင်ပါသည်။ ငွေကြေးသည် သူ့ချည်းသက်သက်တွင် ဘာမှမလုပ်နိုင်ပါချေ။ အသုံးပြုသူအပေါ်မူတည်ကာ ကောင်းခြင်း၊ ဆိုးခြင်း ရလာဒ်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ လောင်းကစားခြင်း၊ အရက်သောက်သုံးခြင်းကဲ့သို့သော အရေးကိစ္စ များတွင် အသုံးပြုပါက လူအများစုက ငွေသည်မကောင်းဟု ထင်မြင်မည်ဖြစ်ပါသည်။ ထို့အတူပင် ငွေကြေးကို အလှူဒါနပြုခြင်း၊ ဒုက္ခရောက်နေသူများအား ကူညီထောက်ပံ့ပေးခြင်း စသည့်ကိစ္စရပ်များတွင် အသုံးချမည်ဆိုပါက လူအများစုက ငွေသည် ကောင်းသည်ဟု ထင်မြင်မည်မဟုတ်ပါလား။ ထိုကိစ္စနှစ်ရပ်လုံးတွင် ကောင်းခြင်း၊ ဆိုးခြင်း သည် ငွေကြေးအပေါ်တွင် မူတည်ခြင်းမရှိပါ။ ကောင်းခြင်း၊ ဆိုးခြင်းသည် ငွေကြေးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိဟု ထင်မြင်မိပါသည်။ ငွေကြေးကို အသုံးချသူအပေါ်တွင်သာ မူတည်နေသည်ကို မြင်တွေ့နိုင်ကြပေသည်။ အချစ် သို့တည်းမဟုတ် လက်တွဲဖော်သည်လည်း ထိုနည်းအတူဟု ထင်မြင်ယူဆမိပါသည်။ အသုံးပြုသူ၏ အပေါ်တွင် များစွာမူတည်နေသည်ဟုလည်း ယူဆမိပါသည်။ ကျွန်တော့်၏ အမြင်များသာ ဖြစ်ပါသည်။ အထက်ပါ အကြောင်း အချက်များသည် ဆိုင် မဆိုင်တော့ မသိပါ။ မိမိတို့၏အမြင်များအားလည်း Comment တွင် ရေးချပေးကြပါကုန်။


couple.png

Image from google


အားလုံးကိုခြုံဆိုရသော် အချစ် သို့တည်းမဟုတ် လက်တွဲဖော် ဆိုသည်ကား လူသားတိုင်းအတွက် အမှန်ပင်လိုအပ်သည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် လူပိုကြီးများ၊ အပိုကြီးများမဖြစ်ကြစေချင်ပါခင်ဗျာ။ စေတနာနှင့်အကြံပြုခြင်းပါ။ ချောက်ထဲသို့တွန်းချနေသည်ဟု မထင်ပါနှင့်။ မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်များ မရောက်ရှိသေးသဖြင့် လက်တွဲဖော်ရှိနေပါလျက်နှင့် ပစ်မထားသင့်ကြောင်းလည်းအကြံပြုလိုပါသည်။ မည်သူ့ကိုမျှ ရည်ရွယ်ချင်းမဟုတ်ပါ။ တိုက်ဆိုင်မှုများရှိခဲ့လျှင်လည်း လူပိုကြီးများ၊ အပိုကြီးများမှ ခွင့်လွှတ်ပေးကြ ပါကုန်။ ရည်မှန်းချက်သည် ရောက်နိုင်သည် မရောက်နိုင်သည်မှာ သေချာသောကိစ္စမဟုတ်ပါ။ သို့သော် လူသားတစ်ဦးဖြစ်သော မိမိတို့၏ လက်တွဲဖော်သည်ကား အခြားသူတစ်ယောက်နောက်သို့ ကောက်ကောက်ပါ အောင်လိုက်သွားနိုင်သည်ကိုတော့ သတိပြုကြပါခင်ဗျား။ လက်တွဲဖော်ဆိုသည်မှာ မိမိဘ၀အောင်မြင်ရေးအတွက် မှန်ကန်သော တွန်းအားတစ်ရပ်ဖြစ်ပါသည်။ လက်တွဲဖော်ကြောင့် အားအင်များဖြစ်ပေါ်စေသည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။ ငွေကြေးကဲ့သို့ပင် မှန်ကန်သည့် နေရာတွင် အသုံးပြုကြပါကုန်လော့ဟု တိုက်တွန်းနှိုးဆော်ရင်း ရပ်နားလိုက်ပါသည်။ လက်တွဲဖော်ရှိပြီးသူများလည်း အမြန်ဆုံး လက်တွဲနိုင်ကြပါစေ။ လက်တွဲဖော် မရှိသေးသူများလည်း အမြန်ဆုံးလက်တွဲဖော် ရှာဖွေတွေ့ရှိကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါသည်။ MSC တွင် ရှိနေကြပါကုန်သော လူပိုကြီး၊ အပိုကြီး အားလုံး အားလုံး အလွန်လှပ အလွန်နူးညံ့သိမ်မွေ့သော အချစ် သို့မဟုတ် ဘ၀လက်တွဲဖော်ကို ကြောက်ရွံ့ခြင်းဘေးဖယ်ထားပြီး ယုံကြည်မှုများဖြင့် ချစ်ခြင်း မေတ္တာများကို တည်ဆောက်ရင်းဖြင့် ကမ္ဘာလောကကြီးအား အလှဆင်နိုင်ကြပါစေသော်ဝ်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

7-12-2017 ကြာသပတေးနေ့(Thursday)