ကျော်လွှားနိုင်စေ မြန်မာပြည်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မကြာခင်ရက်ပိုင်းက မန္တလေးကို ဈေးဝယ်သွားရတော့ ဘေးပတ်ဝန်းကျင် စကားသံလေးတွေကြားမိတော့ မြန်မာပြည်အတွက် စိတ်မကောင်းသလိုလို၊ ပြည်သူလူထုအတွက်ပဲ စိတ်မကောင်းသလိုလိုနဲ့ပေါ့လေ။ တကယ်စဉ်းစားမိတော့ ကိုယ့်အတွက်ပဲ စိတ်မကောင်းဖြစ်နေမိတာပဲကိုး။ ဘာတွေများကြားမိလို့ပါလိမ့်လို့ ထင်ကြလိမ့်မယ် မေးကြလိမ့်မယ်။ အမေရိကန်ကြီး နဲ့ တရုတ်ကြီး စီးပွားရေးဖိုက်တင်တွေ ချကုန်ကြတော့ အမေကန်ကြီးကို အားကိုးနေတဲ့နိုင်ငံတွေကဘာမှ မသိသာပေမယ့် တရုတ်ကြီးကို အားကိုးနေရတဲ့နိုင်ငံအများစုကတော့ ဈေးနှုန်းတွေ အဆမတန်တက်ကုန်တော့ ပြဿနာပေါ့ဗျာ။ တရုတ်ကြီးကိုအားကိုးနေရတဲ့ နိုင်ငံလေးတွေ အတော်များများ ဒေါ်လာဈေးအဆမတန်တက်တဲ့ ဒဏ်ကို ခံနေကြရတော့တာပေါ့။ ဈေးချိုတစ်ခုလုံးလည်း ဟိုက ဖုန်းဆက် ဒီကဖုန်းဆက်နဲ့ မဖြစ်လို့ရောင်းနေကြရတာ ရောင်းပြီးတော့ ရှုံးနေတာ ရောင်းရှုံးဖြစ်နေတာ။ ဖြစ်နိုင်ရင် မရောင်းချင်ဘူး။ ဘယ်နေရာသွားသွား ဒီအသံတွေကိုပဲ ကြားနေရသလိုဖြစ်နေတယ်။ ဈေးချိုသာမက အခြားဈေးရောင်းတဲ့နေရာမှန်သမျှလည်း ခါတိုင်းလောက် အရောင်းအ၀ယ်မဖြစ်ကြတာမြင်ရတယ်။ ကိုယ်တိုင်လည်း ရောင်းရှုံးဖြစ်နေတော့ ရှိပြီးသား ပစ္စည်းတောင် ရောင်းရမှာ ကြောက်နေမိတယ်။ ရောင်းလိုက်တဲ့ဈေးထက် ပြန်ဝယ်ရမယ့်ဈေးက ပိုများနေတော့ ရောင်းလိုက်တာ မှားတယ်လို့ပြောနေကြတော့တယ်။ ဒေါ်လာဈေးနဲ့ ပြည်တွင်းဈေးကွက် ဆက်နွှယ်နေမှုကိုတော့မသိပါဘူး။ ရှိသမျှပစ္စည်းအားလုံး ဈေးတွေတော့တက်ကုန်တော့တာပါပဲ။ တရုတ်ကြီး နဲ့ အမေရိကန်ကြီးတို့ ရန်ဖြစ်ကြတဲ့ စီးပွားရေးစစ်ပွဲမှာ ဖွံ့ဖြိုးတိုးတက်ဆဲ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်လေးတွေကတော့ ကြားကနေလှမ့်ခံရလိမ့်မယ် ထင်တယ်။ ကျွန်တော်စဉ်းစားထင်မြင်မိတာကိုရေးတာပါ။ သူတို့ နိုင်ငံတွေ လက်ဝှေ့ထိုးလို့ သက်ရောက်လာတဲ့ အကျိုးဆက် ဟုတ်မဟုတ်တော့ သေချာနားမလည်ပါဘူး။ ဒီလိုသာ ဈေးနှုန်းတွေဆက်တက်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံကြီးလည်း မကောင်းနိုင်ဘူးထင်တယ်ဗျ။ ဒီ Post ကိုရေးဖြစ်တာက ကိုထွေးကြီး @htewgyi ရဲ့တောင်းဆိုမှုကြောင့်လည်း ပါပါတယ်ဗျာ။ စာအရှည်ကြီးတော့ ရေးမဖြစ်လို့ သဘောပေါက်ရုံလောက်နဲ့ပဲ ကျေနပ်ပါလို့ပြောပါရစေဗျို့။
ဘာကြောင့် ဘယ်သူ့ကြောင့် ဒီလိုဈေးတွေဖြစ်ကုန်တာလဲ စဉ်းစားကြည့်တော့ တရုတ်ကြီးကိုပဲ အပြစ်တင်ရမလား၊ အမေရိကန်ကြီးပဲ အပြစ်ဆိုရလေမလား၊ ကိုယ့်နိုင်ငံကိုပဲ အပြစ်ပုံချရလေမလားမသိပါဘူး။ ဒီအတိုင်းသာဆိုရင် မကြာခင်မှာ ပြဿနာတွေ ထပ်တက်လာမလားထင်မိတယ်ဗျ။ ကျွန်တော်တို့နိုင်ငံရဲ့ ၉၀% သောလူတွေက သာမန်လူတန်းစားတွေဖြစ်ပြီး ကျန်တဲ့ ၁၀% လောက်ကသာ ချမ်းသာကြွယ်ဝတဲ့ လူတွေဖြစ်တယ်လို့ဖတ်ဖူးတယ်ဗျ။ ကုန်ဈေးနှုန်းတွေမြင့်တက်သွားတာက ချမ်းသာတဲ့ လူတန်းစားတွေအတွက် ဘာမှမဖြစ်ပေမယ့် အခြေခံလူတန်းစားတွေဖြစ်တဲ့ ၉၀% ကတော့ ထိခိုက်လိမ့်မယ်ထင်တယ်။ အခြေခံလူတန်းစား ၉၀% ထဲမှာတောင် ၁၀% လောက်ကပဲ အဆင်ပြေပြေနေနိုင်ကြတယ်လို့မကြာခင်က ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ ဒီလိုကုန်ဈေးနှုန်းတွေမြင့်တာလာတဲ့အတွက် အခြေခံလူတန်းစားတွေအနေနဲ့ ပိုပြီးအဆင်မပြေဖြစ်ကုန်ကြမှာ အသေအချာပါ။ ဒေါ်လာဈေးမြင့်တက်လာ တဲ့အတွက် ဒေါ်လာပေးပြီး ၀ယ်ယူရတဲ့ ကုန်ပစ္စည်းတွေလည်း မြင့်တက်သွားပြီ။ ဒေါ်လာတွေကို လက်ထဲကိုင်ပြီး ဒေါ်လာဈေးကစားနေနိုင်တဲ့ လူတန်းစားက အနည်းစုဖြစ်ပေမယ့် ဒီအချိန်မှာတော့ သူတို့အနိုင်ရနေတယ်။ ခံနေကြရတာကတော့ လူများစုဖြစ်ပါတယ်။ မြန်မာက ပစ္စည်းစုံကို နိုင်ငံတကာက အကုန်လိုချင်ပါတယ်။ ဘာရောင်းမလဲ အကုန်ဝယ်မယ်ဆိုတဲ့နိုင်ငံတွေအများကြီးပါ။ ဒီလိုငွေဈေးတွေထိုးကျနေချိန်မှာ အလုအယက် အများအပြား ၀ယ်ယူကြပါလိမ့်မယ်။ ဒီလိုအများအပြားကို ၀ယ်ယူခဲ့ရင် ပြည်တွင်းမှာတော့ ကောင်းကောင်းဒုက္ခရောက်ပါပြီ။ ပစ္စည်းမျိုးစုံ ရှားပါးသွားနိုင်သလို ဈေးတွေလည်း အဆမတန်တက်သွားမယ်ထင်ပါတယ်။ အခုတောင် အတော်လေးဈေးတက်နေပါပြီ။ ဈေးကွက် စီးပွားရေးစနစ်တွေ စီးပွားရေးနည်းစနစ်တွေကိုနားလည်လို့မဟုတ်ပါဘူး။ စဉ်းစားမိတာလေးကို လက်တွေ့နဲ့ဆက်စပ်ပြီး Post ဖြစ်အောင်လျှောက်ရေးနေမိ တာပဲဖြစ်ပါတယ်။ လက်တွေ့ခံစားနေရတဲ့နိုင်ငံတစ်ခု ပျက်စီးလု ပျက်စီးလုနိုင်ငံတစ်နိုင်ငံကတော့ ဗင်နီဇွဲလားနိုင်ငံ(Bolivarian Republic of Venezuela)ဖြစ်ကြောင်း ဖတ်ရှုရပါတယ်။ သူ့နိုင်ငံငွေကြေးဖြစ်တဲ့ ဘိုလီဘာ သုံးသိန်းကျော် သုံးသိန်းလောက်ပေးမှ အမေရိကန် တစ်ဒေါ်လာသာ ရပါတော့တယ်။ လုယက်မှုတွေ နေရာအနှံ့ကျူးလွန်ပြီး ပြည်သူအများအပြားဒုက္ခရောက်နေခဲ့ရပါတယ်။ မြန်မာပြည်တော့ အဲဒီလောက် မဖြစ်နိုင်ဘူးလို့တော့ ထင်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုတဲ့စကားလုံးတွေကို နိုင်ငံကြီးတွေက သုံးနှုန်းတတ်ကြပါတယ်။ ဒီလိုဆိုရင်ဖြင့် ဗင်နီဇွဲလားနိုင်ငံက လူသားတွေကရော လူသားတွေမဟုတ်ကြတော့လို့လားတောင် ထင်မိပါတယ်။ သုံးချင်တဲ့နေရာမှာ သုံးနေတဲ့စကားလုံးတွေလား လို့လည်း ထင်မိပါတယ်။
ဈေးနှုန်းတွေကို ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ရင် ဈေးတွေဆက်ဆက်တက်နေခဲ့ရင်ဘာတွေ ဆက်ဖြစ်လာမလဲ?
ဒါကအရေးကြီးတဲ့ အချက်ပဲဖြစ်မယ် ထင်တယ်။ ပြည်သူတွေအနေနဲ့ ဖြေရှင်းနိုင်တဲ့ကိစ္စတစ်ခုလည်း မဟုတ်ပါဘူး။ ဈေးနှုန်းတွေ ပိုပြီး မြင့်သထက် မြင့်တက်လာရင် အခြေခံလူတန်းစားတွေ ပိုပိုပြီး အဆင်မပြေမှုတွေ များလာမှာတော့အသေအချာပါပဲ။ မူးယစ်ဆေးဝါးတွေကြောင့် ယနေ့လူငယ် လူရွယ်တွေ ပျက်စီးပြီး ဖြစ်ချင်တိုင်းဖြစ်၊ လုယက်မှုတွေများပြား၊ ဖုန်းတစ်လုံးစာလောက်ငွေကြေးအတွက်နဲ့ လူတွေသတ်ပြီး လုယက်မှု တွေ နေ့စဉ်လိုလို ကျူးလွန်နေကြတဲ့ကြားထဲက အခြေခံလူတန်းစားတွေပါ အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင် မတွေးရဲစရာတွေ တကယ်ဖြစ်လာနိုင်မယ်ထင်တယ်။ ငါ့ဝမ်းပူစာ မနေသာ ဆိုတဲ့စကားလိုပဲ လုယက်မှုတွေ ပိုပြီး များပြားလာနိုင်တယ်လို့ မြင်မိတယ်။ ရွှေဈေးတက်တာက အများစုနဲ့မဆိုင်ပေမယ့် မီးဖိုချောင်အတွက် မရှိမဖြစ် မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတာတွေ တက်တာကတော့ လူတိုင်းနဲ့ ဆိုင်နေပါပြီ။ အခြေခံလူတန်းစားတွေအတွက် ပုံမှန်ဆန် တစ်ပြည်ရတဲ့ငွေက ခုချိန်မှာဆို ဆန် (၅)လုံးလောက်ပဲ ရချင်ရနိုင်တော့မယ်။ အရင်ကဆီတစ်ပိဿာဝယ်လို့ရနေတဲ့ငွေက ဆီ (၇၅)ကျပ်သားပဲ ရချင်ရတော့မယ်။ ဒီထက် ပိုပြီး ကုန်ဈေးနှုန်းတွေဆက်တိုက်မြင့်တက်လာခဲ့ရင် ဆန်ဝယ်နိုင်ဖို့ ဆီဝယ်နိုင်ဖို့ ခက်ခဲလာလိမ့်မယ်။ ဆေးရုံတွေ ဆေးခန်းတွေကိုသွားရရင်လည်း အလွန်အင်မတန်ဈေးကြီးနေပါတော့မယ်။ အခုတောင် ဈေးအတော်ကြီးနေတာ ဒီထက်များ ထပ်ပြီး ဈေးတွေတက်ခဲ့ရင် အခြေခံလူတန်းစားများအတွက်တော့ မတွေးရဲစရာပါပဲဗျာ။ အဲဒီလိုဆိုရင် တော့ မကောင်းနိုင်တော့ဘူးထင်ပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ လူတွေရဲ့စိတ်က ဖြူစင် ရိုးသားတတ်ကြ ပါတယ်။ ဒါပေမယ့် အခက်အခဲတွေနဲ့ဖြတ်သန်းခဲ့ရတာ ကြာလာတော့ တစ်ခါတစ်ရံမှာ မရိုးမသားစိတ်ဓာတ်တွေ ၀င်လာတတ်ကြပါတယ်။ အဲဒီစိတ်ကို ရိုးသားစွာတွန်းလှန်နိုင်ဖို့က တကယ်မလွယ်ပါဘူး။ လူတွေရဲ့ တကယ့်စိတ်ရင်းက ရိုးသားဖြူစင်ကြတယ်လို့ မြင်ပါတယ်ဗျ။ ကျွန်တော့် အမြင်ပြောတာနော်။ မွေးကတည်းက စိတ်ရင်းမကောင်းတဲ့သူတွေလည်း ရှိချင်ရှိမှာပေါ့လေ။ ဒါပေမယ့် ရှိလည်း အနည်းစုပဲဖြစ်မှာပါ။ မွေးကတည်းကပါလာတဲ့ ဗီဇကတော့ ပြုပြင်ပြောင်းလဲနိုင်ဖို့တော့ မလွယ်ကူဘူးပေါ့။
အဲဒီရိုးသားတဲ့စိတ်ကလေးက ကိုယ့်မှာ အခက်အခဲတွေနဲ့ကြုံလာရင်တော့ ဖောက်ပြန်ကုန်ကြတော့တာလို့ လည်း ထင်ပါတယ်။ တကယ့်သေရေးရှင်ရေးအတွက် အခက်အခဲဖြစ်တာလောက်ကို ဆိုလိုချင်တာမဟုတ်ပါ။ သာမန် လက်ဖက်ရည်သောက်စရာမရှိတဲ့အချိန်၊ ဘီယာမော့စရာမရှိတဲ့အချိန်လေးတွေမှာတောင် ဖြူစင်ရိုးသား တဲ့စိတ်ကလေးက အရောင်စွန်းထင်းသွားတတ်တယ်လို့ထင်ပါတယ်။ ကိုယ့်မှာ ပိုက်ဆံပြတ်နေတဲ့အချိန် သို့တည်းမဟုတ် ကိုယ်က ငွေကြေးအခက်အခဲတွေရှိနေချိန်မှာ ချစ်သူလေးက ခွေးပုလေးတစ်ကောင်လောက် လက်ဆောင်ဝယ်ပေးပါလို့ပြောလာခဲ့မယ်ဆိုရင် အဖြူရောင်ရှိခဲ့တဲ့စိတ်မှာ အရောင်တွေ တစ်နည်းနည်းနဲ့ စွန်းထင်းကုန်တတ်ပါတယ်။ ဆေးစွဲနေကြတဲ့ လူငယ်တွေဆိုရင် ပိုဆိုးမယ်လို့ထင်ပါတယ်။ သွေးသားရဲ့ဆန္ဒကို လူကြီးတွေတောင် မလွန်ဆန်နိုင်တတ်ကြပါဘူး။ လူငယ်တွေဆိုရင် ဘာလုပ်မယ်ထင်ပါသလဲ။ အိမ်မှာ ခိုးယူ ရောင်းစားစရာ ရှိရင် ခိုးယူရောင်းစားပြီး လုပ်ချင်ရာလုပ်မယ်။ အိမ်မှာခိုးယူစရာ ပစ္စည်းမရှိရင် အခြားသူပစ္စည်းကို မျက်စောင်းထိုးတော့မှာ အသေအချာပဲပေါ့။ လူတွေအနေနဲ့ အဆင်မပြေတာတွေ များလာရင် အဆင်ပြေအောင်တစ်ခုခုတော့ လုပ်ကြရတော့မှာပါ။ အဲဒီလိုအချိန်မှာ မှန်ကန်ခြင်း၊ ဖြူစင်ခြင်း၊ ရိုးသားခြင်းတွေ ရှာလို့ရမယ်မထင်လိုက်ပါနဲ့။ ငတ်မွတ်ခေါင်းပါးလာကြမယ်ဆိုရင် အကျင့်သီလဆိုတာ မြောင်းထဲရောက်သွားပါလိမ့်မယ်။ ငါ့ဝမ်းပူစာ မနေသာ ဆိုသလိုပဲ။ ၀မ်းပူနေတာကို အရင်ဆုံး ဖြေရှင်းဖို့ ကြိုးစားကြတော့မှာ အမှန်ပါပဲ။ မငတ်ဘူးသေးသူတွေအတွက်တော့ ငတ်ပြတ်ခြင်းဆိုတာကို ဘယ်လိုမှ မသိနိုင်ပါဘူး။ ငတ်လာရင် ကိုယ်အသက်ရှင်သန်နေထိုင်ဖို့အတွက် ဘာမဆိုလုပ်မယ့်သူတွေ လောကမှာ အများအပြားရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ရော အဲဒီလိုအချိန်ဆိုတာများ ကြုံကြိုက်ခဲ့မယ် ဆိုရင်ဖြင့် ရိုးသားမယ် မရိုးသားဘူး ဖြူစင်မယ် မဖြူစင်ဘူးဆိုတာ …………………..
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
28-Sept-2018 သောကြာနေ့(Friday)