ချီးမွမ်းပါ(Commendation)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ကြီးကြီးကျယ်ကျယ်စကားလုံးများကို အသုံးပြုကာ စာမရေးရသည်မှာအတော်အတန်ပင်ကြာမြင်ခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးအား နည်းနည်းလောက် ကြီးကြီးကျယ်ကျယ်စကားလုံးများအား အသုံးပြုပြီး ရေးသား ပါမည်။ ခွင့်လွှတ်တော်မူကြပါကုန်လော့ချစ်မိတ်ဆွေအပေါင်းတို့။ ဘ၀တွင် တွေ့ကြုံခဲ့ဘူးသော၊ တွေ့ကြုံလာလတ္တံ သော၊ တွေ့ကြုံနေဆဲဖြစ်သော အကြောင်းအရာများမှ ဖြစ်တတ်သော၊ ဖြစ်နေသော လူတို့၏ သဘောသဘာဝများ ထဲမှ အနည်းငယ်သော အကြောင်းအရာလေးများကို ရေးသားလိုခြင်းဖြစ်ပါသည်။ ဗဟုသုတအလို့ငှာ မျှဝေယူကြ စေလိုသော စိတ်စေတနာဖြင့် ရေးသားခြင်းဖြစ်ပါသည်။ စာအများကြီးကိုရေးသားသည်ရှိသော် လူအများမဖတ်ကြ ပါဘဲနှင့် Good Post, Nice Post ကောင်းတယ်ဗျာ၊ ဗဟုတ အတွက်ကျေးဇူးတင်ပါတယ် စသည့် comment များကိုသာပေးသွားတတ်ပါသောကြောင့် စာအရှည်ကြီး မရေးတော့ပါ။ တိုလွန်းလျှင်လည်း Good Post, Nice Post တွေလွတ်နိုင်ပါမလားမသိပါ။
လူတိုင်းလူတိုင်းတွင် အရာရောက်လိုသောစိတ် တနည်းအားဖြင့်ဆိုရသော် ဂုဏ် ပကာသနကိုလိုလားသည့်စိတ် ရှိကြပေသည်။ နည်းနည်းအရာရောက်လိုသောစိတ် နှင့် များများ အရာရောက်လိုသောစိတ်သာ ကွာခြားသွားမည် ထင်ပါသည်။ လောကတွင် လူမှန်သမျှ ချီးမွမ်းခြင်းကို မခံယူလိုပဲ ကဲ့ရဲ့ ရှုတ်ချခြင်းကိုသာ ခံယူလိုသောသူ တစ်ယောက်တစ်လေပင် ရှိမည်မထင်ပါ။ ကျွန်တော်တို့ MSC မှာ ချီးမွမ်းခြင်းကို လက်မခံလိုသောသူများ ရှိပါသလားခင်ဗျာ။ ကဲ့ရဲ့ရှုတ်ချခြင်းကိုသာ လိုလားသောသူများ ရှိပါသလားခင်ဗျာ။ ရှိခဲ့ရင် အောက်က comment မှာ ရေးသွားကြပါ။ လာရောက် ကဲ့ရဲ့ ရှုတ်ချပေးကြပါလိမ့်မည်။ ကျွန်တော်ကတော့ ချီးမွမ်းခြင်းကို အမြဲအလိုရှိနေ ပါသည်။ ထို့ကြောင့် များများချီးမွမ်းပေးကြပါခင်ဗျ။ ချီးမွမ်းခြင်းသည် မရှိသောအရာကို ပြောဆိုကာ မြှောက်ပင့်ပေး ခြင်းမဟုတ်ပါ။ လုပ်သည့်အလုပ်အတွက်ကောင်းသည့်အချက်လေးများကို ရှာကြံကာ ချီးမွမ်းပေးခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် အကောင်းမြင်စိတ်ထားပေးခြင်းဟုခေါ်ဆိုကြရမည်လားမသိပါ။ ငါကဘယ်သူကွ ဘယ်သူ့သားသမီးကွ ဟူသောစကားလုံးများသည် မိမိတို့၏ ဂုဏ်ကို ဖော်လိုခြင်းဖြစ်ပေသည်။ ချီးမွမ်းခံလိုခြင်း ဖြစ်ပေသည်။ အမြှောက်အပင့်ခံလိုသောစိတ်လည်းဖြစ်ပေသည်။
Image from google
ထိုသို့သောပြောကြားချက်များသည် မိမိတို့၏ဂုဏ်ကို ဖော်လိုခြင်းဖြစ်သကဲ့သို့ မခံချင်သောစိတ်လည်းဖြစ်ပါသည်။ ထို့ကြောင့်ပင် လူတို့သည် စည်းစိမ်ဥစ္စာတွင်လည်းကောင်း၊ အတတ်ပညာတွင်လည်းကောင်း၊ မျိုးရိုးဂုဏ်တွင် လည်းကောင်း၊ ရာထူးအာဏာတွင်လည်းကောင်း၊ စာရိတ္တတွင်လည်းကောင်း မိမိတွင် တစ်ခုခု ဂုဏ်ပြုစရာ ချီးကျူးစရာ ရှိသင့်ပါသည်။ မရှိလျင်လည်း ရှိအောင် ကြိုးစားသင့်လှပေသည်။ ထို့သို့ ချီးကျူး ဂုဏ်ပြုစရာမရှိသော သူများသည် အခြားသူများအားလည်းကောင်း၊ မိမိကိုယ်ကိုလည်းကောင်း မကျေမနပ်ဖြစ်တတ်ကြလေသည်။ ထိုသို့သော မကျေနပ်စိတ်ဖြစ်ပေါ်လာခြင်းသည် အထုအထည်နှင့်အစိုင်အခဲဖြစ်လာပါက ရှုးသွပ်သည်အထိ ဖြစ်တတ်ကြပေသည်။ ထို့ကြောင့် လူတို့၏ ချီးမွမ်းခြင်းသည် အလွန်အရာရောက်ကြောင်း သိသင့်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့ MSC မှ လူများသည် တစ်ဦးကိုတစ်ဦး ချီးမွမ်းပေးကြပါခင်ဗျာ။ comment ရေးပေးခြင်း သည် ကျွန်တော့်အထင် ချီးမွမ်းပေးရခြင်းတစ်မျိုးပင်ဖြစ်ပေမည်။ ထို့ကြောင့် comment လေးများရေးသား ပေးကြပါခင်ဗျ။ အခြားသောသူတစ်ယောက်ကို ချီးမွမ်းပေးခြင်းဖြင့် မိမိတွင် ပိုက်ဆံမကုန်သကဲ့သို့ ချီးမွမ်းခံရသူက ကျေးဇူးတင်နေပါလိမ့်မည်။
Image from google
မရှိသောအရာ၊ မရှိသောဂုဏ်ကို ပြောဆိုခြင်းသည် ချီးမွမ်းခြင်းမဟုတ်ဘဲ မြှောက်ပင့်ပြောဆိုခြင်းဖြစ်သောကြောင့် စဉ်းစားတတ်သူများသည် ချက်ချင်းသိကြပေသည်။ ဆံပင်ကို တန်ဖိုးထားတတ်သူကို ဆံပင်ကောင်းကြောင်း ဆံပင်ပုံလေးလှကြောင်း၊ မည်သည့်ဆိုင်တွင်ညှပ်ခဲ့ကြောင်း မေးမြန်း ချီးမွမ်းပေးခြင်းသည် မြှောက်ပင့်ခြင်းမဟုတ်။ အလုပ်အကိုင်ကောင်းမွန်ပါရဲ့လား၊ နေထိုင်ကောင်းပါရဲ့လား စသည်မေးမြန်းခြင်းသည် ထိုသူတို့အား မိမိက အရေးထားကြောင်း ပြသရာရောက်ပါသည်။ အလေးထားရာရောက်ပါသည်။ ဆဲဆိုခြင်းကို မည်သည့်လူကမျှ နှစ်သက်လိမ့်မည်မဟုတ်။ ချိုသာစွာပြောဆိုခြင်းကို မကြိုက်နှစ်သက်သူ မရှိနိုင်ပါ။ စာရေးနေကြသူ MSC အဖွဲ့သားများတွင် အလွန်စာရေးကောင်းကြသောသူများရှိကြပါသည်။ comment လေးများတွင် ၀င်ရောက် ချီးမွမ်းပေးကြခြင်းဖြင့် comment ၀င်ရောက်ရေးသူတွင်လည်း အကျိုး ရရှိစေနိုင်သကဲ့သို့ စာရေးသူကလည်း ကျေးဇူးတင်ကြောင်းပြောကြားခြင်းကို ခံရပေမည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အားပေးနိုင်ကြပါစေရန်အတွက် ရည်ရွယ်ရေးသားပါသည်။
မဖတ်ကြမည်ကို စိုးရိမ်သဖြင့် စာရှည်ရှည်မရေးတော့ပါဘူး။ ယခုဆောင်းပါးအတွက် ရပ်နားသင့်ပြီဟု ထင်ပါသည်။ နောက်ဆုံးအချုပ်အနေဖြင့်ဆိုရသော် ချီးမွမ်းခြင်းသည်လည်းကောင်း၊ ဂုဏ်ပေးခြင်းသည်လည်းကောင်း၊ ထိုက်သင့် သော မြှောက်စားခြင်းသည်လည်းကောင်း မိမိတို့၏လက်ခုပ်ထဲတွင်ရှိနေသော ရေကဲ့သို့ပင် သွန်လိုသွန် မှောက်လို မှောက်လုပ်နိုင်ကြောင်းကို အသိပေးရင်း ရပ်နားလိုက်ရပေသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
12-12-2017 အင်္ဂါနေ့(Tuesday)