ချင်း(ဂျင်း) (Ginger_Rhizome)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ချင်း(ဂျင်း)ကို မြန်မာလူမျိုးအားလုံး ကလေးမှအစ သိရှိကြသော မီးဖိုချောင်သုံး မရှိမဖြစ် ဟင်းခတ်အမွှေး အကြိုင်တစ်မျိုးဖြစ်ပါသည်။ မီးဖိုချောင်သုံး ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ အမှန်တွင် ချင်း(ဂျင်း)သည် လူတို့၏ ကျန်းမာရေးကိုလည်းများစွာ အထောက်အပံ့ပေးကြောင်းကို ကျန်းမာရေးစာစောင်များ တွင် ဖတ်ဖူးမှတ်ဖူးပါသည်။ ချင်း(ဂျင်း)ကို ရှေးယခင်ကာ ခေတ်အဆက်ဆက်ကပင် ဟင်းခတ်အမွှေးအကြိုင် အဖြစ်အသုံးပြုခဲ့ကြသကဲ့သို့ပင် လူတို့၏ ကျန်းမာရေးအတွက်လည်း ဆေးသမားများအသုံးပြုခဲ့ကြကြောင်း သိရှိရပါသည်။ ချင်း(ဂျင်း)သည် မီးဖိုချောင် အတွက် အလွန်အသုံးတည့်သည့် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သကဲ့သို့ပင် ကျန်းမာရေးအတွက်လည်း အလွန်အသုံးတည့်ကြောင်း ဖတ်ရှုမှတ်သားခဲ့ဘူးပါသည်။ ကျွန်တော်တို့ငယ်စဉ်အခါက နေမကောင်းဟု ယူဆပါက အဖိုး အဖွားများမှ ချင်း(ဂျင်း)ကို ထန်းလျက်နှင့်ပြုတ်ကာ အမြဲတမ်းတိုက်ကျွေးခဲ့ကြောင်းကိုလည်း အမှတ်ရ နေမိပါသည်။ ငယ်စဉ်ကလေးဘ၀ကပင် ဂျင်းပြုတ်ရည်အမျိုးမျိုးနှင့် ရင်းနှီးနေခဲ့ရပါသည်။ ချင်း(ဂျင်း)သည် မီးဖိုချောင်တွင် အသားငါးများအား အနံ့များပျောက်ကင်းစေရန်အတွက်လည်းကောင်း၊ ခံတွင်းမြိန်စေရန်အတွက် လည်းကောင်း ထည့်သွင်းချက်ပြုတ်တတ်ကြပါသည်။ ယခုမျက်မှောက်ခေတ်တွင် ချင်း(ဂျင်း)ကို လူသုံးပစ္စည်းများတွင်ပင် ထည့်သွင်းအသုံးပြုလာကြသည်ကို တွေ့မြင်ရပေသည်။
ချင်း(ဂျင်း)ကို အလွန်ရှေးကျသောခေတ်အခါကလကပင် အိန္ဒိယနိုင်ငံကဲ့သို့ပင် ပူအိုက်သော အာရှတိုက်နိုင်ငံများ တွင် စိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါသည်။ ရှေးအခါက ဂရိ နှင့် ရောမလူမျိုးတို့သည် ချင်း(ဂျင်း)ကိုအာရှတိုက် ကုန်သည်ကြီးများထံမှ ငွေကြေးအမြောက်အမြားပေးကာ ၀ယ်ယူကြကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဥရောပတိုက်သားတို့သည် ချင်း(ဂျင်း)ကို စတင်အသုံးပြုလာတတ်ကြသည်ဟု ဆိုပါသည်။ ယခုခေတ်ကာလတွင်မူ ချင်း(ဂျင်း)ကို ကမ္ဘာ့နိုင်ငံအများအပြားတွင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေကြပြီဖြစ်ပါသည်။ ချင်း(ဂျင်း)တက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးချခဲ့ကြပါသည်။ ချင်း(ဂျင်း)ကို တာရှည်ခံအောင် ပျားရည်၊ သကြားရည်တို့ဖြင့် စိမ်ကာ ရောင်းချကြကြောင်းလည်း မှတ်သားမိပါသည်။ ချင်း(ဂျင်း)ကို အခြောက်လှန်းကာ ပြန်လည်ရောင်းချကြသည်များလည်းရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ချင်း(ဂျင်း)ကို အခြားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခြင်း ရှိမရှိတော့ မလေ့လာမိသေးပါ။ ယခုခေတ်ကာလကဲ့သို့ အဖက်ဖက်မှတိုးတက်နေချိန်တွင် မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံများသို့ ချင်း(ဂျင်း)စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်လောက်ပြီဟုလည်း ထင်မြင်မိ ပါသည်။
Image from google
ချင်း(ဂျင်း)သည် အလွန်အသုံးတည့်သော၊ အလွန်လွယ်ကူစွာရရှိနိုင်သော ဆေးဖက်ဝင်အမျိုးအစားဖြစ်ပါသည်။ မည်ကဲ့သို့ အသုံးဝင်သနည်းဆိုသော အကြောင်းအရာလေးများကို ဖတ်ရှု မှတ်သားထားခဲ့သမျှ မျှဝေပေးလိုသော ကြောင့် ယခုစာအားရေးသားလိုက်ခြင်းဖြစ်ပါသည်။ ချင်း(ဂျင်း)သည် အစာမကြေခြင်း၊ အော့အန်ခြင်းများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။ ခရီးသွားရာတွင် ကားမူးတတ်သူများ၊ လှိုင်းမူးတတ်သူများအတွက် ချင်း(ဂျင်း)ကိုစားလျှင် အော့အန်ခြင်း သက်သာသည်ဟုလည်း ပြောကြသည်ကို ကြားဖူးခဲ့ပါသည်။ ချင်း(ဂျင်း)သည် အော့အန်ခြင်းကို ထိန်းချုပ်နိုင်သော ဦးနှောက်အစိတ်အပိုင်းများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါသည်။ အစာမကြေခြင်း၊ အော့အန်ခြင်းများအတွက် ချင်း(ဂျင်း)ကို ပါးပါးလှီး ထန်းလျက်နှင့်ကြိုသောက်လျင် သက်သာပျောက်ကင်းစေနိုင်သည်ဟု မှတ်သားဖူးပါသည်။ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကြတ်ဖြစ်ခြင်းများအတွက်မူ ချင်း(ဂျင်း)အား အရည်ညှစ်ကာ ရရှိလာသော ချင်း(ဂျင်း)စိမ်းရည်ကို ပျားရည်နှင့်ရောကာ မကြာခဏ လျှက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါသည်။ ချင်း(ဂျင်း)သည် အစာချေစနစ်ကို ကောင်းမွန်စေသောကြောင့် အစာအိမ်ကိုလည်း အထောက်အပံ့ပေးနိုင်ကြောင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်းကြောင့် ပျို့အန်ခြင်းများ၊ ကြွက်သားများတောင့်တင်း ညောင်းညာခြင်းများ၊ အရိုးပွရောဂါ ကာကွယ်ပေးနိုင်ရန် တို့အတွက် ချင်း(ဂျင်း)ပြုတ်ရည်တစ်ခွက်ဖြင့် ပျောက်ကင်းကုသနိုင်ကြောင်း သိရှိရပါသည်။ နှလုံးရောဂါဖြစ်ပွားခြင်းကို လျော့ချပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှုကိုလျော့ချပေးနိုင်ခြင်း၊ ဦးနှောက်စွမ်းရည် တိုးတက်ကောင်းမွန်နိုင်စေခြင်း၊ အသက်အရွယ်အိုမင်းခြင်းကြောင့် သတိမေ့တတ်ခြင်း၊ နာတာရှည်ရောဂါဖြစ်ပွား ခြင်း တို့ကိုလည်း ချင်း(ဂျင်း)ပြုတ်ရည် သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ကြောင်းကိုလည်း မှတ်သားဖူး ပါသည်။ မြန်မာလူမျိုးတို့သည် ချင်း(ဂျင်း)ကို သုပ်စားတတ်ကြသည်မှာ ရိုးရာဓလေ့တစ်ခုလိုပင်ဖြစ်နေကြပါသည်။ ချင်း(ဂျင်း)သုပ်ကိုစားသုံးခြင်းဖြင့် အရသာရှိသော အစားအစာတစ်ခုကို စားကြရသည့်အပြင် ကျန်းမာရေးအတွက် လည်း အထောက်အကူဖြစ်စေပါသည်။
ထိုကဲ့သို့ ချင်း(ဂျင်း)၏ အထူးထူး အပြားပြားများပြားလှသော အကျိုးအာနိသင်များရှိသော်လည်း ချင်း(ဂျင်း)ကို မစားသုံးသင့်သောအချိန်များလည်း ရှိနေပါသည်။ ချင်း(ဂျင်း)နှင့် ပျားရည်ကို အသက်(၂) နှစ်အောက် ကလေးငယ် များအား မတိုက်ကျွေးရပါ။ အသက်(၆) နှစ် မှ (၁၀)နှစ်အတွင်းကလေးငယ်များအားလည်း ချင်း(ဂျင်း)အား အများ အပြားမကျွေးသင့်၊ မစားသင့်ပါ။ အရွယ်ရောက်ပြီးသူများပင်လျှင် ချင်း(ဂျင်း)ကို အလွန်အကျွံမစားရပါ။ မိခင်လောင်းများအနေနှင့်လည်း အများအပြား မစားသုံးသင့်ပါ။ သတိပြုဆင်ခြင်သင့်သည့် အကြောင်းလေးတွေပါ။
အချုပ်အားဖြင့်ဆိုသော် ချင်း(ဂျင်း)သည် အခြားနိုင်ငံများတွင် မည်ကဲ့သို့ရှိမည်မသိပါ။ မြန်မာနိုင်ငံတွင် ချင်း(ဂျင်း)ကို အလွယ်တကူ ရရှိနိုင် သကဲ့သို့ ဈေးနှုန်းမြင့်မားခြင်းလည်းမရှိပါ။ ထိုကဲ့သို့သော အဖိုးထိုက်တန်သော ကျန်းမာရေး လက်ဆောင်များပါရှိ သော၊ အလွယ်တကူရရှိနိုင်သော၊ ဈေးနှုန်းသက်သာသော ချင်း(ဂျင်း)အား အသုံးပြုထိုက်လှပါသည်။ ယခုခေတ် တွင် အဖြစ်များလာကြသော ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ အအေးမိခြင်းများ၊ အော့အန်ခြင်းများ၊ ဦးနှောက် ကြည်လင်လန်းဆန်းစေခြင်း၊ ပင်ပန်းနွမ်းနယ်မှုများကို သက်သာလျော့ပါးစေနိုင်ခြင်း စသည် အလွန်များ ပြားလှသော အကျိုးထူးများကို ရရှိနိုင်ကြမည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။ ချစ်မိတ်ဆွေများအားလုံးလည်း ချင်း(ဂျင်း)ကို ဥာဏ်ရှိသလို အသုံးချခြင်း၊ စားသုံးကြခြင်းဖြင့် ကျန်းမာခြင်း သုခနှင့်ပြည့်စုံကြပါစေခင်ဗျာ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
6-12-2017 ဗုဒ္ဓဟူးနေ့(Wednesday)