ဈေးဆစ် အဆစ်တောင်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ရယ်စရာလေးတစ်ခု ရေးချင်ပါတယ်။ နေရာတကာမှာ ဈေးဆစ်ချင်ကြတဲ့ ကျွန်တော်တို့ လူမျိုးတွေရဲ့ စရိုက်တစ်ခုပါ။ ရယ်စရာအဖြစ် မြင်နိုင်သလို အတုယူ ဆင်ခြင်နိုင်စရာတစ်ခုအဖြစ်လည်း မြင်နိုင်ပါတယ်။ ဈေးဆစ်ခြင်း၊ အဆစ်တောင်းခြင်းက ဘယ်အချိန်ကာလကတည်းက စတင်လာတဲ့ အလေ့အကျင့်တစ်ခုမှန်း မသိပါဘူး။ ယနေ့တိုင်အောင် ဈေးအရောင်းအ၀ယ်နေရာအတော်များများမှာ ဈေးဆစ်တာ၊ အဆစ်တောင်းတာ တွေကို တွေ့မြင်နေရဆဲပဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် အလကား လိုချင်တဲ့ စိတ်တွေ အခုချိန်ထိ အရိုးစွဲနေကြဆဲပဲဖြစ်ပါတယ်။ အဆစ်တောင်းခြင်းက ဈေးဝယ်သူရဲ့ အခွင့်အရေးတစ်ခုလို့လည်း မြင်နေဆဲပဲလို့ထင်ပါတယ်။ အဲဒီအမြင်က ဈေးဝယ်သူဖက်ကမြင်တဲ့အမြင်ပဲဖြစ်ပါတယ်။ မိမိကိုယ်တိုင်က ဈေးရောင်းသောအခါ ဆစ်ဆစ်နိုင်လွန်းတယ်၊ ဒီဈေးမျိုးနဲ့ ခရမ်းချဉ်သီးတောင်မရနိုင်ဘူး ဆိုတာမျိုးဖြစ်ကုန်ကြ တယ်။ နှစ်ဖက်အမြင်မရှိတာကိုပဲ ပြောရမလားမသိပါ။ မုန့်ဟင်းခါးသောက်လည်း ဟင်းရည်အဆစ်တောင်း၊ ခရမ်းချဉ်သီးဝယ်လည်း ပေးပေး မပေးပေး အဆစ်တွေ အတင်းကောက်ထည့် တတ်သော အကျင့်များက မပျောက်မပျက် တည်ရှိနေဆဲပဲဖြစ်ပါတယ်။ မုန့်ဟင်းခါးဟင်းရည် အပိုထပ်ထည့်ပေးခြင်းသည် စေတနာဖြင့် ထည့်ပေးခြင်း၊ ခရမ်းချဉ်သီးဝယ်ရာတွင် အဆစ်ထပ်ထည့်ပေးခြင်းသည် စေတနာသာဖြစ်ပါတယ်။ စေတနာ ပျက်လောက်အောင် ဇွတ်အတင်းလုပ်သောအခါ လူအများအမြင်ကတ်တတ်လေသည်။
ရွှေရောင်းနေသော ရွှေဆိုင်ကြီးများတွင် အဆစ်မည်သူမျှ တောင်းမရကြောင်းသိပါတယ်။ အဆစ်ပေးလောက် အောင်လည်း ရွှေကဈေးမပေါပါ။ အဆစ်တောင်းဖို့ဝေးလို့ ဈေးကိုပင် မဆစ်ရဲကြပါ။ ရောင်းသောဈေးအတိုင်း သာဝယ်ယူကြရတဲ့အပြင် မျက်နှာငယ်တတ်ကြပါသေးတယ်။ ရွှေရောင်းသူ၏ မျက်နှာရိပ်၊ မျက်နှာကဲကိုပင် ကြည့်ပြီး စကားပြောဆိုနေရတတ်ပါတယ်။ ဟင်းရွက်၊ ကန်စွန်းရွက် ၀ယ်သောအခါတွင်မူ ဈေးဆစ်ကြသေး သည့်အပြင် အဆစ်ကိုပင် ဇွတ်အတင်းတောင်းတတ်သော အကျင့်များသည် အဘယ်သို့သော သဘောဆောင် လေသနည်း။ မိမိတို့၏ ပစ္စည်းများကို ရောင်းချရသောအခါတွင်မူ ကိုယ်ချင်းစာစိတ်ကလေးတောင်မရှိကြဘူးလို့ ထင်မြင်ယူဆတတ်ကြပါသေးတယ်။ မိမိဈေးဝယ်စဉ်အခါက ပြုမူခဲ့ခြင်းတွင်မူ ထို ကိုယ်ချင်းစာစိတ်သည် အဘယ်နေရာသို့ ရောက်နေကြောင်း စဉ်းစားမိကြပါရဲ့လားမသိ။ ကိုယ်ချင်းစာစိတ်ဆိုတာက အခြားသူ တစ်ယောက်ရဲ့ ခံစားချက်ကို မိမိက နားလည်အောင်ကြိုးစားခြင်းဖြစ်ပါတယ်။ မိမိကိုယ်တိုင်တွေ့ကြုံရမှ အခြား သူတို့အား ကိုယ်ချင်းစာစေခြင်းသည် မှန်ကန်ပါမည်လော။ ကိုယ်တိုင်ခံစားရမှ ကိုယ်ချင်းစာခြင်းလိုချင်နေခြင်း က နည်းလမ်းကျပါမည်လား။ သူ့ဖက် ကိုယ့်ဖက် အမြဲစဉ်းစားတတ်သူတို့က သူတို့အား ကိုယ်ချင်းစာရန် ဘယ်သောအခါမျှ ကိုယ်ချင်းစာတရားဆိုသော စကားအားသုံးနှုန်းကြတာ မမြင်ဖူး မတွေ့ဖူး မကြားခဲ့ဖူးပါ။ အခြားသူများအတွက်သာ ကိုယ်ချင်းစာစကားပြောကြတာကို တွေ့ဖူး မြင်ဖူး ကြားဖူးပါတယ်။ ဆိုလိုတာက အများအတွက် အလုပ်လုပ်နေကြတဲ့သူတွေက သူတို့အတွက် ဘယ်တော့မှ ကိုယ်ချင်းစာမခိုင်းခြင်းပါပဲ။
တခါက ကျေးရွာလေး တစ်ရွာမှာ အလွန်အဆစ်တောင်းတတ်တဲ့ လူတစ်ဦးရှိပါတယ်။ သူက အမြဲလိုလို ဘာပဲဝယ်ဝယ်အဆစ်တောင်းတယ်။ သေးသေးလေးဖြစ်ဖြစ် နဲနဲလေးပဲဖြစ်ဖြစ် ရအောင်အဆစ် တောင်းယူတတ်ပါတယ်။ တခါတော့ သူ့အိမ်ကဗီဒိုမှန်ကွဲသွားလို့ မြို့ပေါ်ကိုတက်ပြီး မှန်ဝယ်ပါသတဲ့။ မှန်ဆိုင်မှာ မှန်ဝယ်တော့ ဈေးလျော့ခိုင်းတယ်။ မှန်ရောင်းတဲ့သူကလည်း လျော့လျော့ပေးနေတယ်။ နောက်ဆုံး မှန်ရောင်းတဲ့သူက လုံးဝမလျော့နိုင်တဲ့ဈေးရောက်သွားတယ်။ ဒါလဲ အဲဒီလူက မကျေနပ်သေးပဲ ဈေးထပ်ဆစ် တယ်။ မှန်ရောင်းတဲ့သူလည်း တော်တော်စိတ်ညစ်ပြီးတော့ ထပ်မလျော့နိုင်တဲ့အကြောင်း ရှင်းပြပါတယ်။ ဒီဈေး အတိုင်း ကြိုက်ရင်လည်း ၀ယ်သွားပါ။ မကြိုက်ရင်လည်း မ၀ယ်ပါနဲ့ဆိုပြီး ပြောလိုက်ပါတယ်။ ဒိတော့ ဈေးအလွန်ဆစ်တဲ့သူကလည်း ယူမယ်ဆိုပြီးပြောတယ်။ နောက် ဈေးမလျော့နိုင်ရင် မှန်ကို တစ်လက်မလောက် ပိုဖြတ်ပေးပါဆိုပြီး အဆစ်တောင်းပါလေရော။ မှန်ရောင်းသူကလည်း ပေးပါမယ်ဆိုပြီး သူဝယ်တဲ့အရွယ်အစား ထက် တစ်လက်မပိုဖြတ်ပေးလိုက်ပါတယ်။ ဈေးဆစ်တတ်တဲ့သူလည်း ကျေနပ်ပြီး မှန်ကိုသယ်လာတာပေါ့။ အိမ်ရောက်တော့ မှန်ဘီဒိုကို မှန်တပ်တော့ တစ်လက်မပိုနေတော့တာပေါ့ဗျာ။ တစ်လက်မပိုလို့ ထုခွဲလို့လဲမရ မှန်ဖြတ်စရာ စိန်သွားကလည်းမရှိဆိုတော့ အဆစ်တောင်းကောင်းတဲ့သူ ဒုက္ခတွေ့နေတော့တာပေါ့။ မဖြစ်ချေဘူးဆိုပြီး မြို့ကိုတက် မှန်ဆိုင်ကိုပြန်သွားပြီး အဆစ်တောင်းလာတဲ့ တစ်လက်မ ပြန်ဖြတ်ပေးခိုင်းရ တော့တာပေါ့။ ခရီးစရိတ်လည်း နှစ်ခါကုန်သွားသလို မှန်ဆိုင်ကလည်း တော်တော် အမြင်ကတ်သွားတာပေါ့။ အမှန်က ၀ယ်တဲ့အရွယ်အတိုင်း အတိအကျဖြတ်ပေးရမှာကို မှန်ဆိုင်က နားလည်ပြီးသားပါ။ အမြင်ကတ်ကတ်နဲ့ သေချာ ဖြတ်ပေးလိုက်တာပါပဲ။ အဆစ်တောင်းကောင်းသူရဲ့ ဒုက္ခပါပဲ။ ကိုယ့်ဒုက္ခကိုယ်ရှာတယ်ဆိုတာမျိုးပေါ့။
ကျွန်တော်တို့လည်း အဆစ်တောင်းတတ်ပါတယ်။ အဆစ်တောင်းတာလည်း တောင်းသင့်တဲ့အဆစ်ကိုသာ တောင်းပါတယ်။ မတောင်းသင့်တဲ့အဆစ်သွားတောင်းရင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်မှာ သေချာပါတယ်။ ဈေးရောင်းတဲ့သူတွေလည်း ဈေးဝယ်က ဈေးဆစ်တတ်တော့ ဈေးကို ပိုတင်ထားတတ်ကြပါတယ်။ ဒါမှ ဆစ်ရင် လျော့ပေးတယ်ဆိုတာမျိုးဖြစ်မယ်မဟုတ်လား။ ဈေးမလျော့တဲ့ဆိုင်ဆို ကျွန်တော်တို့ ရွှေမြန်မာများက ဈေးမ၀ယ်ချင်ကြဘူး။ ဒီဆိုင်က ဈေးမလျော့ဘူးဆိုတဲ့အပြစ်တောင် အပြောခံရတယ်။ ဈေးအမှန်တင်ရောင်းတဲ့ ဆိုင်အချို့ဆို လုံးဝဈေးမလျော့ကြပါ။ ဒါလည်း ကျွန်တော်တို့လူမျိုးက အသားမကျသေးပါဘူး။ ခံရတော့မှသာ အရိုက်ခံလိုက်ရပြီ အော်နေတတ်ကြပါတယ်။ တကယ့်အရင်းအမြစ်ကတော့ သူများပစ္စည်းအလကားနီးပါးလိုချင် တတ်တဲ့ စိတ်၊ အလကားလိုချင်တတ်တဲ့စိတ်တွေကများနေတာပဲဖြစ်ပါမယ်။ ဈေးကလည်းဆစ်ချင်ကြသေး၊ အပိုလေး အဆစ်လေးကလည်း တောင်းချင်ကြသေးတဲ့ စိတ်က မပျောက်နိုင်တော့ဘူးလားမသိပါဘူး။ ဈေးသည်က ရောင်းနိုင်တဲ့ဈေးပြောပြီး ၀ယ်သူက ကြိုက်ရင် ၀ယ်သင့်ပါတယ်။ ဈေးကြိုက်လို့ ၀ယ်တာပဲ။ အပိုတွေ အဆစ်တွေထပ်လိုချင်တဲ့စိတ်တွေလည်း ပျောက်ပျက်သင့်ပါပြီ။ အလကားဆိုတာ ဘာမှမရနိုင်ဘူးဆိုတဲ့အကြောင်းကိုလည်း ကျွန်တော်ရေးသားခဲ့ဘူးပါတယ်။ အမှတ်တရဖြစ်အောင် စကားလေးတစ်ချို့ကို ပြန်ရေးပေးလိုက်ပါတယ်။
“အများပြောကြတဲ့ သတ္တ၀ါတွေ အသက်ရှင်ဖို့ ရှုရှိုက်နေကြရတဲ့ လေဆိုတာတောင် ကိုယ့်အားထုတ်မှုမပါပဲနဲ့ မရနိုင်ပါဘူး။ အလကားရတယ်ထင်ရင် မရှုသွင်းပဲနေကြည့်လိုက် ပါ။ လမ်းပေါ်မှာ တွေ့တဲ့ ပိုက်ဆံတောင် အလကားမရပါဘူး။ အနည်းဆုံး အားထုတ်မှုအနေနဲ့ ဖင်လေးတော့ကုန်းပြီး ကောက်မှ ဒူးလေးကွေးထိုင်ချပြီး ကောက်မှ ကိုယ့်အိပ်ထဲရောက်ပါတယ်” လို့ ပြန်လည် အသိပေးပြောကြားရင်း ရပ်နားလိုက်ပါတယ်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
28-Jun-2018 ကြာသပတေးန့(Thursday)