ချစ်သူများနေ့ ခေါ် ဘတ်လဘိုင်ဒေး (Valentine's Day Or Chit Thu Myar Nay)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
နှစ်စဉ်ဖေဖော်ဝါရီလ ရောက်တိုင်း ရောက်တိုင်း ယနေ့ကမ္ဘာနှင့်တစ်ဝှမ်း ပျိုပျိုအိုအို ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် လူတွေအားလုံး ရင်ခုန်ပျော်မြူးတဲ့နေ့ တစ်နေ့ ရှိနေတယ်ဗျို့.... ကျုပ်လည်း ရင်တွေခုန်နေတယ်ဗျ... ပြည်ထောင်စုနေ့တို့ ကလေးများနေ့တို့ ဗိုလ်ချုပ်မွေးနေ့တို့တော့ ဟုတ်ဖူး... မြို့ပေါ်တက် အလုပ်လုပ် ပိုက်ဆံရှာနေတဲ့ ကျုပ်အဖို့ အခြားအချိန်တွေမှာ ရွာကိုသတိရမပြန်ဖြစ်တာလဲ အတော်ကြာပါပီလေ... အဲဒီရက်ကလေးတော့ အချိန်ပေး ရွာပြန်မယ်လေ... ရွာမှာ ကျုပ်ချစ်ရတဲ့ မြမေတစ်ယောက်ရှိပါပကောဗျ... ဘယ်မြို့သူတွေ ဘယ်လိုလှလှ ကျုပ်ချစ်သူ မြမေကိုတော့ မှီတယ်လို့ကိုမထင်တာ... ဒါလည်း ချစ်မိတော့ ရှိတဲ့ ရီးစားလေးက သူများတွေထက် ပိုလှတယ် ပိုချောတယ်ပြောတတ်တဲ့သဘာဝကြောင့်လားတော့မသိဘူး... ဒါပေမယ့် ကျုပ်ချစ်သူ မြမေကတော့ ကျုပ်မျက်စိထဲမှာ ဘယ်အချိန်ကြည့်ကြည့် ဘယ်နေရာကြည့်ကြည့် ချောမှချော လှမလှ ယဉ်မယဉ်ပဲ... မြို့သူတွေကို ကျုပ်ကြည့်ရတာ ရင်တွေပူ ဖင်တွေပူသဗျာ... ကျုပ်ချစ်သူ မြမေကိုကြည့်ရတာ အင်မတန် အေးချမ်းတယ်ဗျာ... တူဘူးဗျ... မြို့သူတွေကြည့်ရင် ကျုပ်မကောင်းတဲ့ခံစားချက်တွေဝင်လာတတ်တာ... မြမေ အလှကတော့ အဲလိုမဖြစ်ဘူး... ကိုယ်ထင် ကုတင်ရွှေနန်းဆိုသလိုဖြစ်မလား ကိုယ့်ငချဉ် ကိုယ်ချဉ်တယ်ပြောမလား... ပြောချင်ရာသာပြောတော့ဗျို့... ကျုပ်ကတော့ မြမေ မှ မြမေပဲ.... မြမေသာ အလှဆုံး အချောဆုံး အယဉ်ဆုံးပဲဗျို့...
Image from google
ဒီတော့ကာ မတွေ့တာကြာပီဖြစ်တဲ့ မြမေဆီကို ရွာကိုပြန်ခဲ့မယ်လို့ စာရေးလှမ်းအကြောင်းကြား လိုက်တယ်ဗျို့... ကျုပ်တို့က ချစ်သူဖြစ်လာတာ ၅ နှစ် ၅ မိုးရှိနေပေမယ့် တခါမှ အဲဒီနေ့ရှိတယ်ဆိုတာကို မသိခဲ့ကြဘူးဗျို့... အခု မြို့တက် အလုပ်လုပ်တဲ့အချိန်ကျမှ အဲဒီ ဘာတဲ့ ချစ်သူများနေ့ ဆိုလား ဘာဆိုလား အဲနေ့ကို ကြားဖူးတွေ့ဖူးတာ... ဒီတော့ ကျုပ်နဲ့မြမေကလည်း ချစ်သူတွေလေ... ဒီတော့ ချစ်သူများနေ့ကျင်းပသင့်တယ်လို့ ထင်မိတဲ့ကျုပ်က ချစ်သူများနေ့အမှီ ရွာကိုပြန်လာမယ်လို့ စာလှမ်းရေးလိုက်တာပေါ့... အဲလိုချစ်သူများနေ့မှာ မြို့က စုံတွဲတွေတော့ ဘာတွေလုပ်ကြတယ် မသိပါဘူး... ကြားဖူးတာတော့ စုံတွဲ အင်္ကျီလှလှလေးတွေ ၀ယ်ဝတ်ကြတယ်... တယောက်ကို တယောက် ချောကလက်ဆိုတဲ့ မဲမဲအတုံးတွေ ငါမြင်တာတော့ ငတို့ရွာက ထညက်ကို ပုံဖော်ထားသလားပဲ... အဲဒါတွေ တယောက်နဲ့ တယောက် အပြန်အလှန်ခွံ့ကျွေးကြတယ်ဆိုလား ပဲ... နေရာအနှံ့လျောက်လည်ကြတယ်ဆိုလားပဲ ကျုပ်ကြားဖူးတာပေါ့... နောက်ထပ်ဘာတွေလုပ်သေးလည်း တော့ ကျုပ်မသိတော့ဘူး...
Image from google
တချို့ အိမ်ထောင်ရှိတဲ့သူတွေတို့ လူကြီးတွေတို့က ပြောတာကြားဖူးသေးသဗျ... ဘာတဲ့ အဲချစ်သူများနေ့ကို အင်းဂလိပ်လို ပြောတာလားတော့မသိဘူးရယ်... ဘတ်လဘိုင်ဒေး ဆိုလားပဲ... ဘတ်လဘိုင်ဆိုတာကတော့ ကျုပ်တို့ရွာမှာ ရှိသမျှအကုန်ရောမွှေထားတာကိုပဲ ခေါ်ကြတယ်... အင်းဂလိပ် လိုကတော့ ဘတ်လဘိုင်ဒေး ဆိုတာ ချစ်သူများနေ့ကိုပြောတာဖြစ်မယ်ဗျို့... ဘတ်လဘိုင်ဖြစ်အောင် ရောမွှေလေသလားတော့မသိဘူးဗျ... အင်းဂလိပ်လို နားလည်သူတွေ ရှင်းပြကြပါအုံး... အင်းဂလိပ်လိုဆို ကျုပ်လိုတောသား ဘယ်နားလည်နိုင်မလဲ... အေ ဆိုတဲ့ စာလုံးကိုတောင် လှည်းဦးဒေါက်ပဲမှတ်နေတာ... ဘာနေနေဗျာ ကျုပ် နဲ့ မြမေ လည်း ချစ်သူတွေဖြစ်ကြလေတော့ ကျုပ်တို့လည်း ချစ်သူများနေ့ကို ရွာပြန်ကျင်းပမယ်လို့ လှမ်းပြောထား လိုက်တာပေါ့... မြို့မှာ ရှိနေကြတဲ့ ချစ်သူတွေပဲ ချစ်သူတွေမှ မဟုတ်တာဗျာ... ကျုပ်တို့တောရွာလေးတွေက ချစ်သူတွေကလည်း ချစ်သူတွေပဲလေဗျာ...
Image from google
အဲဒီ ချစ်သူများနေ့ အဲနေအုံး ကျုပ်လည်း ခေတ်မီအောင် အင်းဂလိပ်လိုပြောအုံးမယ်ဗျို့... ဒါမှ ကျုပ်ကို ရွာကကောင်တွေ အထင်ကြီးမှာပေါ့... အဲဒီ ဘတ်လဘိုင်ဒေး အမှီ ရွာကိုပြန်လာပြီး ငါတို့တစ်တွေ ဘတ်လဘိုင်ဒေး ကျင်းပကြမယ်... မြမေရေ လွန်းလှပြီ... ဘုရားပွဲလည်း ငါမပြန်နိုင်... အလှူတုံးကလည်း မပြန်ဖြစ်ခဲ့ပေမယ့် အဲဒီ ဘတ်လဘိုင်ဒေးကျရင်တော့ ရွာရောက်အောင် ပြန်လာမယ်... ဘတ်လဘိုင်ဒေး လုပ်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီးလည် ပစ်လိုက်အုံးမယ်ဟ... ငတို့ ငယ်ပေါင်းသူငယ်ချင်းအားလုံးကို ရွာထိပ် ရေကန်ကြီးဘေးက ညောင်ပင်ကြီးအောက်မှာ လူတွေစုမယ်... ငတို့ရွာက ကာလသားခေါင်း ကိုသာအောင်ဆီက နွားလှည်းကြီးကို ငှား မယ်... တောထဲမှာ အလေ့ကျပေါက်နေတဲ့ တောပန်းကလေးတွေကို ခူးမယ်... နင့်ခေါင်းမှာ ပန်ပေးမယ်... ငါပန် ပေးတဲ့ပန်းက နင့်ခေါင်းမှာ လှနေမယ်ဆိုတာကို ငါယုံတယ် မြမေရ... ပန်းမပန်လည်း နင်ကလှပီးသားပါလေ... ပြီးရင် နွားလှည်းကြီးနဲ့ ရွာဦးစေတီကို ဘုရားသွားဖူးကြတာပေါ့... ခူးလာတဲ့ပန်းတွေကို ရွာဦးစေတီမှာ လှူပီး နင်နဲ့ ငါနဲ့ ငါနဲ့ နင်နဲ့ ဘ၀ဆက်တိုင်း အတူတူပေါင်းရပါလို၏လို့ ဆုတောင်းကြတာပေါ့လေ... ဟိုကောင် သာအေး နဲ့ မိနှောင်းကိုလည်း ငတို့လုပ်သလို လိုက်လုပ်ခိုင်းရမယ်... အဲဒီ ဘတ်လဘိုင်ဒေးမှာတော့ ငါက ဆရာကြီးပဲလေ... ဒီကောင်တွေ ဘတ်လဘိုင်ဒေးအကြောင်း သိမှ မသိသေးပဲကိုး... နောက်ပီး ချောကလက်ဆိုတဲ့ မဲမဲအတုံးတွေကို ငါမ၀ယ်နိုင်ဘူး ဈေးကြီးတယ်ဟ... ဒီတော့ ချောလက်နဲ့ဆင်တဲ့ ထညက်ခဲတွေ နင့်ကိုငါကျွေးမယ်လေ... နင်ကလည်း ငါ့ကို ပြန်ကျွေးပေါ့ဟာ... ဘတ်ဘဘိုင်ဒေး အမှတ်တရဖြစ်အောင်ပေါ့... မြို့ကနေ နင်နဲ့ ငါနဲ့ ၀တ်ဖို့ စုံတွဲ ၀တ်စုံဆိုလား အဲဒါတော့ နင်နဲ့ငါ အတူတူ ၀တ်ကြတာပေါ့... အဲဒီအတွက် ငတို့အလုပ်သမားခေါင်းဆီမှာ ပိုက်ဆံကြိုထုတ်ထားတယ်... လှလှလေး ၀ယ်ခဲ့မယ်... ငယ်ပေါင်းကြီးဖော် သငယ်ချင်းတေနဲ့ ပျော်ပျော်ပါးပါး နေကုန်အောင် လျောက်လည်ကြတာပေါ့... ဘတ်လဘိုင်ဒေးအမှတ်တရအဖြစ် နောက်ဆုံးအနေနဲ့ ငါက လိပ်ဥ တူးမယ်ဟာ... ဘုရားဖူးရင်း လိပ်ဥတူးရင်းဆို တဲ့ စကားလိုပေါ့... ငတို့က ဘုရားဖူးပီးပီဆိုတော့ကာ လိပ်ဥတော့တူးရမှာပဲ... အဲဒီလို လိပ်ဥ တူးဖို့ ကောက်ရိုးပုံကြီးအနားကို ငါခေါ်သွားခဲ့ရင် မြမေရယ် နင် ငါ့ကိုစိတ်မဆိုးပါနဲ့နော်... ခေတ္တမြို့ရောက် နင့်ချစ်သူ ငါ စာလွှာလေး ပါးလိုက်ပါတယ်...
Image from google
ကျုပ်က တောသားဆိုပေမယ့် ချောကလက်လုပ်နည်းလေးတော့ ဖတ်ဖူးတယ်ဗျ... ချောကလက်ကို ကိုယ်တိုင်လုပ်ပီး ကိုယ့်ချစ်သူလေးတွေကို ကျွေးချင်ကြတယ်ဆိုရင်ဖြင့် အောက်မှာ** ချောကလက်လုပ်နည်းလေး** မှတ်ထားတဲ့ စာအုပ်တွေထဲကနေ ရှာပီး ကူးတင်ပေးလိုက်ပါတယ်ဗျို့.... စီးပွားဖြစ်တော့မဟုတ်ဘူးနော်... သေသေချာချာတော့ တစ်ခါမှ လုပ်ဖူးသေးဘူး...
Image from google
လိုအပ်သောပစ္စည်းများ
• နို့မှုန့် – ၅၀၀ ဂရမ်
• cocoa(ကိုကိုး)အမှုန့် – ၅၀ ဂရမ်
• ထောပတ်(သန့်စင်တဲ့ထောပတ်ဖြစ်ပါစေ) – ၂၀၀ ဂရမ်
• သကြား – ၇၀၀ ဂရမ်
• ရေ – ၁ခွက်(အဆင်မပြေလဲပဲတိုင်းတာတဲ့ ရေခွက် မရှိလဲ စတီးရေသောက်တဲ့ခွက်လောက်ဆိုအဆင်ပြေမယ်ထင်ပါတယ်)
ပြုလုပ်နည်း
၁။ ခွက်ကြီးကြီးတစ်ခုထဲတွင် နို့နှုန့် နှင့် cocoa(ကိုကိုး) အမှုန့် တို့ရော ရောလိုက်ပါ။
၂။ ဒယ်အိုးတစ်ခုထဲ ရေ(၁ခွက်)၊ သကြားထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ သကြားများ အရည်ပျော်လျင် မီးလျော့ပြီး ထောပတ်ကို ထည့်ပါ။
၃။ ထောပတ် အရည်ပျော်သွားမှ နို့မှုန့် နှင့် cocoa(ကိုကိုး) ရောမွှေထားသောအမှုန့်ကို ထည့်ပြီး ဖြည်းဖြည်းခြင်း မွှေပေးပါ။
၎။ မီးနည်းနည်းဖြင့်တည်ထားပါ။
၅။ ကြိုက်ရာပုံစံခွက်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၂နာရီ- ၃နာရီ အအေးခံထားပေးပါ။
၆။ ဒါဆိုရင် ချောကလက်ကို ရရှိပါပြီ။
မိမိတို့ကြိုက်နှစ်သက်ရာ မြေပဲ၊ အုန်းသီး စသည်တို့အား ချောကလက်ထဲသို့ ထည့်သွင်း စားသုံးနိုင်ပါသည်။ အဆင်ပြေကြပါစေဗျာ...
ဆက်လက်လေ့လာလိုတယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ Link ကနေ ၀င်ပြီး ဖတ်ကြည့်ကြပေတော့....
How to Make Chocolate
Chocolate is tasty and delicious, but the store-bought kinds can be filled with lots of unhealthy ingredients. Fortunately, you can easily make healthier chocolate at home using a few simple ingredients.
More info : https://www.wikihow.com/Make-Chocolate
How to Make Chocolate by Hand
Making homemade chocolate is a truly wonderful and fun experience. It can be the most delicious chocolate you ever had, and it is fun to make. Chocolate is a delicious dessert that many people enjoy. A great thing about chocolate is that it is versatile.
More info : https://www.wikihow.com/Make-Chocolate-by-Hand
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
7-Feb-2018 ဗုဒ္ဓဟူးနေ့(Wednesday)