ချစ်ခြင်း နဲ့ မေတ္တာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ခေတ်တွေဘယ်လိုပင်ပြောင်းလဲသွားသော်လည်း မပြောင်းမလဲသုံးစွဲမြဲဖြစ်တဲ့ စကားလုံးလေး ဖြစ်ပါတယ်။ လူမျိုးတိုင်း လူသားတိုင်း ပြောခဲ့ကြတဲ့ ပြောတတ်ကြတဲ့ ပြောနေကြဆဲ ဖြစ်တဲ့ နောင်လည်း ပြောနေအုံးမယ့်စကားလေးတစ်ခွန်းကတော့ “ချစ်တယ်” တဲ့။ ရှေးရှေးတုန်းက လည်း ပြောခဲ့ကြတာပဲ၊ အဖိုးကလည်း အဖွားကို ပြောခဲ့တာပဲ၊ အဖွားကလည်း အဖိုးကို ပြောခဲ့မှာပါပဲ။ အဲဒီစကားလုံးလေး မရှိတော့ရင်လည်း ကမ္ဘာပျက်လောက်တယ်။ ဘာကြောင့်ဆိုတော့ ချစ်တတ်တဲ့ သဘောတရားအပြင် ချစ်ခြင်း မေတ္တာတွေပါပျောက်ဆုံးကုန်ကြမယ်ထင်လို့ပါ။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့နော်။ ထင်တာလေး မြင်တာလေးရေးကြည့်မိတာပါ။ ချစ်ခြင်းနဲ့မေတ္တာဆိုတာက တူတော့မတူပေမယ့် ဆက်နွှယ်နေတယ်ထင်လို့ ချစ်ခြင်း မေတ္တာဆိုတဲ့စကားလုံးလေးက တွဲလျက်ရှိနေတယ်ထင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ သဘောတရားခြင်းကတော့ မတူနိုင်ဘူးထင်ပါတယ်။ ချစ်ခြင်းဆိုတာက အလွယ်တကူ ဖြစ်ပေါ်နိုင်ပါတယ်။ မေတ္တာကတော့ အင်မတန်ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း တည်ဆောက်ယူမှ ရမှာပါ။ အလွယ်တကူနဲ့ မေတ္တာမထားနိုင်ကြတာ လူတိုင်းသိကြပါတယ်။ လူတိုင်းလူတိုင်းကသာ အဲဒီ ချစ်ခြင်း နဲ့ မေတ္တာတွေ ကို ကိုယ့်မှာ အမှန်တကယ်ရှိအောင် တည်ဆောက်ထားနိုင်မယ်ဆိုရင်လည်း ကမ္ဘာလောကကြီးဟာ အင်မတန်ငြိမ်းချမ်းနေနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဒါက မဖြစ်နိုင်လောက်ပါဘူး။ ဘာကြောင့်ဆို ခေတ်အဆက်ဆက်မှာ အဲဒီလို ငြိမ်းချမ်းသွားခဲ့တာမျိုး မကြားဖူးခဲ့လို့ပါ။ ဗဟုသုတနည်းပါးခြင်းကြောင့် လည်းဖြစ်နိုင်ပါတယ်လေ။
ချစ်ခြင်းဆိုတာက အလွယ်တကူဖြစ်ပေါ်စေနိုင်တယ်လို့ဆိုခဲ့ပါတယ်။ ဒီနေရာမှာလည်း ချစ်ခြင်းဆိုတာ ကို တဏှာ ရာဂ တို့နဲ့ယှဉ်တွဲနေတဲ့ချစ်ခြင်းတရားကိုဆိုလိုတာဖြစ်ပါတယ်။ သန့်စင်သော သန့်ရှင်းသော ချစ်ခြင်းတရားဆိုတာလည်း ရှိမှာပါ။ တဏှာ ရာဂတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ချစ်ခြင်း တရားဆိုတာက ချစ်စရာကောင်းလေလေ ပိုချစ်လေလေဖြစ်မှာပေါ့။ ချစ်စရာကောင်းအောင်လုပ်လေ ပိုပြီးချစ်ချင်လေဖြစ်မှာပေါ့။ မိန်းမ တစ်ယောက်နဲ့ ယောက်ျားတစ်ယောက် ချစ်ကြိုက်ကြတယ်ဆိုတဲ့ နေရာမှာ ကန့်သတ်ချက်တွေရှိနေမှာပါ။ ချမ်းသာရမယ်၊ ရုပ်ချောရမယ်၊ ပညာတတ်ရမယ်၊ ဆွေမျိုး အသိုင်းအ၀ိုင်းတောင့်တင်းရမယ်၊ ချစ်ခင်ကြင်နာတတ်ရမယ် စသည် စသည် ကန့်သတ်ချက်တွေ ပါမှာ သေချာသလောက်ပါပဲ။ မြင်မြင်ချင်းချစ်မိတယ်ဆိုတာတွေလည်း ကြားဖူးမိပါတယ်။ အဲဒါကတော့ ရှေးကဆုတောင်းတွေ နောက်ဘ၀တွေ ရှေ့ဘ၀တွေ ကိုယ်မသိနိုင် မမြင်နိုင်တာတွေပါ အကုန်ပါလာတော့ ဘာပြောရမယ်မသိပါဘူး။ ကိုယ်ချစ်တဲ့သူ ပေါင်းဖော်ရတယ်ဆိုရင် စိတ်အင်မတန်ချမ်းသာရတယ်လို့ ထင်ရတတ်သလို ကိုယ်မချစ် မနှစ်သက်သူနဲ့များ ပေါင်းဖော်ရရင်တော့ အရှင်လတ်လတ်ကြီး ငရဲပြည်ကို ရောက်နေရသလို ခံစားတတ်ကြရတယ်လို့ဆိုကြပါတယ်။ ဒါလဲ ကိုယ်မမြင်နိုင် မသိနိုင်တဲ့ ငရဲကို တမ်းတမျှော်မှန်း မြင်ယောင်နေတာပဲ။ စိတ်ဆင်းရဲမှု နဲ့ စိတ်ချမ်းသာမှု တစ်လှည့်စီ ဒွန်တွဲနေတဲ့ တဏှာ ရာဂ ချစ်ခြင်းတရားပါ။ သာမာန်လူသားများအနေနဲ့ ပြောဆိုသုံးနှုန်းကြတဲ့ ချစ်ခြင်းဆိုတာ တဏှာ ရာဂပဲဖြစ်မယ်ထင်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့သဘောလည်း ဖြစ်ပါမယ်။ ဘာကြောင့်ဆိုတော့ ကိုယ်ချစ်တဲ့သူကို အခြားသူတွေက ချစ်မှာလည်းစိုးရိမ်နေရသေးသကိုးဗျ။
မေတ္တာဆိုတာကတော့ အဲဒီ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ တဏှာတွေ၊ ရာဂတွေ၊ လိုချင်တက်မက်မှုတွေ၊ စိတ်ဆင်းရဲခြင်းတွေ၊ ကိုယ်ဆင်းရဲခြင်းတွေကနေ ကင်းလွတ်နေတဲ့ အရာဖြစ်မယ် ထင်ပါတယ်။ အင်မတန်ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်တဲ့ အရာဖြစ်မယ်လို့လည်း ထင်ပါတယ်။ မေတ္တာဆိုတာ ကိုယ်ချစ်ခင်နှစ်သက်တာ၊ မချစ်ခင် မနှစ်သက်တာတွေလည်း မပါတော့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဆိုတာတွေလည်း ကင်းနေမယ်။ ဒါတောင် ဘာလို့များ ချစ်ခြင်းနဲ့ မေတ္တာက တွဲလျက်ခေါ်ဆိုနေကြသလဲဆိုတာတော့ နားမလည်နိုင်ပါဘူးဗျာ။ ဆန့်ကျင်ဘက်သဘောတရား နှစ်ခု ကို တစ်တွဲတတည်း၊ တစ်ပေါင်းတည်းခေါ်ဆိုနေကြရတယ်မဟုတ်လား။ မေတ္တာဆိုတာ အေးမြတဲ့ သဘောဆောင်နေပြီး ချစ်ခြင်းကတော့ ပူလောင်တဲ့သဘောဆောင်နေတာ လူတိုင်းသိကြပါတယ်။ မေတ္တာက အရုပ်ချောခြင်း၊ အရုပ်ဆိုးခြင်းလည်းမရှိပါဘူး။ ချစ်စရာကောင်းခြင်း၊ မုန်းစရာကောင်းခြင်း လည်းမရှိတော့ပါဘူး။ ထို့အတူ တိရစ္ဆာန်ဖြစ်လို့လည်း မထူးခြားသလို နတ်ဖြစ်နေလို့လည်း ထူးမခြားနားပါပဲ။ အားလုံးအပေါ်မှာ တန်းတူသဘောထား ဆက်ဆံနိုင်တတ်တဲ့ အကျင့်တရားတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့်လည်း မေတ္တာဆိုတာကို အလွယ်တကူ ကျင့်ဆောင်လို့မရနိုင်ဘူးလို့ ဆိုထားခဲ့ကြတာဖြစ်ပါမယ်။ ဒါပေမယ့်လည်း လူအများကတော့ အဲဒီလိုမေတ္တာဆိုတာကြီးက ဆွဲဆောင်မှုမရှိလောက်ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်း၊ လှခြင်း၊ အရုပ်ဆိုးခြင်းတွေကို ဂရုမပြုမှတော့ စိတ်ဝင်တစား ဘယ်ရှိနိုင်တော့မလဲ။ ဒါပေမယ့် ကိုယ့်ကိုတော့ အခြားသူတွေက မေတ္တာထားတာ လိုချင်တတ်ကြတယ်။ လူဆိုတာကလည်း ခက်တော့လည်း ခက်သားကလားဗျ။
ဒီတော့ ချစ်ခြင်းနဲ့ မေတ္တာက ပြဒါးတစ်လမ်း သံတစ်လမ်းဆိုသလိုပဲဖြစ်နေတာတောင် ချစ်ခြင်းမေတ္တာရယ်လို့ ပေါင်းစည်းခေါ်ဝေါ်ခဲ့တာလည်း အကြောင်းတစ်ခုခုတော့ရှိမယ်ထင်ပါတယ်။ အဲဒီလောက်ထိတော့ ဥာဏ်မမီတော့ မတွေးတတ်တော့ဘူး။ မတူတာတော့ သိနေပါတယ်။ ဒါပေမယ့် ဘာလို့ ပူးတွဲထားသလဲကို စဉ်းစားလို့ကို မရပါဘူး။ ယောက်ျားတွေရဲ့ ဘ၀အစက မိန်းမတွေဆီကနေ စပြီး ဘ၀အဆုံးကလည်း မိန်းမတွေဆီမှာပဲ ဆုံးကြတယ်လို့ ဆိုသူများလည်း ဆိုကြပါတယ်။ သာမန် လူသားတွေအတွက်တော့ မှန်နိုင်ပါတယ်။ မှန်လည်းမှန်နေမယ်ထင်ပါတယ်။ ချစ်ခြင်းဆိုတဲ့အရာတွေ မှာ အဖိုးအခအဖြစ် ပေးရတာတွေ ရှိကြပါတယ်။ ချစ်ရင် လွမ်းတတ်လာကြတာ အလွမ်းဆိုတာက ချစ်လို့ပေးလိုက်ရတဲ့ အဖိုးအခ ပဲဖြစ်ပါတယ်။ ချစ်တဲ့သူတွေနဲ့ ခွဲခွာရပြီဆိုရင်လည်း ရင်ထဲမှာ မကောင်း နေလို့ထိုင်လို့မရ စသည်ဖြင့် နာကြင်မှုဝေဒနာကို ခံစားကြရစမြဲပင်ဖြစ်ပါတယ်။ နာကြင်မှု ဝေဒနာဆိုတာကလည်း ချစ်တဲ့သူတွေဆီကနေ ရရှိခဲ့တဲ့ အဖိုးအခသာ ဖြစ်ပါတယ်။ ကိုယ်မုန်းတဲ့သူ တစ်ယောက်လောက် ဒုက္ခရောက်တယ်လို့များ သတင်းကြားမိရင် ထခုန်မိလောက်အောင် ၀မ်းသာတဲ့ ဝေဒနာကို ခံစားကြရတာပါပဲ။ ၀မ်းသာတယ်ဆိုတာကလည်း မုန်းတယ်ဆိုတဲ့အရာအတွက် ပေးရတဲ့ အဖိုးအခ တစ်ခုဖြစ်မှာပါ။ ၀မ်းသာလုံးဆို့ရင် သေတောင်သေတတ်တယ်ဆိုပဲ။ ကြည့်ပြီးလည်း ၀မ်းသာ ကြနော်။ အဲဒီလိုတွေ အဖိုးအခအဖြစ်ပေးဆောင်နေရခြင်းကတော့ ချစ်တယ် ဆိုတာရဲ့ အဆွယ်အပွား လေးတွေဖြစ်ပါမယ်။ အခုခေတ်ထဲမှာဆိုရင် သုံးနှုန်းနေကြတဲ့ အရာတွေရှိသေးတယ်။ ကိုယ်အလိုရှိတာတစ်ခုခုကိုများ အခြားလူတစ်ယောက်က ပေးလာရင် “ချစ်တာ မွချိ မွချိ” ဆိုတာတွေလည်း မွချိ မွချိ က အဖိုးအခ ပေးရတာပဲနော်။ မေတ္တာမှာတော့ ဘာအဖိုးအခမှ မရှိပါဘူး။ ၀မ်းသာလွန်းတဲ့ အဖိုးအခလည်း မရှိ၊ နာကြင်ခြင်းဆိုတဲ့ ဝေဒနာအဖိုးအခလည်းမပေးရပါဘူး။
ဘယ်သူတွေ ဘာတွေပြောပြော "အချစ်အကြောင်း" ပြောကောင်းကောင်း နဲ့ ပြောနေကြမယ့်သူတွေ ရှိသလို အချစ်ကို ဘာမှန်းမသိပဲနဲ့လဲ ကြောက်လှပါရဲ့ လန့်လှချည်ရဲ့ ဆိုသူများလည်း လောကမှာ ရှိနေကြပါတယ်လေ။ ကောင်းကြာင်းပြောနေသူတွေလည်း မှန်ကြသလို လန့်နေသူများလည်း မမှားကြဘူးလို့လည်း ထင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး တစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံတွေက မတူညီနိုင်ကြတာပလေ။ ဘာတွေကို စာစီရေးရမှန်းမသိတော့ စိတ်ထဲပေါ်ရာ ရေးချင်တာရေးလိုက်မိပါတယ်။ ဒါပေမယ့်လည်း ချစ်ခြင်း မေတ္တာ ဆိုတာက အမှန်တကယ်လည်း ဒွိဟဖြစ်နေတဲ့ အတွဲတစ်တွဲဖြစ်နေတာပါ။ ဘာကြောင့် အပူ နဲ့ အအေး ကို ယှဉ်တွဲ သုံးစွဲထားကြသလဲဆိုတာ မစဉ်းစားနိုင်အောင်ပါပဲ။ စဉ်းစားထားတဲ့သူများ ရှိရင် တစ်ဆိတ် comment လေးများရေးပေးကြပါလားဗျ။ အသိဥာဏ်ပညာမျက်စိလေး ပွင့်သွားချင်လို့ပါ။ စာရေးရတာတွေများလာတော့လည်း ရေးတဲ့ခေါင်းစဉ်တွေ ထပ်ကုန်မှာလည်း စိုးရ၊ အမှားတွေဖြစ်နေမှာလည်းစိုရ ဟိုဟာဖြစ်မှာ စိုးရ ဒီဟာဖြစ်မှာ စိုးရ ဆိုတော့ စိတ်ထဲပေါ်လာတာကို ချရေးလိုက်တာပါ။ ဖတ်မကောင်းလည်း သည်းခံဖတ်ရှု အားပေးကြပါလို့ ပြောကြားရင်းနဲ့ ရပ်နားလိုက်ပါတယ်။ ဆက်ရေးရင်လည်း အရှည့် အရှည်ကြီး ဖြစ်တော့မှာမို့ပါ။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
14-May-2018 တနင်္လာနေ့(Monday)