နှမြောမိပေမည်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
စိတ်ကူးပေါက်လို့ မေးခွန်းတစ်ခု စာရဲ့အဆုံးမှာ မေးထားပါတယ်။ ဖြေသွားကြပါလို့လည်း ပြောလိုပါတယ်။ အမြဲတမ်းလုပ်ကိုင်ဆောင်ရွက်နေရတဲ့ လုပ်ငန်းတွေမှာ ကျွမ်းကျင်လိမ္မာတတ်ကြတာ လူတိုင်းတော့ သိကြပါတယ်။ ဒါပေမယ့်လည်း အများစုသောလူတွေကတော့ ကိုယ်မကျွမ်းကျင်ပေမယ့်လည်း အကူအညီရလိုရငြား လမ်းညွှန်တာ ပြောပြတာ တတ်နိုင်သမျှကူညီတာတွေကို လုပ်ပေးတတ်ကြတာ အလွန်အင်မတန်ချစ်စရာကောင်းတဲ့ မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခု ဖြစ်ခဲ့ပါတယ်။ လမ်းမှာ ကားပျက်လို့ ဒုက္ခရောက်နေရင် မြင်ရတဲ့သူတွေက အလွယ်တကူ အကူအညီပေးချင်ကြ တယ်။ ဆိုင်ကယ်တွန်းလာတာတွေ့ရင် ဘာဖြစ်လို့လဲမေးတတ်ကြတယ်။ ဆီပြတ်တာမျိုးလောက်ဆိုရင် ကိုယ့်ထဲကနေ ဆီထုတ်ပေးခဲ့တတ်ကြတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကူညီခဲ့ကြတာ အလွန်တမ်းတမိ တယ်။ ဒီလိုကူညီမှုမျိုးကို မြန်မာပြည်တစ်ခုတည်းမှာပဲတွေ့ရတတ်ပါတယ်။ ကမ္ဘာပတ်ရှာရင်တောင်တွေ့နိုင်ခဲ ပါလိမ့်မယ်။ ခုတော့ ကမ္ဘာမကဘူး။ စကြ၀ဠာပတ်ရှာတောင်မတွေ့လောက်တော့ဘူး။ မြန်မာပြည်မှာလည်း အဲဒီလို အကူအညီပေးတတ်တဲ့ ဓလေ့ထုံးစံလေးတွေ ပျောက်ပျက်သွားခဲ့လေပြီလားမသိပါ။ ကားပျက်လို့ တားရင် ဓားပြတိုက်မှာစိုးရ၊ လုယက်ခံရမှာစိုးရတော့ ဘယ်သူကမှ အကူအညီမပေးချင်ကြတော့။ ဆိုင်ကယ်တွန်းနေတာတွေ့ရင်လည်း ကိုယ်နဲ့ဘာမှမဆိုင်သလိုနေတတ်သွားခဲ့ကြပါပြီ။ ကျန်တဲ့ ဗြဟ္မစိုရ်တရား တွေတော့ ရမရမသိဘူး။ ဥပေက္ခာတရားဆိုတာကြီးကိုတော့ လက်ကိုင်ထားပြီး မသိချင်ယောင်ဆောင်တတ် သွားကြပါပြီ။ မေတ္တာတရားသည် ရှားပါးကုန်ပစ္စည်းတစ်ခုလိုဖြစ်နေပါပြီ။ မနက်အိပ်ရာထချိန် ညအိပ်ရာဝင်ချိန် တွေမှာတော့ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ လိုရာဆန္ဒပြည့်ပါစေလို့ အော်ဟစ်ဆုတောင်း နေသော်ငြားလည်း ကာယကံမြောက်ကိုတော့ အခြားသော ဒုစရိုက်မှုများကဲ့သို့ပင် ရှောင်ရှားကြလေသလား ထင်မှတ်စရာပင်ဖြစ်ပါတယ်။ မြန်မာတို့၏ ချစ်စရာကောင်းသော တရားတော်များနှင့်ညီညွတ်သော ဓလေ့စရိုက်လေးများ လျော့နည်းရာမှ ပပျောက်သွားမည်ကို နှမြောမိပါတယ်။
မသိချင်ယောင်ဆောင်ခြင်းကို ကျွန်တော်တို့ရွှေမြန်မာများအနေနဲ့ ဥပေက္ခာတရားလက်ကိုင်ထားပြီးသကာလ ဟုဆိုတတ်ကြတယ်။ ဥပေက္ခတရားကို တလွဲဆံပင်ကောင်းနေတာအဟုတ်မှတ်နေတတ်ကြပါလေရဲ့။ ဥပေက္ခာ တရားက မေတ္တာတရားထက်သာလွန်တယ်လို့ဟောကြားထားတာတွေရှိပါတယ်။ မေတ္တာတောင် ရှားပါးနေတဲ့ ခေတ်ကာလမှာ ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်ဖို့ဆိုတာ မဖြစ်ရေးချမဖြစ်နိုင်လို့ပြောရမှာပဲဖြစ်ပါတယ်။ ဥပေက္ခာဆိုတာကို တလွဲအဓိပ္ပာယ်ယူပြီး မသိချင်ယောင်ဆောင်တာလောက်ကို မှတ်ထားကြတာလည်း တွေ့ရ ပါတယ်။ ဥပေက္ခဆိုတာ လုပ်ပေးနိုင်ပါရက်နဲ့ မသိချင်ယောင်ဆောင်နေတာမျိုးကို မခေါ်ပါဘူး။ ကိုယ်တိုင် မတတ်နိုင်တော့လို့ မသိချင်ယောင်ဆောင်လိုက်ရာမျိုးကိုတော့ ခေါ်ဆိုနိုင်မယ်ထင်ပါတယ်။ သူဘာလုပ်လုပ် သူ့အလုပ်သူလုပ်တာပဲ၊ အဲဒါဟာ သူ့ကံပဲဆိုတဲ့စိတ်ဓာတ်မျိုးရှိနိုင်ဖို့ကမလွယ်လောက်ပါဘူး။ သူဆဲရင် ငါလဲ ပြန်ဆဲမယ်ဆိုတာမျိုး၊ သူမှ ငါ့ကို မကူညီတာ ငါက ဘာလို့အကူအညီပေးရမှာလဲ ဆိုတဲ့စိတ်မျိုး လုံးဝကင်းကင်း ထားနိုင်သွားနိုင် ဥပေက္ခာပဲဖြစ်ပါလိမ့်မယ်။ အလွယ်တကူနားလည်ထားလိုက်တာကတော့ အခြားသူတွေက ဘာပဲလုပ်နေလုပ်နေ၊ ဘာပဲပြောနေပြောနေ ကိုယ်လုပ်သင့်တာကို လုပ်နေတာက ဥပေက္ခာဆိုတာပဲဖြစ်ပါ တယ်။ အဲဒီလို ကိုယ်လုပ်လိုက်တဲ့အလုပ်အတွက် အများက ချီးမွမ်းတာပဲဖြစ်ဖြစ်၊ ကဲ့ရဲ့တာပဲဖြစ်ဖြစ် ပြောချင်ရာပြောကြပါစေ၊ ဂရုမစိုက်ပဲ လုပ်သင့်လုပ်ထိုက်တာကို မတိမ်းမစောင်းလုပ်ကိုင်သွားတတ်တာ ဥပေက္ခာတရားလက်ကိုင်ထားခြင်းပဲဖြစ်ပါတယ်။ မသိချင်ယောင်ဆောင်နေတိုင်းဟာ ဥပေက္ခာမခေါ်ထိုက်ပါဘူး။ ဥပေက္ခာတရားဆိုတာ လောကကြီးကနေ ကွယ်ပျောက်သွားမှာကိုလည်း တကယ် နှမြောမိပါတယ်။
အများစုသော လူတို့ဟာ ကိုယ့်အတွက်ကျ ငြိုငြင်တတ်ကြပါတယ်။ သူ့တုံးက ငါက ဘယ်လိုအကူအညီ ပေးထားရတာ၊ င့ါကျတော့ ပြန်ကူညီဖို့သတိမရဘူးဆိုပြီး ငြိုငြင်တတ်ကြပါတယ်။ ဒါက ဥပေက္ခာတရား မထားနိုင်တာ၊ ဥပေက္ခတရား မရှိတာကို ပြသနေခြင်းပါပဲ။ အတုံ့အလှည့်လို့ခေါ်နိုင်လေမလားမသိပါ။ အတုံ့အလှည့်ကို မျှော်လင့်နေတာက လူ့လောကသဘာဝအရ မှန်ကန်နေနိုင်သော်လည်း တရားဓမ္မအရတော့ မှားယွင်းနေတယ်လို့လည်းထင်မိပါတယ်။ သူအကူအညီလိုလို့ အကူအညီတောင်းတာ ကူညီနိုင်ရင်ကူညီပေးပြီး မေ့ပြစ်နိုင်တာက ဥပေက္ခပဲဖြစ်ပါလိမ့်မယ်။ အတုံ့အလှည့်ကိုမျှော်မှန်းပြီး လှူဒါန်းတာတွေကိုပြုလုပ်မယ်ဆိုရင် တောင် လောဘကြောင့် ရလဒ်မကောင်းဖြစ်တတ်ပါသေးတယ်။ ရေးမယ်ဆိုရင်တော့ တရားပေါက်ပြီး ဘုန်းကြီး ၀တ်ကုန်ကြမလားပဲ။ မြန်မာနိုင်ငံဟာ ရှေးယခင်ကတည်းက နိုင်ငံအရပ်ရပ်က လိုချင်ခဲ့တဲ့ မြေဖြစ်ပါတယ်ဗျာ။ မြေပေါ် မြေအောက် သယံဇာတတွေက အလွန်ပေါတဲ့အတွက်လည်းဖြစ်သလို မြန်မာလူမျိုးများရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတို့ကို သဘောကျနှစ်ခြိုက်ကြလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုရွှေမြန်မာ၊ မရွှေမြန်မာများကတော့ ကိုယ့်လက်ထဲမှာ အလွန်တန်ဖိုးကြီးမားတဲ့ ရွှေလက်ကောက်ကြီးကို တန်ဖိုးမရှိဘူးထင် လို့ ချောင်ထိုးထားလိုက်ပါပြီ။ အနောက်နိုင်ငံက ရင်ဖော်၊ ဖင်ပေါ် ယဉ်ကျေးမှုကို အဟုတ်အဟတ်မှတ်ထင် ကြေးလက်ကောက်ကို ၀တ်ဆင်ချင်နေကြတာ လူဖြစ်ရကျိုးနပ်မယ်တောင်မထင်လို့ နှမြောတသဖြစ်မိပါတယ်။ ပိုင်ဆိုင်ထာတဲ့အရာတစ်ခုက အခြားသူတစ်ယောက်လက်ထဲကိုရောက်သွားမှ အလွန်လှ အလွန်တန်ဖိုးရှိသလို ခံစားရတတ်တာ ငယ်ငယ်ကလေးဘ၀ကတည်းကဖြစ်ပါတယ်။ ငယ်ငယ်ကတည်းကဖြစ်ပေမယ့် ကြီးသည်အထိ တန်ဖိုးထားရကောင်းမှန်းမသိဖြစ်ပြီး တစ်ဘ၀နေ၀င်ချိန်ရောက်သွားရတတ်ပါတယ်။ နှမြောစရာကောင်းလှတယ် လို့လည်း ထင်မြင်မိပါတယ်။
ရေးရင်း ရေးရင်းနဲ့ ဘုရားစာတွေဖြစ်ကုန်တော့မလားပဲနော်။ ကျွန်တော်တို့လည်း ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနေ ကြရာမှာ ဘယ်သူတွေဘာတွေပြောပြော၊ ဘယ်လိုပင်တိုက်ခိုက်ပါစေ၊ ဘယ်လိုပင် သွေးထိုးမြှောက်ပင့်နေကြ ပါစေ ဂရုမစိုက်ပဲ ကိုယ်လိုရာပန်းတိုင်ရောက်ဖို့အတွက် ဥပေက္ခာတရားကို လက်ကိုင်ထားပြီး လျှောက်လှမ်းသင့် လှပါတယ်။ ဒါမှလည်း ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာပဲဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့တစ်တွေ နေရာဒေသမတူ၊ အတတ်ပညာမတူ၊ ဘာသာမတူ၊ အယူမတူ၊ ကျွမ်းကျင်မှုတွေမတူပဲနဲ့ MSC မှာ လာရောက်တွေ့ဆုံခဲ့ကြရပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ အင်မတန် ကံကောင်းတဲ့တွေ့ဆုံမှုလို့လည်း ထင်မြင်မိပါတယ်။ တန်ဖိုးလည်းထားမိပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့လူဦးရေးသန်း(၆၀)ကျော်လောက်ရှိ ပါလိမ့်မယ်။ အဲဒီလူဦးရေတွေကို မဲနှိုက်ပြီးကျတဲ့လူနဲ့ MSC မှာစာရေးကြပါဆိုရင် ဒီလူတွေနဲ့ကျဖို့လွယ်လောက် ဖူးထင်ပါတယ်။ ကျွန်တော်နဲ့ ဒိုမီလေးနဲ့ ကျချင်မှ ကျမယ်၊ ကျွန်တော်နဲ့ ကိုဟင်နဲ့ ကျချင်မှလည်းကျမယ်။ ကျချင်မှလည်း ကျမယ်မဟုတ်ဘူးဗျ။ ကျကို မကျနိုင်ဘူး။ ဒါက ဂျပန်လူမျိုးတွေရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ အလေ့အထတစ်ခုပဲဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင် ဂျပန်လူမျိုးတွေဟာ မိတ်ဆွေဖြစ်မှုကို အင်မတန် အလွန့်အလွန် တန်ဖိုးထားကြတာကြောင့် သေသည်အထိ မိတ်ဆွေအဖြစ်ကနေ ပြတ်စဲခွာပြဲခြင်းမပြုတတ်ကြ ဘူးလို့ ဆိုတာပါပဲ။ မေးခွန်းလေးတစ်ခုလောက်တော့ မေးလိုက်ချင်ပါသေးတယ်ဗျာ။ ကျွန်တော်တို့ MSC မှာ ဥပေက္ခာတရားကို လက်ကိုင်ထားပြီး မေတ္တာတရားကိုစွဲကိုင် ကရုဏာ မုဒိတာ စတဲ့ အချက်တွေနဲ့ လက်တွဲ ခေါ်ဆောင်နေတဲ့သူရှိပါတယ်။ ဘယ်သူများဖြစ်မလဲဆိုတာလေးကို ဖြေပေးနိုင်ကြမလားဗျာ။ အဆုံးသတ်ကို မေးခွန်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ ကျွန်တော်ရဲ့အဖြေနဲ့ ကိုက်ညီမှု ရှိ မရှိ သိချင်လို့ပါဗျာ။ ဆက်ဆက် ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။ နှမြောစရာတွေ မဖြစ်အောင် နောင်တတွေနဲ့ နပမ်းမလုံးမိစေရန်တော့ အစွမ်းရှိသမျှ ကြိုးစားနေပါဦးမည်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
18-Oct-2018 ကြာသပတေးနေ့(Thursday)