နှာစေး ချောင်းဆိုး (Catarrh)
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး။
The greatest wealth is health.
ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ပိုမိုကောင်းမွန်ပါသည်။
Heath is the better than wealth.
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါ၏။
Prevention is better than cure.
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families,
ကျန်းမာရေးသည် လူသားတိုင်းအတွက် အလွန်အရေးကြီးပါသည်။ ကျန်းမာရေးအတွက် အသိပညာ ဗဟုသုတ အနည်းငယ်ကို ရရှိနိုင်ကြပါစေရန်အတွက် ကျန်းမာရေး ဗဟုသုလေးရေးပေးလိုက်ပါတယ်ခင်ဗျာ။
Image from google
လူတို့၏ ခန္ဓာကိုယ်တွင် နှာခေါင်းသည် အလှအပကိုထင်ပေါ်စေရန်၊ ပေါလွင်စေရန်အတွက် ပံ့ပိုးပေးသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ နှာခေါင်း၏အလှသည် တစ်ဖက်သားအားလည်း ဆွဲဆောင်နိုင်စွမ်းရှိပါသည်။ နှာခေါင်းအတွင် နှာခေါင်းပြင်ပပိုင်း နှင့် လူတို့ အသက်ရှင်သန်ရန်အတွက် အသက်ရှုရှိုက်ရာလမ်းကြောင်းဖြစ်သော နှာခေါင်းအတွင်းပိုင်းဟု အပိုင်းအားဖြင့် နှစ်ပိုင်းခွဲခြားထားနိုင်ပါသည်။ ယခု ကျွန်တော်ရေးသားလိုသည်မှာ လူတို့၏ အလှတရားအတွက် အထောက်အပံ့ပေးသော နှာခေါင်းပြင်ပပိုင်း အကြောင်းအရာကိုမဟုတ်ပါ။ နှာခေါင်းအတွင်းပိုင်းဖြစ်သော အသက်ရှုလမ်းကြောင်းနှင့်ပတ်သက်သည့် ရောဂါများအကြောင်းမှ အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း အကြောင်းလေးကို ဗဟုသုတအဖြစ် ရေးသားလိုခြင်းဖြစ်ပါသည်။ ဖတ်ရှုထားသော ကျန်းမာရေးစာစောင်များ၊ စာအုပ်များနှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အရာများအား လေ့လာပြီး ကျန်းမာရေးအသိပညာ တိုးတက် စေရန်ရည်ရွယ်ပါသည်။ ကျွန်တော်သည် ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး မဟုတ်သကဲ့သို့ ဆရာဝန်တစ်ဦးလည်းမဟုတ်ပါ။ ထို့ကြောင့် အမှားအယွင်းများ ပါရှိလာပါက ပြုပြင်ပေးကြပါရန်လည်း တောင်းပန်အပ်ပါသည်။
ကျွန်တော်တို့ လူတိုင်း လူတိုင်းသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် နှာခေါင်းနှင့်ပတ်သက်သော ရောဂါလေးများနှင့် ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ဖူးကြပါသည်။ အအေးမိခြင်း၊ နှာပိတ်ခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းလောက်တော့ အနည်းဆုံး ခံစားဖူးကြပေမည်။ တစ်ခါတစ်ရံ နှာပိတ်ခြင်းသည် ရောဂါကြောင့်မဟုတ်တတ်ဘဲ ရာသီဥတုကြောင့်လည်း ဖြစ်တတ်ပါသည်။ ရာသီဥတုပူလွန်းချိန်တွင် နေပူထဲသို့ အသွားအလာများသောကြောင့် အပူရှပ်ခြင်း၊ အပူမိခြင်းကြောင့် နှာရည်ယိုခြင်း၊ အေးလွန်းသောကြောင့် နှာရည်ယိုခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ဖြစ်ပေါ်တတ်သော အပူရှပ်၊ အအေးမိ၊ နှာရည်ယိုနှာပိတ်ခြင်းသည် ရာသီဥတု ပြန်လည်ကောင်းမွန်လာပါက ပြန်လည် ပျောက်ကင်းသွားတတ်ကြပါသည်။ အအေးမိလို့ပဲဖြစ်ဖြစ် အပူမိလို့ပဲဖြစ်ဖြစ် နှာစေး၊ ချောင်းဆိုးဖြစ်ခြင်း သည် ဖြစ်သောသူအား အလွန် နေရထိုင်ရတာ ကသိကအောင့်နိုင်လှပါသည်။
Image from google
ကျွန်တော်တို့ အဘယ့်ကြောင့်နှာချေကြပါသနည်း။ လူများနှာချေခြင်းသည် နှာခေါင်းအမှေးပါး၏ ရောဂါအန္တရာယ်ကို ကာကွယ်မှုဖြစ်ကြောင်း မှတ်သားဖူးပါသည်။ သာမန်အားဖြင့် ကျွန်တော်တို့၏ နှာခေါင်းအတွင်းသို့ ပြင်ပမှ အရာဝတ္ထုတစ်ခုခုဝင်ရောက်လာခြင်း၊ ဖုန်မှုံ့များ၊ အမှုန်အမွှားများ စသည်တို့ဝင်ခြင်း သို့မဟုတ် အေးသောလေများရုတ်တရက် နှာခေါင်းအတွင်းသို့ဝင်လာခြင်းတို့ကြောင့်နှာချေခြင်းဖြစ်တတ်ပါသည်။ ပြင်ပအရာများ နှာခေါင်းအတွင်းသို့ဝင်လာခြင်းကို နှာချေခြင်းဖြင့် ရောဂါဖြစ်ပွားမှု မဖြစ်ပေါ်စေရန်အတွက် ပထမဦးစွာ နှာခေါင်းမှ တုန့်ပြန်ခြင်းဖြစ်ကြောင်းကိုလည်း မှတ်သားဖူးပါသည်။ သို့သော်လည်း နှာချေခြင်းသည် အမြဲတမ်းလိုလို နာတာရှည်ရောဂါတစ်ခုကဲ့သို့ ပြင်းထန်စွာနှာချေခြင်းသည် ကျွန်တော်တို့အား နေမကောင်း ထိုင်မသာဖြစ်စေတတ်ပါသည်။
WARNING: WHAT IS CATARRH right here! What Is Catarrh Tips & Guide!
Video from You Tube
နှာခေါင်းနှင့်ပတ်သက်သောရောဂါအများစုတွင် နှာရည်ယိုခြင်းကို တွေ့မြင်ရပါသည်။ နှာရည်ယိုခြင်းသည် နှာခေါင်းအတွင်းတွင် အရည်များ ရှိသင့်သည်ထက် ပိုလျှံစွာထွက်လာခြင်းကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ တနည်းအားဖြင့်ဆိုသော် နှာရည်ယိုခြင်းသည် နှာခေါင်အမြှေးရှိ အရည်အိတ်ကလေးများနှင့် သွေးကြောများမှ ထွက်လာသောအရည်များ လွန်ကဲသောကြောင့် ဖြစ်ကြောင်းလည်းသိရှိမှတ်သားဖူးပါသည်။ ရောဂါဖြစ်ခြင်းကြောင့် မဟုတ်ဘဲ သဘာဝအတိုင်းဆိုလျှင် ၀မ်းနည်းစွာငိုကြွေးသောအချိန်၊ နှာခေါင်းအတွင်းသို့ မီးခိုးများဝင်ရောက်သော အချိန်၊ ငရုတ်သီးအစပ်များ စားသောအချိန်တို့တွင် နှာရည်များထွက်လေ့ရှိကြပါသည်။ နှာပိတ်ခြင်း၊ နှာမွန်ခြင်း၊ နှာရည်ယိုခြင်းတို့သည် အများအားဖြင့် အတူတကွဖြစ်ပေါ်တတ်ပါသည်။
Image from google
နှာခေါင်းနှင့်ပတ်သက်သောရောဂါများတွင် နှာစေးခြင်း၊ ချောင်းဆိုးခြင်းတို့သည် အဖြစ်အများဆုံးသောရောဂါဟုပင် သတ်မှတ်နိုင်မည်ထင်ပါ သည်။ နှာစေး၊ ချောင်းဆိုး၊ အအေးမိခြင်းကို မခံစားဖူးသူ မရှိလောက်ဟုထင်ပါသည်။ ရောဂါဖြစ်ပွားခြင်းကို ခန္ဓာကိုယ်တစ်ခုလုံးကိုသက်ရောက်မှုရှိသော်လည်း အဓိကအားဖြင့် နှာခေါင်းအတွင်းပိုင်းတွင် ဖြစ်ပေါ်တတ်သော သဘောရှိသောကြောင့် နှာခေါင်းရောဂါဟုပင် သတ်မှတ်ရမည်ထင်ပါသည်။ နှာစေး၊ ချောင်းဆိုး၊ အအေးမိခြင်းတို့ သည်အများအားဖြင့် ရာသီဥတုအကူးအပြောင်းတွင်လည်းကောင်း၊ မိုးဦးကျချိန်၊ ဆောင်းဥတုစတင်ဝင်ရောက်ချိန် တို့တွင် အဖြစ်များကြပါသည်။ ထိုသို့ ရောဂါရခြင်းသည်လည်း မိမိတို့၏ ကိုယ်ခန္ဓာအင်အားနည်းပါးနေသောအချိန်၊ အိပ်ရေးပျက်ခြင်းများလွန်းသောအချိန်၊ ခန္ဓာကိုယ်အလွန်အမင်းပင်ပန်းနေသောအချိန်တို့တွင် ရုတ်တရက် ရေချိုးမှားခြင်းကြောင့် အအေးပတ်ခြင်း၊ လူထူထပ်သောနေရာသို့သွားလာခြင်းဖြစ်သဖြင့် လေကောင်းလေသန့် မရရှိခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ အအေးမိခြင်း၊ နှာရည်ယို၊ နှာပိတ်ခြင်းသည် ဗိုင်းရပ်စ်(Virus)ဟုခေါ်သော ပိုးတစ်မျိုးကြောင့်ဖြစ်ပွားတတ်ကြောင်းမှတ်သားဖူးပါသည်။ ထိုဗိုင်းရပ်စ်(Virus) များသည် လေထဲတွင် ပြန့်နှံ့နေ တတ်ပါသည်။ နှာစေး၊ ချောင်းဆိုးရောဂါဖြစ်ပွားနေသာသူ၏ နှာရည်များမှလည်းကောင်း၊ ချောင်းဆိုးခြင်း မှလည်းကောင်းရောဂါပိုးကူးစက်တတ်ပါသည်။ ရောဂါပိုးကူးစက်ခံရပါက ကူးစက်ပြီး နှစ်ရက်၊ သုံးရက်ခန့်အကြာတွင် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်တတ်ပါသည်။ နှာခေါင်းယားယံလာခြင်း၊ နှာချေခြင်းများဖြစ်ပေါ်လာပြီး အချိန်မကြာမီမှာပင် နှာရည်များထွက်လာတတ်ပါသည်။ ထိုသို့လက္ခဏာများဖြစ်ပြီး နောက်ရက်တွင် ရောဂါပိုးများ ပိုမိုပြန့်နှံ့လာပြီး အဖျားရောဂါဝင်ခြင်း၊ ချောင်းဆိုးလာခြင်း၊ လည်ချောင်းများယားယံ လာခြင်း၊ လည်ချောင်းနာလာခြင်း၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး ကိုက်ခဲလာခြင်း၊ ပင်ပန်းနွမ်းနယ်လာခြင်း တို့ကို ခံစားလာရပါသည်။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါများသည် အခြားနောက်ဆက်တွဲ ဗက်တီးရီယားများ မ၀င်ရောက်မကူးစက်ပါက ခန္ဓာကိုယ်၏ သဘာဝတုံ့ပြန်နိုင်သော ခုခံအားကြောင့် သုံးရက်မှ ငါးရက်အတွင်းတွင် ပျောက်ကင်းသွားတတ်ပါသည်။
Our Immune System ... Our Body's First Line of Defense!
Video from You Tube
မိမိတို့၏ ခန္ဓာကိုယ်ခုခံအား ကျဆင်းနေချိန်တွင် အအေးမိ၊ နှာစေး၊ ချောင်းဆိုးဖြစ်ပါက ဗက်တီးရီးယားပိုးများ ပိုမို ပွားများလာခြင်းဖြင့် ရောဂါပိုမိုပြင်းထန်စွာ ခံစားရတတ်ပါသည်။ နှာခေါင်းမှ ထွက်ရှိသော နှာရည်များသည်လည်း အရည်ကြည်များမဟုတ်တော့ပဲ ချွဲအဖြစ်သို့ပြောင်းသွားပါသည်။ ရောဂါပိုးမွှားများ ပိုမိုများပြားလာခြင်း၏ လက္ခဏာ ပင်ဖြစ်ပါသည်။ ထိုသို့ဖြစ်ပွားလာပါက အဖျား နှင့် ချောင်ဆိုးခြင်းကိုလည်း ပိုမိုပြင်းထန်စွာ ခံစားရတတ်ပါသည်။ ရောဂါပိုးမွှားများသည် နှာခေါင်းမှတစ်ဆင့် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ပိုမိုပြန့်နှံ့သွားပါက နောက်ဆက်တွဲရောဂါများဖြစ်သော နားပြည်ယိုခြင်း၊ ပသိရောင်ခြင်း၊ ထိပ်ကပ်နာ၊ အဆုတ်ရောင်ခြင်းနှင့် အဆုတ် အအေးမိခြင်းများ ဆက်လက် ဖြစ်ပွားတတ်ကြောင်းကိုလည်း မှတ်သားဖူးပါသည်။ ချစ်မိတ်ဆွေများအား အသိပေး ချင်သည်မှာ နှာစေး၊ ချောင်းဆိုး၊ အအေးမိခြင်းတို့သည် သေးငယ်သည်ဟုထင်တတ်ကြပါသည်။ သို့သော် ရောဂါပိုးများ ပြန့်နှံ့သွားပါက ပြင်းထန်သော နောက်ဆက်တွဲရောဂါများကို ဖြစ်ပွားခံစားကြရမည်ဖြစ်ကြောင်း သတိထားစေချင်ပါသည်။ ယခုခေတ်ကာလတွင် နာမည်ကြီးနေသော၊ ၀က်တုတ်ကွေးဟု လူသိများသော H1N1 သည်လည်း ကူးစက်မြန် ပြင်းထန်သောအဆုတ်ရောင်ရောဂါဖြစ်ပြီး နှာချေခြင်း၊ ချောင်းဆိုးခြင်း တို့မှတစ်ဆင့်ပင် ကူးစက်တတ်သောရောဂါဖြစ်သည်ကိုလည်း သတိပြုသင့်ပါသည်။
Instant Relief from Nasal Congestion - Home Remedies
Video from You Tube
အအေးမိ၊ နှာစေး၊ ချောင်းဆိုးဖြစ်လာပါက လူသူအများအပြားရှိသောနေရာများသို့ သွားလာခြင်းကို အထူးရှောင် ကြဉ်သင့်ပါသည်။ မိမိတို့၏လက်အား အမြဲတမ်းစင်ကြယ်စေရန် ဆေးကြောသန့်စင်ပေးပါ။ မိမိခန္ဓာကိုယ်အား ထပ်မံအားနည်းစေခြင်း၊ အအေးမိစေခြင်းများမဖြစ်စေရန်အတွက် အထူး သတိထားသင့်လှပါသည်။ ထိုသို့ဖြစ်ပွားနေချိန်တွင် မိမိခန္ဓာကိုယ်အား အာဟာရပြည့်ဝစေသောအစားအသောက် များစားပေးခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သောဗိုက်တာမင်ဓာတ်များအား ဖြည့်တင်းပေးခြင်းတို့ဖြင့်လည်း စောင့်ရှောက်ကာကွယ်သင့်ပါသည်။ အာဟာရ ချို့တဲ့ခြင်းနှင့် ခန္ဓာကိုယ်အတွက် လိုအပ်သောဗိုက်တာမင်ဓာတ် များချို့တဲ့ခြင်းသည် မိမိတို့ ကိုယ်ခန္ဓာ ခုခံအားကို ရုတ်တရက် လျော့ကျစေတတ်ပါသည်။ နှာစေးခြင်း၊ ချောင်းဆိုးခြင်းတို့အတွက် အကောင်းဆုံးသော ဆေးတစ်ခွက်ကတော့ ရေနွေးပူပူလေး သောက်ပေးခြင်းပဲဖြစ ပါသည်။ ရေနွေးသောက်ပေးခြင်းဖြင့် အသက်ရှုလမ်းကြောင်းကိုလည်း သန့်စင်ပေးတတ်သောကြောင့် နှာစေးခြင်း၊ ချောင်းဆိုးခြင်းများအတွက် အထူးသင့်လျော်ပါသည်။ လည်ချောင်းကိုလည်း ရှင်းစေပါသည်။ ရေနွေးကိုသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကြွက်သားများ တင်းရင်းခြင်းကို လျော့ကျစေနိုင်ကြောင်း၊ ကြွက်တက်ခြင်းနှင့်အကြောဆွဲခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ကြောင်း၊ သွေးလည်ပတ်မှုကို ပိုမို ကောင်းမွန်စေပြီး အာရုံကြောစနစ်များကိုလည်း ကောင်းမွန်စွာအလုပ်လုပ်စေတတ်ကြောင်းတို့အားလည်း မှတ်သားဖူးပါသည်။ ထို့ကြောင့် နှာစေး ချောင်းဆိုးခြင်း ဖြစ်ဖြစ် မဖြစ်ဖြစ် ရေနွေးကြမ်းအား သောက်သုံးပေး သင့်ပါကြောင်းလည်း အကြံပြုအပ်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က နှာစေး၊ ချောင်းဆိုးခြင်းများဖြစ်လာခဲ့ပါ လျှင် အဖိုး အဖွားများမှ ဂျင်း အားပါးပါးလှီးကာ ထန်းလျက်နှင့်ရောကျိုပြီး ရေသုံးခွက် တစ်ခွက်တင် ကျန်သည်အထိပြုတ်ပြီး တိုက်လေ့ရှိခဲ့ ပါသည်။ ထိုဂျင်းပြုတ်ရည်အား သောက်ပြီးပါက ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းသွားတတ်သည်ကိုလည်း မှတ်မိနေပါ သေးသည်။ ဂျင်းပြုတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် အခြားသောဝေဒနာများအားလည်း ငွေကြေးကုန်ကျမှုမရှိဘဲ ပျောက်ကင်းကြောင်း မှတ်သားခဲ့ဖူးပါသည်။ ယခုလည်း နှာစေး၊ ချောင်းဆိုးခြင်းဖြစ်ပါက သောက်သုံးပေးသင့်ပါသည်။
Image from google
နှာစေး၊ ချောင်းဆိုး ဖြစ်ပါက လိုက်နာရန်အတွက် အကြံပေးလိုသည်မှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုးဖြစ်လာပါက မိမိတို့ကိုယ်ခန္ဓာအား အနားပေးပါ။ အိပ်လျှင် ဦးခေါင်းပိုင်းအား မြှင့်ထားပေးပါ။ နွေးနွေးထွေးထွေးနေပါ။ ခန္ဓာကိုယ်ကိုက်ခဲခြင်းအတွက် အကိုက်အခဲ ပျောက်ဆေးများသောက်ရာ တွင် ပျောက်ချင်သောစိတ်ဖြင့် အများအပြားမသောက်သုံးသင့်ပါ။ နှပ်ညစ်လျှင် နှာခေါင်းနှစ်ပေါက်လုံးကိုပိတ်ပြီး ညစ်ခြင်းထက် နှာခေါင်းတစ်ပေါက်ကိုသာပိတ်ပြီး ညင်သာ ဖြေးညှင်းစွာ ညစ်သင့်ပါသည်။ ပြင်းထန်စွာ မညစ်သင့်။ နှာခေါင်းနှစ်ပေါက်လုံးအားပိတ်ပြီ့း့ပြင်းထန်စွာ နှပ်ညစ်ပါက နှာခေါင်းအတွင်းရှိ ရောဂါပိုးများသည် အခြားသော အစိတ်အပိုင်းများသို့ ရောဂါပိုးပြန့်နှံ့ ရောက်ရှိနိုင်သောကြောင့်ဖြစ်ပါသည်။ ရောဂါခံစားရမှု ပိုမိုပြင်းထန်လာပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်သွားရောက်ပြသပါ ဟု အကြံပေးတိုက်တွန်းအပ်ပါသည်။
ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် မိမိတို့၏ခန္ဓာကိုယ်အားလည်းကောင်း၊ အခြားသူများအား လက်ဆင့်ကမ်း စောင့်ရှောက်ပေးခြင်းဖြင့်လည်းကောင်း ကောင်းမွန်သော ကျန်းမာရေးကို ရရှိခံစားနိုင်ကြပါစေရန် နှင့် ကျန်းမာရေးသုခပြည့်စုံနိုင်ကြပစေရန် ဆုတောင်းရင်းဖြင့် အဆုံးသတ်လိုက်ပါသည်ခင်ဗျာ....
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
22-10-2017 တနင်္ဂနွေနေ့(Sunday)