ယဉ်ကျေးမှုကို ထိန်းသိမ်းပါ (Keep Culture)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



keep cluture.png


နြေ်မာလူမျိုးဆိုသည်မှာ ရှေးယခင်ကတည်းက ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခြင်းဖြင့် ကျော်ကြားသကဲ့သို့ မြန်မာတို့၏ လှိုက်လှဲပျူငှာခြင်း၊ စေတနာကောင်းခြင်းများသည်လည်း အလွန်ကျော်ကြားခဲ့ပေသည်။ ထိုကျော်ကြားမှုကို ယနေ့ခေတ်တွင် မြင်တွေ့နိုင်ရန်အတွက် တဖြည်းဖြည်းနှင့် ခဲယဉ်းလာနေသည်ကို တွေ့မြင်နေရပါသည်။ ရှေးယခင်ကာလများတွင် မြန်မာလူမျိုးများသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော လူမျိုးဖြစ်ပါသည်။ သို့သော် ယခုခေတ်ကာလတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို လိုက်နာကျင့်သုံးခြင်းနည်းပါးလာသည်နှင့်အမျှ အခြားသော တိုင်းတပါးယဉ်ကျေးမှု အစဉ်အလာများက တဖြည်းဖြည်းနှင့်လွှမ်းမိုးလာနေသည်ကို ၀မ်းနည်းဖွယ်ရာတွေ့မြင်နေရပါသည်။ ဘယ်သူမပြု မိမိမှု ဟုပင်ပြောရမည်လားမသိပါ။ ကျွန်တော်တို့ တစ်ဦးချင်းစီ၏ ခံယူချက်မှသည် မိသားစု တစ်စု ခံယူချက်သို့ မိသားစုခံယူချက်မှသည် ပတ်ဝန်းကျင်ခံယူချက်သို့ စသည်ဖြင့် အသီသီးလိုက်နာပေး နိုင်မည်ဆိုပါက ကျွန်တော်တို့ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာများသည် လျော့နည်းပျောက်ကွယ်သွားမည်မဟုတ်ဟုလည်း ထင်မြင်မိပါသည်။


11.png


မြန်မာလူမျိုးတို့သည် ရှေးကယဉ်ကျေးခြင်းအမှုတွင် ထိပ်တန်းအဆင့်ရှိခဲ့မည်ဟု ထင်မြင်မိပါသည်။ စာများအားဖတ်ခြင်းအားဖြင့် သိနိုင်မည်ဖြစ်ပါသည်။ စာမဖတ်ကြတော့သဖြင့် မိမိတို့၏ နိုင်ငံ၏ ယဉ်ကျေးမှု ကိုလေးစားလိုက်နာရမှန်း မသိဖြစ် လာကြရခြင်းသည် ရှေ့မှသွားသောသူများမှ လမ်းညွှန်ပြသခြင်းမပြုလုပ်နိုင်သောကြောင့်ဟုလည်း ထင်မြင်မိပါသည်။ ယခု အချိန်တွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများသည် ထူးဆန်းဖွယ်ရာ ပုံပြင်တစ်ပုဒ်အဖြစ်သို့ ရောက်ရှိသွားကြလေပြီလား မသိ။ လုံခြုံသော ယဉ်ကျေးသော နူးညံ့သိမ့်မွေ့သော မိမိတို့၏ စကားအရာယဉ်ကျေးမှုများ၊ အ၀တ်အစားယဉ်ကျေးမှုများ သည် အခြားသောနိုင်ငံများမှ မလုံခြုံသော၊ ယဉ်ကျေးမှုမရှိသော၊ ကြမ်းတမ်းမှုကိုပေးစွမ်းနေသော စကားအသုံးအနှုန်းများ၊ အ၀တ်အစားများက အစားထိုးဝင်ရောက်ကုန်ကြလေပြီ။ ခေတ်ရေစီးကြောင်းဟု ငြင်းဆန်နေကြမည်ထင်ပါသည်။ ခေတ်ရေစီးကြောင်းဆိုသည်ကို နားလည်သဘောပေါက်ပါသည်။ ထိုခေတ်ရေစီးကြောင်းထဲတွင် ယဉ်ကျေးမှုများ မျှောပါမသွားစေရန်အတွက် နိုင်ငံအတော်များများက ထိန်းသိမ်းကြသည်ကို မြင်တွေ့နေရသော်လည်း ကျွန်တော်တို့ မြန်မာ နိုင်ငံကတွင်တော့ မမျော မျောအောင် မျှောချနေသည်ထင်မိပါသည်။ ဥပမာအနေဖြင့်ပြဆိုရမည်ဆိုလျှင် ယခုခေတ်ကာလ ခေတ်စားလူကြိုက်များသော ကိုရီးယားဇာတ်ကားများတွင် သူတို့အလေးထားသော ယဉ်ကျေးမှုတစ်ခုခုတော့ပါစမြဲဖြစ် သကဲ့သို့ အိန္ဒိယဇာတ်ကားများကိုကြည့်လျှင်လည်း သူတို့၏ ရိုးရာယဉ်ကျေးမှုမပါသော ဇာတ်ကားတစ်ကားမျှမတွေ့ဖူးပါ။ ကျွန်တော်တော်တို့ မြန်မာဇာတ်ကားများအားကြည့်လျှင် တန်ဖိုးထားရမည့် အဖိုးတန်ယဉ်ကျေးမှု အရာများမပါရှိပါဘဲနှင့် လူငယ်ထုအတွက် မှားယွင်းသောအတွေးအခေါ်များကို ချပြနေသော ဇာတ်ကားများသာ များနေသည်ကိုတွေ့ရပါမည်။ မည်သူတို့က မိမိတို့လူမျိုး၊ မိမိတို့ ယဉ်ကျေးမှုများကို တန်ဖိုးထားသည်ဟု ထင်ပါသနည်း။ ကိုယ်တိုင်သာဖြေကြည့်ကြပါ။ မြန်မာ့လူမျိုးတို့၏ ယဉ်ကျေးသောအကြောင်းအရာများကို အောက်တွင်ဖော်ပြလိုက်ပါသည်။ စဉ်းစား ဝေဖန်ပြီး မည်သည်ကို လုပ်ဆောင်ရမည်ကိုလည်း မိတ်ဆွေများ ဆုံးဖြတ်နိုင်ကြပါစေ။


lady.png


မြန်မာ့ယဉ်ကျေးမှုဟုဆိုရာတွင် ယခုဖော်ပြလိုသည်မှာ စကားပြောဆိုရာတွင် ယဉ်ကျေးမှုရှိခြင်းကို ဖော်ပြရေးသား လိုခြင်းဖြစ်ပါသည်။ စကားပြောဆိုရာတွင် ယဉ်ကျေးခြင်းသည် နေရာ ဌာနအလိုက် သတ်မှတ်ချက်များ ရှိပါသည်။ သာမန် နှုတ်ဆက်စကားပြောကြားခြင်း၊ အထွေထွေကိစ္စများတွင် ယဉ်ကျေးခြင်း၊ မိမိတို့အိမ်တွင်ယဉ်ကျေးခြင်း၊ ကျောင်းတွင်ယဉ်ကျေးခြင်း၊ ခရီးသွားစဉ် ယဉ်ကျေးခြင်း၊ ယခုခေတ်ကာလတွင် ပိုမိုအသုံးများလာကြသည့် တယ်လီဖုန်းစကားပြောရာတွင် ယဉ်ကျေးခြင်း စသည်ဖြင့် အမျိုးမျိုးသတ်မှတ်ချက်များရှိပါသည်။ အခြားသော နေရာဌာနများတွင်လည်းယဉ်ကျေးမှုရှိရမည့်အချက်များလည်း ရှိပါသည်။ သို့သော် ထိုမျှလောက်သည်ပင်လျှင် လုံလောက်သော ယဉ်ကျေးခြင်းအမှုကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

သာမန်နှုတ်ဆက်စကားပြောဆိုရာတွင် ယဉ်ကျေးခြင်းဟု ဆိုရာတွင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံစဉ် နှုတ်ဆက်စကားပြောဆိုကြခြင်းဖြစ်ပါသည်။ "မင်္ဂလာပါခင်ဗျာ" "မင်္ဂလာနံနက်ခင်းပါ" "မင်္ဂလာညနေခင်းပါ" စသည်ဖြင့် တွေ့ဆုံကြရာတွင် မင်္ဂလာ တပ်ပြီး ယဉ်ကျေးစွာဖြင့် နှုတ်ဆက်ကြရပါသည်။ သို့ရာတွင် ထိုကဲ့သို့ မင်္ဂလာပါ ရှေ့မှ တပ်ခြင်းကို ရှက်စရာဟု ထင်မြင်ယူဆထားသည်လားမသိပါ။ မင်္ဂလာပါဟု ပြောရမည်ကို နှုတ်တွန့်နေကြပေသော်ငြားလည်း ဆဲရေးတိုင်းထွာခြင်းကိုတော့ အလွယ်တကူ ပြုလုပ်နေကြပေ သည်။ မင်္ဂလာပါဆိုသောစကားလုံးကို အချိန်နေရာမရွေး အသုံးပြုနှုတ်ဆက်နိုင်ပေသည်။

ထို့အတူ တွေ့ဆုံပြီးခွဲခွာချိန်တွင်လည်း ယဉ်ကျေးစွာ နှုတ်ဆက်ကြရာတွင်လည်းယဉ်ကျေးစွာနှုတ်ဆက်တတ် ခြင်းသည် မြန်မာလူမျိုးတို့၏ ထိန်းသိမ်းသင့်သော ဓလေ့ကောင်းတစ်ခုဖြစ်ပါသည်။ ခွဲခွာချိန်တွင် ယဉ်ကျေးစွာ နှုတ်ဆက်တတ်သော နှုတ်ဆက်စကားများသည်ကား "ပြန်လိုက်ပါဦးမယ်ခင်ဗျာ""ပြန်လိုက်ပါဦးမယ်ရှင်" "ပြန်ခွင့်ပြုပါဦးခင်ဗျာ""ပြန်ခွင့်ပြုပါဦးရှင်" "နောက်များထပ်မံဆုံတွေ့ချင်ပါသေးတယ်""အမြဲတမ်းသတိရနေပါ့မယ်" "ကျန်းမာပါစေလို့ဆုတောင်းပါတယ်"စသည်ဖြင့် ယဉ်ကျေးစွာနှုတ်ဆက်ကြပေသည်။
အမှားအယွင်းတစ်ခုခုဖြစ်ပေါ်ပါကလည်း "တောင်းပန်ပါတယ်" "ခွင့်လွှတ်ပါခင်ဗျာ" "ကန်တော့ပါရဲ့" စသည်ဖြင့် ယဉ်ကျေးစွာ တောင်းပန်စကားများဆိုကြပေသည်။ ထိုကဲ့သို့တောင်းပန်စကားဆိုခြင်းသည် မိမိတို့၏ အမှားကို ၀န်ခံရာလည်းရောက်သော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ကြောင်းကိုလည်း သတိထားမိပါသည်။ ယခုခေတ်ကာလတွင် "မင်းမှားတာ" "ငါမမှားဘူး" ဟု အမှားကိုမ၀န်ခံသည့်အပြင် ရန်လုပ်တတ်သောသူများ ပေါများလာသည်ကိုလည်း သတိပြုမိပါသည်။ ယဉ်ကျေးမှုအားနည်းလာခြင်းဖြစ်မည်ဟုလည်း ထင်မြင်မိပါသည်။ အရောင်းအ၀ယ် ကိစ္စများ ပြုလုပ်ရာတွင်လည်းကောင်း၊ သာရေး နာရေး လူမှုအရေးအရာများတွင်လည်းကောင်း ကြိုဆိုကြရာတွင်လည်း "ကြွပါခင်ဗျာ" "ဘာအလိုရှိပါသလဲခင်ဗျာ/ရှင်" စသည်ဖြင့် ယဉ်ကျေးမှုရှိကြပေသည်။


mingalar par.png


မိမိတို့ထက် အသက် ၀ါ ကြီးသူများအားလည်း မြန်မာတို့၏နှစ်သစ်ကူးအချိန်အခါ(နှစ်ဆန်းတစ်ရက်နေ့)တွင် လည်းကောင်း၊ သီတင်းဝါလကျွတ်ချိန် အခါကြီး ရက်ကြီးများတွင်လည်းကောင်း ပူဇော်ကန်တော့ကြပေသည်။ ကျောင်းသား ကျောင်းသူများက ဆရာ ဆရာမများကို ကန်တော့ကြခြင်း စသည့် ယဉ်ကျေးမှုအစဉ်အလာများသည် ဂုဏ်ယူဖွယ်ကောင်းလှသော မြန်မာတို့၏ ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်သည်။ ထိုသို့ကန်တော့ကြရာတွင် အသက်ကြီးသူ ကန်တော့ခံကြရသူများကလည်း "ကျန်းမာကြပါစေ ချမ်းသာကြပါစေ အန္တရာယ်ကင်း ဘေးရှင်းကြ ပါစေ အသက်ရှည်ကြပါစေ လိုရာဆန္ဒများလည်းပြည့်စုံကြပါစေ" စသည်ဖြင့် ဆုပေးတတ်ကြခြင်းသည်လည်း မြန်မာတို့၏ ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ပါသည်။

ငယ်ရွယ်သူများအနေဖြင့် လူကြီးသူမများရှေ့တွင်ရောက်ရှိနေသောအချိန်တွင်လည်းကောင်း၊ လူကြီးသူမများအနီး အနားမှ ဖြတ်သန်းသွားလာကြရာတွင်လည်းကောင်း၊ လူကြီးသူမများအား ကြိုဆိုနှုတ်ခွန်းဆက်ကြရာတွင်လည်း မိမိတို့၏ ကိုယ်ခန္ဓာကိုယ်ယို့လျက် ခါးကိုကိုင်းညွှတ်ခြင်းဖြင့် ရိုသေသော အမူအရာကိုပြကြခြင်းသည်လည်း မြန်မာ့ ယဉ်ကျေးမှုတစ်ရပ်ဟုပင် ခေါ်ဆိုရမည်ဖြစ်ပေသည်။ လူငယ်လူရွယ်များသည် လူကြီးသူမများနှင့် တန်းတူ ထိုင်ခြင်းမပြုဘဲ လူကြီးများက ထိုင်ခုံပေါ်ထိုင်ပါက လူငယ်လူရွယ်များက ကြမ်းပြင်တွင်သာ ထိုင်သော အလေ့အကျင့်သည်လည်း ယဉ်ကျေးခြင်းအမှုအရာ လေးစားခြင်း အမှုအရာတို့ကို ဖော်ဆောင်ခြင်းပင် ဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်အခါသမယတွင် လူငယ်လူရွယ် အတော်များများသည် လူကြီးသူများနှင့် တန်းတူ ရည်တူ ထိုင်ကြရုံသာမက ထိုင်ခုံကိုပင်လုထိုင်တတ်ကြပြီး လူကြီးများက ကြမ်းပြင်အထက်တွင် ထိုင်နေလျှင် လူငယ်လူရွယ်များက ထိုင်ခုံထိုင်မှမဆင်းကြသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့လာရပေသည်။ ဂါရ၀တရားများ လျော့ပါးလာခြင်း၏ အမှတ်အသားပင်ဖြစ်မည်ထင်ပါသည်။ လူငယ်များတွင် ဂါရ၀ထားသင့်သည်များကို မသိနား မလည်ဖြစ်လာကြသည်လော။ ရှေးက လူကြီးများရှေ့မှောက်တွင် ဒူးထောင် ပေါင်ကား မထိုင်ကြပါပေ။ စဉ်းစား သင့်လှပေသည်။ မြန်မာ့ယဉ်ကျေးမှုများ ပပျောက်လာပြီး အခြားသောတိုင်းပြည်မှ မယဉ်ကျေးမှုများ အစားထိုး ၀င်ရောက်လာခြင်းသည် ၀မ်းနည်းဖွယ်ကောင်းပေစွ။ နိုင်ငံခြားသားများ မြန်မာပြည်ကိုလာရောက်လည်ပတ်ပါက မလုပ်သင့်သည့် အရာများနှင့် လုပ်ရမည့်အရာများကို ခရီးသွားဝန်ဆောင်မှုများမှပင် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည်များကို အသိပေးထားကြကြောင်းကို အောက်ပါ Link များမှ ၀င်ရောက် လေ့လာနိုင်ကြပေသည်။


http://www.ssttourism.com/travel-advice/

http://meaganbrooks.blogspot.com/2015/04/mingalaba-mondays.html


လူငယ်များသတိပြုသင့်သည့်အချက်အချို့အား ဖော်ပြလိုပါသည်။ လူငယ်လူရွယ်များ ဆင်ခြင်လိုက်နာနိုင်ကြစေ ရန် ရည်ရွယ်ပါသည်။ လူငယ်လူရွယ်များသည် မိမိတို့အိမ်တွင်နေစဉ်ခါတွင် လူကြီးများ၊ ဧည့်သည်များရှေ့သို့ မခေါ်ဘဲနှင့်မသွားရပါ။ ကျယ်လောင်စွာ စကားပြောဆိုခြင်းမြ့ပုရပါ။ လူငယ်အချင်းချင်းသည်လည်း သင့်တင့်အောင် ပေါင်းဖော်ဆက်ဆံရပါမည်။ လူကြီးမိဘတို့အလုပ်အား မိမိတို့နိုင်သမျှ ကူညီကြရပါမည်။ လူငယ်များအနေဖြင့် မိမိတို့အိပ်ယာမှထလျှင် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများကို စနစ်တကျ ခေါက်ထားကြရပါ မည်။ ခြေသံပြင်းစွာမနင်းကြရပါ။ ဖိနပ်ကို ရှပ်တိုက်စီးခြင်းမပြုရပါ။ အသံမမြည်အောင် ညင်သာစွာလမ်းလျောက် ကြရပါမည်။ အခြားသူများမနိုးသေးမီ ကျယ်လောင်သောအသံများမပြုလုပ်ရပါ။ လူကြီးများအားပစ္စည်းပေးရာတွင် လည်း ရိုသေစွာ လက်နှစ်ဖက်ဖြင့်ပေးကြရပေသည်။ တံခါးများအား ပိတ်ကြရာတွင်လည်း အသံမမြည်အောင် ဖြည်းညှင်းစွာပိတ်ကြရပါမည်။ လူကြီးမိဘများမစားသုံးမီ လူငယ်များမှ အရင်ဦးစွာ မစားရပါ။ လူကြီးမိဘတို့မှ ခွင့်ပြုသောအခါမှ ဦးချပြီး စားကြရပါသည်။ ရေးသားမည်ဆိုပါက မြန်မာ့ယဉ်ကျေးမှုအကြောင်းအရာ တို့သည်ကား များပြားလှပေမည်။ ယနေ့ခေတ် လူငယ်တို့ သိသင့်လိုက်နာသင့်သည်များကိုသာ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုရသော် ယနေ့ခေတ် လူငယ်များအနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရင်းဖြင့် ခေတ်ရေစီးကြောင်းတွင် လိုက်ပါကြပါရန်တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါသည်ခင်ဗျာ။

Photo Credit - Google


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

2-11-2017 ကြာသပတေးနေ့(Thursday)