ခြင် ဆိုတဲ့ လူသတ်ကောင်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မိုးရာသီရောက်ပြီဆိုမှဖြင့် ဘယ်ကဘယ်လိုထွက်လာမှန်းမသိတဲ့ ခြင်တွေက အုံလိုက်ကျင်းလိုက်နဲ့ လူတွေကို သွေးစုပ်ကြတော့တာပါပဲ။ ညပိုင်းမှာဆိုအဆိုးဆုံးပဲလို့ထင်တယ်။ ဘုရားကန်တော့နေတဲ့ သူတွေ၊ တီဗီကြည့်နေတဲ့သူတွေဆို အဲဒီအကောင်တွေအုပ်လိုက် ဒုက္ခပေးတတ်ကြတယ်လေ။ ဘုရားရှိခိုးသူတွေလည်း အကုသိုလ်ကင်းကင်းနဲ့ ဘုရားကန်တော့လို့မရ။ တီဗီကြည့်သူတွေကတော့ အဲလောက်မဆိုးဘူး။ သူတို့က အာရုံဝင်စားနေကြလေတော့ ချက်ချင်းတော့ မသိကြပေဘူး။ အဲဒီ အကောင်တွေက ပတ်ဝန်းကျင်ဂေဟစနစ်ကြီးအတွက် ဘယ်နေရာ ဘယ်ကဏ္ဍကနေအကျိုးပြုသလဲ မသိဘူး။ လူတွေကိုတော့ အင်မတန်အန္တရာယ်ဖြစ်စေတတ်တာတော့ သိရတယ်။ အကျိုးဘယ်လိုပြု နေသလဲလို့ လိုက်ရှာကြည့်တာ မတွေ့မိပါဘူး။ အဲဒီအကောင်သေးသေးလေးတွေက အသံနဲ့ တစ်မျိုး သွေးလို့လို့တစ်ဖုံ အမျိုးမျိုးဒုက္ခပေးတဲ့အပြင် တစ်နှစ် တစ်နှစ် လူခုနှစ်သိန်းလောက်ကို သတ်ပစ်သေး တယ်ဆိုပဲဗျ။ အတော်ကြောက်စရာကောင်းတဲ့ကောင်တွေပါ။ လူတွေကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့ အကောင်တွေထဲမှာလည်း အဲဒီအကောင်က ပါသေး။ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ သတ္တ၀ါတွေထဲမှာလည်း Top 10 ပဲ။ ဒီတော့ ဒီအကောင်သေးသေးလေးတွေက အယုတ်တမာ လူသတ်ကောင်နေဖြစ်ပြီး လူတွေကို မရဏခရီး အမြန်နည်းနဲ့ ကြွမြန်းစေနိုင်ပါတယ်။
အဲဒီအယုတ်တမာ လူသတ်ခြင်ကောင်တွေက လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးမွှားတွေကို သယ်ဆောင်ထားကြသေးတယ်။ အဲဒီရောဂါပိုးတွေကို လူတွေရဲ့ သွေးကိုစုပ်ယူရင်းနဲ့ လူ့ခန္ဓာ¬¬¬ကိုယ်ထဲကို ထိုးသွင်းသွားခဲ့သေးတယ်။ သွေးလဲစုပ်ယူသွား သေးတယ်။ ရောဂါလဲပေးသွားသေးတယ်။ အတော်မကောင်းတဲ့ကောင်တွေပဲ။ ခုလိုမိုးရာသီကာလမှာဆိုရင် ခြင်များဟာဆိုရင် ခြင်ထီးနဲ့ခြင်မ အာဝါဟ ၀ိဝါဟ ပြုပြီးသကာလ ခြင် မီးမီးလေးတွေ၊ ခြင်သားသားလေးတွေ အတွဲလိုက် အတွဲလိုက် ရက်ပိုင်းအတွင်းမှာပင် လျင်မြန်စွာ ပေါက်ဖွားကုန်ကြတယ်။ ခြင်တစ်ကောင်ရဲ့ ပေါက်ပွားနှုန်းကလည်း IT ခေတ်မို့လားမသိဘူး။ မြန်မှမြန်ပဲ။ ခြင်ထီးတစ်ကောင် နဲ့ ခြင်မတစ်ကောင် ပူးပေါင်းပြီး ထူထောင်ရေးလုပ်လိုက်တာ ခြင်အိမ်ထောင်စု တစ်စုတည်းကနေ မကြာလှသော ရက်ပိုင်း အတွင်းမှာပဲ ခြင်ကောင်ရေ တစ်ထောင် နှစ်ထောင်မက ဖြစ်လာကုန်တော့တာပဲ။ ခြင်မတစ်ကောင်ဟာ တစ်နှစ်မှာ ခြင်အကောင်ရေ သန်းပေါင်း(၁၅၉,၈၅၇)ကောင်ရေ ပေါက်ပွားတယ်လို့ဆိုထားပါတယ်။ အင်မတန်ကြောက်စရာ ကောင်းတဲ့ ပေါက်ပွားနှုန်းပဲဖြစ်ပါတယ်ဗျာ။ ထို့နောက်တွင် မတော့ ခြင်သေး၊ ခြင်မွှား၊ ခြင်ကြီး အရွယ်စုံ ဆိုဒ်စုံ ခြင်ပေါင်းစုံတို့ဟာ အိမ်တွင်း အိမ်ပြင် တ၀ီဝီ နှင့် လေတပ်အုပ်စုကြီးတစ်ခုပမာ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတတ်တော့တယ်။ ထိုသို့ တ၀ီဝီ ဖြင့် သောင်းကျန်းကာ လူတို့၏သွေးကိုစုပ် ရောဂါပိုးထိုးသွင်းပေးသွားတတ်တဲ့ လူသတ်ကောင် ခြင်က ကိုယ်တစ်မိသားစုတစ်ခုတည်းသာ ဒုက္ခပေးနေသည်မဟုတ်။ ကိုယ်မိသားစုတစ်စုတည်းသာ ခြင်ကိုက် ခံနေကြရသည်မဟုတ်။ အခြေခံလူတန်းစား လူလတ်တန်းစား အတော်များများမှာ နှစ်စဉ် နှစ်တိုင်း ကြုံတွေ့နေကြရတတ်ပါတယ်။
ခြင်ပြေးစေရန် ခြင်ဆေးခွေ၊ ခြင်ဖြန်းဆေး အမျိုးမျိုး အဖုံဖုံတို့သည်လည်း အသုံးပြုတာကြာလာတော့ အနှီ လူသတ်ကောင် ခြင်တွေက အနံ့ပြီးကုန်ကြလေရာ တစ်မျိုးပြီး တစ်မျိုးပြောင်းသုံးနေသော်လည်း ခြင်ဆေးနံ့ပြီးနေသော ခြင်များသည်ကား ကိုက်မြဲ ၀ီဝီအော်ဆဲသာဖြစ်နေလေတော့သည်။ ထိုခြင်ဆေးခွေအနံ့များ၊ စပရေးအနံ့များက လူတွေကို ကင်ဆာဖြစ်စေနိုင်သလို ပန်းနာရင်ကြပ်ဖြစ်စေတော့တော့ ခြင်ပြေးစေရန် ဘယ်လိုနည်းစနစ်တွေသုံးရင်ကောင်းမလဲ။ စဉ်းစားခန်းဝင်ရင်းမှ ရှာစရာ ဖွေစရာ အင်တာနက်မဟာကြီးကို သတိရမိလေတော့ သဘာဝအနံ့နဲ့ ခြင်ပြေးစေတဲ့ နည်းလေးတွေ စမ်းကြည့် ရတော့မပေါ့။ တကယ်ပြေးမပြေးတော့ မသိပါဘူး။ ကြက်သွန်ဖြူရဲ့ အနံ့အသက်ကိုတော့ ခြင်သာ မက၊ အခြားအင်းဆက်ပိုးတွေဖြစ်တဲ့ ပိုးဟပ်၊ ပုရွက်ဆိတ်တွေလည်း ပြေးစေတယ်လို့ ရေးထားတာ တွေ့မိပါတယ်။ စမ်းကြည့်ရင်တော့ သိရမှာပေါ့။ ခြင်အကိုက်ခံရတဲ့သူတွေကိုကြည့်လိုက်ရင် ခြင်ဖု နီနီရဲရဲလေးတွေကို လက်တွေ ခြေတွေမှာ တွေ့နေရတယ်။ မသိရင် ဆေးမှင်ကြောင်များထိုးထား လေသလားလို့ ထင်မှတ်စရာတစ်ခုပေပဲ။ လူသတ်ကောင်ခြင်ကို ခြင်အဖြစ်ရေထဲကနေ ပျံသန်းမသွား ခင်အချိန်မှာ သတ်နိုင်ရင်အကောင်းဆုံးပါပဲ။ ဖုံး သွန် လဲ စစ် ဆိုတာတွေကလည်း နေရာတိုင်းမှာ အံဝင်ခွင်ကျမဖြစ်တတ်ပါဘူး။ ရေရှားပါတယ်ဆိုမှ သွန်ပစ်လိုက်ရင် ရေဘေးဒုက္ခထပ်ရောက်ရအုံး မယ်။ ဖုံးတာကတော့ ဖုံးထားတတ်ကြတာပါပဲ။ ဖုံးထားလဲ အဲဒီအယုတ်တမာ လူသတ်ကောင်ခြင် တွေက အထဲရောက်နေတတ်တာက များနေတယ်။ ကာကွယ်နှိမ်နင်းရေး စီမံချက်တွေကလည်း မထိမရောက်။ ကိုယ်တိုင်အသိစိတ်နဲ့ ကာကွယ်နိုင်မှ ဖြစ်ပါမယ်။
ခြင်မှာလည်း အမျိုးအစားအနေနဲ့ သုံးမျိုးသုံးစားရှိတယ်လို့ဖတ်ဖူးတယ်ဗျ။ ငှက်ဖျားရောဂါပိုးကို သယ်ဆောင်ဖြန့်ဖြူးတဲ့ ခြင်က အနောဖလိ(ANOPHELES) ဆိုတဲ့ခြင်လို့ဆိုပါတယ်။ အခြားသောခြင်များကိုက်မယ် ဆိုရင်တော့ ငှက်ဖျားရောဂါမဖြစ်နိုင်ပါဘူး။ အရင်တုံးကဆိုရင် စိမ့်ရေတွေ၊ စမ်းရေတွေ၊ ငှက်ပျောသီး တွေစားရင် ငှက်ဖျားဖြစ်တယ်လို့ယူဆကြပြီး စိမ့်စမ်းရေတွေ၊ တောထဲကငှက်ပျောသီးတွေကိုမစား ကြပါဘူး။ ခုတော့အဲဒီအယူအဆကမဟုတ်မှန်ဘူးဆိုတာကို သိသွားကြပြီထင်ပါတယ်။ တကယ်တော့ ငှက်ဖျားရောဂါဆိုတာ အနောဖလိ(ANOPHELES) ဆိုတဲ့ခြင်အမျိုးအစားကိုက်မှသာ ဖြစ်ပေါ်တတ်ပါတယ်။ ဘေလုံးကြီးတဲ့ရောဂါ၊ အသားဝါရောဂါတွေကိုလည်း ဖြစ်ပွားစေတတ်တယ်လို့ သိရပါတယ်။ နောက်ခြင်အမျိုးအစားတစ်ခုကတော့ အေးဒီစ်(AEDES) ဆိုတဲ့ခြင်ပါပဲ။ အဲဒီခြင်အကိုက်ခံရရင်တော့ သွေးလွန်တုတ်ကွေးရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ။ ခုခေတ်ပေါ် ဇီကာဗိုင်းရပ်စ်လိုရောဂါတွေကလည်း ခြင်ကိုက်လို့ဖြစ်ရတာပါ။ ဇီကာဗိုင်းရပ်စ် ပိုးကိုသယ်ဆောင်ဖြန့်ဖြူးတာကလည်း အေးဒီးစ်(AEDES) ခြင်အမျိုး အစားပဲဖြစ်ပါတယ်။ အဓိကအားဖြင့် ကိုယ်ဝန်ဆောင်ထားတဲ့မိခင်တွေအတွက် သန္ဓေသားလောင်းကို ဒုက္ခပေးနိုင်ပါတယ်။ နောက်ခြင်အမျိုးအစားတစ်ခုကတော့ ကျူးလက်(TULEX) ခြင်လို့ခေါ်ပါတယ်။ ဒီခြင်အမျိုးအစားအကိုက်ခံရမယ်ဆိုရင်တော့ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ တို့ကို ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ အခြားသောရောဂါများကိုလည်း ဖြစ်ပေါ်စေနိုင်တဲ့သတ္တိရှိ ပါတယ်။ ဘယ်ခြင်ပဲကိုက်ကိုက် အနည်းဆုံး အရေပြားကို ယားယံလာစေပြီး ကုတ်ဖဲ့ရာကနေအနာဖြစ်လာနိုင်သလို ရုပ်ပျက်ဆင်းပျက်နဲ့ နေရာအနှံ့ အနီဖုလေးများတန်းစီနေ တတ်ပါတယ်။ ဒီတော့ခြင်အကိုက်မခံရလေ ကောင်းလေပါပဲ။ ခြင်ကိုက်တယ်ဆိုရာမှာလည်း ခြင်ထီး တွေက မကိုက်ဖူးလို့လည်းဆိုပါတယ်။ လူတွေကိုကိုက်တဲ့ခြင်တွေအားလုံးက ခြင်အမတွေသာ ဖြစ်တယ်လို့ ဖတ်ဖူးပါတယ်(အစွံမထုတ်နိုင်သေးသော လူပျိုကြီးများရဲ့သွေးကို ခြင်မတွေက ပိုသဘောကျလေမလားပဲ တွေးကြည့်မိတာပါ)။ ခြင်အထီးတွေကတော့ ပန်းဝတ်ရည်ကိုသာ စုပ်ယူ တယ်လို့ ဆိုပါတယ်။ ခြင်အမကတော့ လူတွေကိုသာမကပါဘူး တိရစ္ဆာန်တွေကိုလည်း သွေးစုပ်တယ် လို့ သိရပါတယ်။ အင်မတန်ဆိုးရွားလွန်းတဲ့ ခြင်မ များပါဗျာ။ ခြင်တွေအကြောင်းကို အတော်များများ ပြည့်စုံအောင် လေ့လာလိုတယ်ဆိုရင်တော့ အောက်ကလင့်ကနေ၀င်ဖတ်ပါဗျာ။ Myanmar Unicode နဲ့ဆိုရင် ဖတ်လို့ရပါမယ်။ Zawgyi Unicode နဲ့ ဖတ်ရ မရတော့မသိပါဘူး။
More information : https://my.wikipedia.org/wiki/ခြင်
ကမ္ဘာပေါ်မှာ ခြင်အကိုက်ခံရခြင်းကြောင့် နှစ်စဉ် နှစ်တိုင်း လူဦးရေ (၇) သိန်းလောက် သေဆုံးနေ ရတယ်လို့ ကမ္ဘာ့ဆေးမှတ်တမ်းများကဆိုကြပါတယ်။ ဒီတော့ကာ အဲဒီ (၇)သိန်းထဲမှာ ပါမသွားချင်ရင် ခြင်ကိုက်တာမခံရလေအောင် ကာကွယ်ရေးတွေ ပြုလုပ်ထားသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခြင်ကိုက်မခံချင်ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ခြင် ဆိုတဲ့ လူသတ်ကောင်တွေကို အလွယ်တကူ မပေါက်ပွားရလေအောင် ပြုလုပ်ထားသင့်ပါတယ်။ ခြင်ကာကွယ်ခြင်းလုပ်ငန်းများကို လည်း ပြုလုပ်ကြပါလို့လည်း တိုက်တွန်း အကြံပြုလိုပါတယ်ဗျာ။ အဲဒီလူသတ်ကောင် ခြင်သေးသေး လေးတွေက လူသားတွေကို သေစေနိုင်တဲ့ရောဂါပိုးတွေကို ထိုးသွင်းပြီး တစ်နေရာကနေ တစ်နေရာကို အလွယ်တကူ ကူးစက်စေတဲ့စွမ်းအားတွေရှိပါတယ်။ လေထဲမှာ ပျံဝဲနိုင်နေပြီဆိုရင် အဲဒီအကောင်သေးသေးလေးတွေကို သတ်ဖို့အင်မတန် ခက်ခဲသွားကြတယ်ဆိုတာကိုလည်း လူတိုင်း သိကြပါတယ်။ ဒီတော့ အဲဒီလူသတ်ကောင် ခြင်တွေကို လေထဲမရောက်ခင်အချိန်မှာ သုတ်သင် ရှင်းလင်းနိုင်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ပါတယ်ဗျာ။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
21-May-2018 တနင်္လာနေ့(Monday)