မြင့်မြတ်သောလူ သို့မဟုတ် လူ့အဖိုးတန်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကမ္ဘာပေါ်မှာ မည်သည့်လူမျိုး၊ မည်သည့်ဘာသာ၊ မည်သည့်နိုင်ငံသားဖြစ်နေပါစေ။ လူငယ် လူရွယ်တိုင်းတွင် တိုးတက်ကြီးပွားလိုသော စိတ်ရှိတတ်ကြပါသည်။ တိုးတက်ကြီးပွားလိုသောစိတ်သည် လူငယ်တို့၏ ရင်ထဲ အသည်းထဲတွင် နက်နက်ရှိုင်းရှိုင်း စူးနစ်ဝင်ရောက်နေတတ်ပါသည်။ အဲဒီလို တိုးတက်လိုစိတ်၊ ကြီးပွားလိုစိတ် မရှိတဲ့သူ လူ့လောကကြီးတွင် မရှိနိုင်ဟုလည်း ယူဆမိပါသည်။ ထိုတိုးတက်ကြီးပွားလိုသောစိတ်သည် စိတ်လူတိုင်းတွင် ရှိနေခြင်းသည် သဘာဝ၏ အမှန်တရားတစ်ခုပင်ဖြစ်ပေမည်။ ထိုသို့မဟုတ် လူညွန့်တုံး လိုသော လူ၊ အနှိမ်ခံလိုသောသူ ရှိသည်ဆိုပါက ထိုသူသည် ရူးနေသူသော်လည်းကောင်း၊ သေခါနီးလူ သော်လည်းကောင်း ဖြစ်ပါလိမ့်မည်။ သို့တည်းမဟုတ် သံသရာမှလွတ်မြောက်ပြီးဖြစ်သော သူတော်စင် သူတော်မြတ်တစ်ပါးပါးသော်လည်း ဖြစ်နိုင်မည်ဖြစ်ပါသည်။ ကြီးပွား တိုးတက်လိုသောစိတ်သည် လူတိုင်းတွင် 100 % ရှိသော်လည်း လူတိုင်းသည်မအောင်မြင်ကြပါ။ ရာခိုင်နှုံးအားဖြင့် အလွန်နည်းပါးနိုင်ပါသည်။ မအောင်မြင်သူတို့သည်လည်း လောကကြီးအား မြည်တွန်တောက်တီးကာ နေကြမည်ဖြစ်သော်လည်း အသက် သေဆုံးသွားခြင်းတော့မဖြစ်နိုင်ပါ။ သေခြင်းတရားဆိုသည်မှာ သတ္တ၀ါများအတွက် အကြီးဆုံးသော ဒုက္ခပင်ဖြစ်ပါသည်။ မျှော်လင့်ချက်တို့ဖြင့် တစ်နေ့နေ့တွင် အောင်မြင်ရမည်၊ ကြီးပွားတိုးတက် ကြရမည်ဟု အားတင်းကာ ဘ၀ခရီးကို ဆက်လက်လျောက်လှမ်းနေကြသည်သာဖြစ်ပါသည်။ ထိုသို့ဆက်လက် လျောက်လှမ်းကြရာတွင် ကြီးကြီးကျယ်ကျယ် နိုင်ငံနှင့်ချီပြောရမည်ဆိုပါက နိုင်ငံတော်၏ ကောင်းကျိုးအတွက် တတ်နိုင်သည့်ကဏ္ဍမှဝင်ရောက် တာဝန်ထမ်းဆောင်သင့်ပါသည်။ နိုင်ငံတော်၏ တာဝန်ထမ်းရမည်ဆိုခြင်း ကြောင့် အစိုးရ၀န်ထမ်းလခစား တစ်မျိုးတည်းကို မဆိုလိုပါ။ ဈေးသည်လည်း ဈေးသည်အလျောက်၊ ကူလီလည်း ကူလီအလျောက် ရုံးစာရေး၊ ကုမ္ပဏီဝန်ထမ်း၊ အရာရှိ တို့သည် မိမိတို့၏ အလုပ်တာဝန်ကို ကောင်းမွန်စွာဆောင်ရွက်ခြင်းကိုသာဆိုလိုပါသည်။
တိုင်းပြည်၏နောင်အနာဂတ်သည် မျိုးဆက်သစ်များဖြစ်သော လူငယ် လူရွယ်တို့အပေါ်တွင် မှီတည်နေကြောင်း မကြာခဏရေးသားခဲ့ဘူးပါသည်။ နောင်အနာဂတ်နိုင်ငံတော်ကြီး အောင်မြင်တိုးတက်စေရန်အတွက် လူငယ် လူရွယ်များအပေါ်တွင် တကယ်ပင်မှီတည်နေပါသည်။ ထိုလူငယ် လူရွယ်တို့အားလည်း လူကြီးများအနေဖြင့် လက်တွဲခေါ်ဆောင်ကာ မှန်ကန်သောအသိဥာဏ်ရရှိရေးကို အလေးပေးဆောင်ရွက်သင့်ပါသည်။ မိမိအိမ်အတွင်းသာ ကြည့်နေတတ်သော ဘ၀မှသည် မိမိအိမ်ပတ်ဝန်းကျင်ကို ကြည့်တတ်သောအကျင့်၊ ထိုမှ တစ်ဆင့် မြို့ ရွာ တိုင်းပြည် ကမ္ဘာ နှင့် ရင်ဘောင်တန်းကြည့်နိုင်သည်အထိ မြှင့်တင်ပေးရမည် ဖြစ်ပါသည်။ လူငယ်လူရွယ်များအား မြှင့်တင်နိုင်စွမ်းသည် လူကြီးများတွင် ရှိနေသင့်ပါသည်။ လူငယ်လူရွယ်များ ညံ့ဖျင်းခြင်း သည် လူကြီးများ၏ ညံ့ဖျင်းမှုပင်ဖြစ်ပေမည်။ လူကြီးများမှ မှန်ကန်သော အသိဥာဏ်ပညာအား လက်ဆင့်ကမ်း မပေးနိုင်သောကြောင့် လမ်းဘေးတွင် ဖြစ်ချင်ရာဖြစ်နေကြခြင်းပင်ဖြစ်ပါသည်။ ပိုက်ဆံမရှိ ဆင်းရဲသားပင်ဖြစ် သော်ငြားလည်း အသိဥာဏ်ပညာ မဆင်းရဲခဲ့ပါမူ ထိုသို့ လမ်းဘေးတွင် ဖြစ်ချင်ရာဖြစ်နေမည်မဟုတ်ပါ။ လူနေခြုံကြား စိတ်နေ ဘုံဖျား ဟု ပြောဆိုနေကြခြင်းသည်လည်း အသိဥာဏ်ပညာရှိသောသူတို့ကိုသာ ဆိုလိုခြင်းဖြစ်နိုင်ဖွယ်ရာရှိပေသည်။ လူဆင်းရဲသော်လည်း ဥာဏ်ပညာ မဆင်းရဲသောသူတို့သည် မမှန်သော အကျင့်တို့အား ကျင့်ဆောင်လိမ့်မည်မဟုတ်ပါ။ မနက်ဖြန်များစွာအတွက် မျှော်လင့်ချက်တို့ဖြင့် အသက်ရှင်သန် နေထိုင်ကြမည်သာဖြစ်ပေလိမ့်မည်။ မျှော်လင့်ချင် အိပ်မက်တို့ဖြင့် ပင်ပန်းဆင်းရဲသော လူ့ဘ၀ခရီးရှည်အား ဆက်လက်ရှင်သန်ရန် ကြိုးစားနေကြသည်သာဖြစ်ပါသည်။
လူ့အဖိုးတန်တစ်ယောက်ဖြစ်ဖို့အတွက် မျိုးရိုးအနေဖြင့် မြင့်မားခြင်း၊ ငွေကြေးချမ်းသာတဲ့မျိုးရိုးဖြစ်ခြင်း၊ အတတ်ပညာများစွာတတ်မြောက်ထားခြင်း၊ ရုပ်ရည်အဆင်းလှပပြေပြစ်ခြင်း စသည်တို့ မလိုအပ်ကြောင်းကို မြတ်စွာဗုဒ္ဓဟောကြားထားခဲ့ပါသည်။ အဖိုးတန်သော လူတစ်ယောက် သို့မဟုတ် မြင့်မြတ်တဲ့သူတစ်ယောက် ဖြစ်ရန်အတွက် အကျင့်သီလမြဲခြင်း၊ အသိဥာဏ်ပညာရှိခြင်း တို့သည်သာ အဓိကလိုအပ်သည်ဟု ဟောကြားခဲ့ပါ သည်။ အကျင့်သီလဟုဆိုရာတွင် မကောင်းမှုမှန်သမျှ မလုပ်ဖြစ်စေရန်၊ ကောင်းမှုမှန်သမျှ လုပ်ဖြစ်စေရန် အစဉ် အမြဲ ကြိုးစားနေတတ်သူ၊ အမှား အမှန် ကို သေချာစွာ မှန်ကန်သော အသိ အတွေး အမြင်တို့ဖြင့် ဆုံးဖြတ်နိုင် ခြင်းရှိသောသူအား လူ့အဖိုးတန် သို့မဟုတ် မြင့်မြတ်သောသူဟု ခေါ်ဆိုနိုင်မည်ထင်ပါသည်။ အဓိကအားဖြင့် သီလ နှင့် ပညာ ဟု သတ်မှတ်နိုင်ပါလိမ့်မည်။ ထိုအချက်တို့အား အခြေခံထားခြင်းဖြင့် မျိုးဆက်သစ်လူငယ် လူရွယ်များအား လေ့ကျင့်ခြင်း၊ သင်ကြားခြင်း ပြုလုပ်ခဲ့သည်ရှိသော် မမြင့်မြတ်စေကာမူ ယုတ်ညံ့သူ မဖြစ်နိုင်ဟု လည်း ထင်မြင်မိပါသည်။ လူငယ်လူရွယ်တို့သည် စာရိတ္တကောင်းမွန်ခဲ့သည်ရှိသော် အသိတရားသည်လည်း ကောင်းမွန်နိုင်မည်ထင်ပါသည်။ စာရိတ္တမကောင်းမွန်ခဲ့သည်ရှိသော် အသိတရားသည်လည်း ကောင်းမွန်မည်ဟု မမျှော်မှန်းနိုင်ပါ။ အကျင့်စာရိတ္တကောင်းမွန်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာပါက မူးယစ်ဆေး အစရှိသော မကောင်းမှုတို့အား ဝေးစွာရှောင်ကြဉ်ကြမည်သာဖြစ်ပါသည်။ အကျင့်စာရိတ္တ ကောင်းမွန်စေရေး အတွက် ငယ်စဉ်ကလေးဘ၀ကပင် စနစ်တကျ လေ့လာသင်ယူစေသင့်သည်ဟုလည်း ထင်မိပါသည်။ အဘယ့်ကြောင့် လေ့လာ သင်ယူစေသင့်သည်ဟု သုံးနှုံးရခြင်းနည်း။ သင်ယူစေသင့်သည်ဟု သုံးနှုံးရမည်မဟုတ်ပါလားဟု မေးမြန်းခဲ့သည်ရှိသော် ကလေးတို့သည် လေ့လာမှု စူးစမ်းမှု ပြုလုပ်ကြမည်သာ ဖြစ်ပါသည်။ ထိုသို့လေ့လာစူးစမ်းမှုအား ပိတ်ပင်ခြင်းသည် ပုံစံခွက်အတွင်း အတင်းသွတ်သွင်းနေခြင်းသာ ဖြစ်ပေမည်။ လေ့လာစူးစမ်းမှုအား စနစ်တကျ ဖြစ်စေခြင်းသည် လူကြီးများတွင် တာဝန်ရှိပါသည်။ ထို့ကြောင့် စနစ်တကျ လေ့လာ သင်ယူစေသင့်သည်ဟု ရေးသားခြင်းဖြစ်ပါသည်။
အမှောင်ထဲတွင် အဖြူ အမဲ မသည်းကွဲဘူး ဟူသောစကားကဲ့သို့ပင် အမှောင်နှင့်တူသော ပညာမဲ့ခြင်းကို အလင်း ဟူသော ပညာဖြင့်သာ ဖြိုခွင်းနိုင်မည်ဖြစ်ပါသည်။ အကျင့်စာရိတ္တကောင်းမွန်နေသော ကလေးသူငယ် တို့အား ပညာတတ်ကျွမ်းမှု ဖြစ်စေရန်မှာလည်း လူကြီးများတွင်သာ တာဝန်ရှိနေပေသည်။ အကျင့်စာရိတ္တကောင်းမွန်ပြီးသောသူတို့သည် ပညာရလွယ်တတ်ကြပါသည်။ ပညာသင်ကြားရန်မခက်ခဲတော့ ဟုလည်း မှတ်ယူမိပါသည်။ အကျင့်စာရိတ္တပျက်ယွင်းသူ နည်းပါးလာခြင်းသည် ဒုစရိုက်မှုများ နည်းပါးစေသော အဓိကအကြောင်းရင်းလည်း ဖြစ်မည်ဟု ထင်ပါသည်။ ဒုစရိုက်မှုများ နည်းပါးသွားစေပြီး သုစရိုက်တရာများ လွှမ်းမိုးလာစေရန်အတွက် ကလေးများအား ငယ်စဉ်ကပင် စာရိတ္တကောင်းမွန်ရေးအား ဦးစားပေးဆောင်ရွက် ရမည်မှာ လူကြီးတိုင်း၏ တာဝန်ဖြစ်ပါသည်။ အမှားအယွင်းအား မသိချင်ယောင်ဆောင်ကာ နှာစေးနေသော လူကြီးတစ်ယောက်သည် လူကောင်းမဖြစ်နိုင်သောကြောင့် နှာစေးမနေကြရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ အမှားအယွင်းနှင့် မကောင်းမှုတို့အား မသိချင်ယောင် နှာစေးနေခဲ့ကြသော လူကြီးများကြောင့် ယနေ့ခေတ် သည် ဒုစရိုက်ထူပြောသော ကာလဖြစ်လာရပေသည်။ နောင်လာမည့် အနာဂတ်တွင် အမှန်တကယ် ကောင်းမွန်စေလိုသည်ဆိုပါက နှာစေးမနေကြရန်လိုအပ်မည်ဖြစ်ပါသည်။ လူငယ်များအား ပြုပြင်နိုင်ခြင်းသည် နိုင်ငံတော်အား ပြုပြင်နိုင်ခြင်းဖြစ်ပေသည်။ ထိုလူငယ် လူရွယ်တို့အား ပြုပြင်နိုင်ရန်အတွက် လူကြီးများအား အရင်ပြုပြင်ရမည်ကဲ့သို့ဖြစ်နေပါသည်။ လူကြီးမိဘ ဆရာ ဆရာမတို့ ကိုယ်တိုင်ပင် အမှား အမှန်အား သေချာစွာ မသိရှိတတ်သောအဖြစ်သို့ ရောက်နေသောခေတ်ဖြစ်နေသောကြောင့်ဖြစ်ပေသည်။ ကလေး သူငယ် လူငယ် လူရွယ်တို့အား မိမိတို့ တတ်စွမ်းသမျှ နီးစပ်ရာမည်သူ့အားမဆို ကူညီဖေးမပြုပြင်ပေးနိုင်ကြပါစေ။ သို့မှသာ နောင်အနာဂတ်တွင် မြင့်မြတ်သော လူသားများ သို့မဟုတ် လူ့အဖိုးတန်လေးများ ပေါ်ပေါက် လာခြင်းဖြင့် ဒုစရိုက်မှုများ နည်းပါးစေကာ တိုင်းပြည် နိုင်ငံ မြို့ ရွာ ဖွံ့ဖြိုးတိုးတက်စေရေးအား အထောက်အကူဖြစ်နိုင်မည်ဖြစ်ပါကြေငာင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။
(ကြီးကြီးကျယ်ကျယ်စာလေးတစ်ပုဒ်တော့ အောက်တွင် ဖော်ပြလိုပါသည်။ ဆရာတက္ကသိုလ်ဘုန်းနိုင် ၏ စာအုပ်တိုင်းတွင် ပါရှိသည့် ကဗျာလေးတစ်ပုဒ်ဖြစ်ပါသည်။ ဖတ်ရှုအားပေးကြည့်ကြပါခင်ဗျာ။)
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
6-Sept-2018 ကြာသပတေးနေ့(Thursday)