မြန်မာ့ရိုးရာခြင်းလုံး (Myanmar Traditional Caneball Or Chinlone)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Photo credit : Facebook
ဒီတစ်ခါတော့ မြန်မာတို့ရဲ့ရိုးရာအားကစားနည်းတစ်မျိုးဖြစ်သကဲ့သို့ ကျန်းမာရေးအတွက် အထောက်အကူပြုသော ခြင်းလုံးခတ်ကစားခြင်းအကြောင်း ဗဟုသုတအဖြစ်ရေးသားလိုက်ပါသည်။ ခြင်းလုံးခတ်ကစားခြင်းဆိုရာတွင် မြန်မာ့ရိုးရာ ၀ိုင်းခတ်ကစားကြသော ၀ိုင်းခြင်းခတ်ခြင်းကိုသာဆိုလိုပါသည်။ ပိုက်ကျော်ခြင်းကိုဆိုလိုခြင်းမဟုတ်ပါခင်ဗျာ။ ငယ်စဉ်ကတည်းက ခြင်းလုံးကို ခတ်ကစားခဲ့ဖူးပါသော်လည်း ကောင်းမွန်စွာခတ်ကစားနိုင်ခြင်းတော့ မပြုလုပ်နိုင်ပါ။ မူလတန်းကျောင်းသားအရွယ် ကတည်းက ငယ်သူငယ်ချင်းတစ်ဦး၏ အဖိုးဖြစ်သူသည် မြန်မာ့ရိုးရာခြင်းလုပ်ခတ်ကစားခြင်းကို အထူးကျွမ်းကျင် သူတစ်ဦးဖြစ်သောကြောင့် ခြင်းလုံးခတ်ကစားခြင်းပညာကို လေ့လာခွင့်ရခဲ့ပါသည်။ သူငယ်ချင်းဖြစ်သူသည် အဖိုးအားကြောက်ရသဖြင့် ညနေကျောင်းဆင်းတိုင်း ခြင်းလုံးခတ်ကစားခြင်းကို အခြေခံမှစြ့ပီး လေ့ကျင့်ရပါသည်။ ခြင်းလုံးအစ ခြေဖျားက ဆိုသောစကားအတိုင်း ခြေဖျားဖြင့် ခြင်းလုံးတော့ကစားခြင်းကို စတင်လေ့ကျင့်ရပါသည်။ ကျွန်တော်တို့သည် ကျောင်းဆင်းတိုင်း ထိုသူငယ်ချင်းအိမ်သို့လည်း သူငယ်ချင်းများစုပြီး ညနေတိုင်းလိုက်ပြီး ကစားကြပါသည်။ ကစားကြသည်ဆိုရာတွင် သူငယ်ချင်းလေ့ကျင့်ခန်းလုပ်နေသည်ကိုသာ ထိုင်ကြည့်နေရ တတ်ပါသည်။ ခြင်လုံးအား ခြေဖျားဖြင့်တော့ကာ ကစားခြင်းအတွက် လေ့ကျင့်ခန်းဆင်းရာတွင် ခြင်းလုံးမပါဘဲနှင့် အလွတ်ခြေဖြင့်တော့နေရပါသည်။ ပထမမြေကြီးပေါ်တွင်အလွတ်ခြေဖျားခတ်ခြင်းကို လေ့ကျင့်ရသည်။ ထို့နောက် အုတ်ခဲများတစ်ဆင့်ချင်းစီထပ်ပြီး ထိုအုတ်ခဲများပေါ်တွင် ခြင်းလုံးမပါအလွတ်ကျင့်ရလေသည်။ ထိုသို့ ခြင်းမပါအလွတ်လေ့ကျင့်ပြီးကျွမ်းကျင်သွားသောအခါမှသာ ခြင်းလုံးဖြင့် ခြေဖျားတော့ခြင်းကိုထပ်မံလေ့ကျင့်ရ ပါသည်။ ထိုသို့တစ်ဆင့်ခြင်း လေ့ကျင့်ပြီးမှသာ ခြင်းဝိုင်းခတ်ခြင်းကို သူငယ်ချင်းအဖိုးဖြစ်သူကခွင့်ပြုပါသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ကတော့ မြေပြင်တွင် ခြေဖျားတော့လေ့ကျင့်ခန်းကိုပင် ကောင်းစွာမလုပ်ချင်ကြသဖြင့် မည်သို့မျှခြင်းမခတ်ကြတော့ပဲ အမြင်နှင့်သာ တတ်နေကြနေကြသည်။ သူငယ်ချင်းဖြစ်သူသည် စတုတ္ထတန်းမှာပင်လျှင် ၀ိုင်းခြင်းကိုလှပ ကောင်းမွန်စွာ ခတ်တတ်သွားပြီဖြစ်ပါသည်။ သို့သော် သူငယ်ချင်းသည် အဖိုးဖြစ်သူ ဆုံးပါးသွားချိန်တွင်မူ ခြင်းလုံးကို လုံးဝခတ်ကစားခြင်းမပြုတော့သည်မှာ ယနေ့ထိတိုင်ဖြစ်ပေသည်။ နှမြောမိပါသည်။ ခြင်းအကြောင်းကိုသာ ဆက်လက်ရေးသားပါတော့မည်။
Chinlone Training and Waso Festival 2014
Video from You Tube
ခြင်းခတ်ခြင်းကို မြန်မာတို့သည် ခုန်မင်စွာကစားခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ မြန်မာတို့၏ ကစားခုန်ကစားခြင်းတွင်လည်း မြန်မာ့ခြင်းလုံးသည် ပါဝင်နေပေသည်။ ခြင်းလုံးဆိုသည်မှာ ကြိမ်ကို ခြင်းတောင်းများရက်လုပ်သကဲ့သို့ပင် ကြိမ်ဖြင့် အလုံးဖြစ်အောင်ရက်လုပ်ထားခြင်းဖြစ်ပေသည်။ ခြင်းလုံးကို ခြေဖြင့် ခတ်၊ ခြေဖြင့်တော့၊ ခြေဖြင့် မြှောက်ကာ ကန်ကျောက်ကစားရခြင်းဖြစ်ပေသည်။ ယနေ့ခေတ်ကာလတွင် နိုင်ငံတကာမှ မြန်မာ့ခြင်းပညာအား လေ့လာသင်ယူပြီး မိမိတို့နိုင်ငံတွင် ပြန်လည်ဖြန့်ဝေလျက်ရှိကြောင်းကို သိရှိရသဖြင့် ၀မ်းသာဂုဏ်ယူမိပါသည်။
What is Chinlone?
If you have spent any time in Myanmar, you would probably have seen the usual looking combination of sport and dance known locally as Chinlone, which means “rounded basket”. The sport is said to be over 1,500-years old and was once played by Burmese kings.
Known as “caneball” in English, this essentially non competitive game with no opposing team has no focus on winning or losing, but simply on the manner in which the game is played. You don’t hear that very often in the world of professional sport. Over 200 different methods of contacting the ball have been developed since the game was first invented, some of the most difficult of which are performed “blind” with the ball behind your back.
For more infomation ; http://www.myanmarinsider.com/what-is-chinlone/
Chin Lone {Myanmar}
Video from You Tube
မြန်မာနိုင်ငံတွင် မည်သည့်အချိန်က ခြင်းလုံးပေါ်ပေါက်လာရသနည်းဆိုသော မေးခွန်းကိုတော့ တိတိကျကျ မသိရှိရပါ။ ခြင်းလုံးကို ပျူခေတ်ကာလလောက်က စတင်ခဲ့သည်ဟုသာ အချို့သော စာများတွင် မှတ်သားရ ပါသည်။ ပျူခေတ်ကာလတွင် ငွေဖြင့် ရက်လုပ်ထားသော ငွေခြင်းလုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်သာ ပျူခေတ်ကာလလောက်ကတည်းကစတင်ကာ ခြင်းလုံးကို အသုံးပြုခြင်းရှိနေပြီဖြစ်သည်ဟုသာ မှတ်တမ်းတင်ထား ခြင်းဖြစ်မည်ထင်ပါသည်။ သမိုင်းပညာရှင်မဟုတ်သဖြင့် ခြင်းလုံးသမိုင်းကိုတော့ ဆက်မရေးတော့ပါခင်ဗျာ။ ခြင်းလုံးသည် ပျူခေတ်ကာလက ပေါ်ပေါ်လာခြင်းဖြစ်နိုင်သည်ဟုသာ မှတ်သားထားလိုက်ပါသည်။ ထိုမှတစ်ဆင့် အခြားသော နိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိကုန်ကြခြင်းဖြစ်မည်ထင်ပါသည်။
ခြင်းလုံးကို ခတ်ကစားကြရာတွင် ရှေးယခင်က ခြင်းသေ နှင့် ခြင်းရှင် ဟုခွဲခြားခတ်ကစားကြသည်ဟု မှတ်သားရပါ သည်။ ခြင်းသေကစားခြင်းဆိုသည်မှာ ခြင်းခတ်ကစားသူတစ်ဦးသည် မိမိ၏ ဒူး၊ ပေါင်၊ ဒူးခေါင်း၊ ဂုတ်ပိုးစသည် တို့ဖြင့် ခြင်းလုံးကို ညှပ်ကစားခြင်း ကိုခေါ်ဆိုကြောင်း၊ ထိုသို့ခတ်ကစားခြင်းကိုလည်း ညှပ်ခြင်းဟုခေါ်ဆိုခဲ့ကြ ကြောင်း၊ ညှပ်ခြင်းကို ခြင်းလုံးအရေအတွက် (၆) လုံးထိညှပ်ကစားကြကြောင်း၊ ယခုအချိန်ကာလတွင်မူ ထိုကစား နည်းသည် ပျောက်ကွယ်သလောက်ဖြစ်နေကြောင်းများကိုလည်း မှတ်သားဖူးသည်။
ခြင်းရှင် ကစားနည်းက ယနေ့ခတ်ကာလ လူ(၄-၅-၆)ခြောက်ဖြင့် ၀ိုင်းဝန်းခတ်ကစားသောနည်းစနစ်ဖြစ်ပါသည်။ ခြင်းလုံးခတ်ကစားခြင်းတွင် အဓိကထိန်းသိမ်းရခြင်းမှာ ခတ်ကစားနေသောခြင်းလုံးအား မြေပေါ်သို့မကျရလေ အောင် ၀ိုင်းဝန်း ထိန်းသိမ်း၊ ထောက်ပံ့ကြရခြင်းဖြစ်ပေသည်။ ခြင်းလုံးမြေပေါ်သို့ကျသွားပါကလည်း ပြန်လည်ပြီး အစမှ ခတ်ကစားကြခြင်းဖြင့် ချွေးတစိုစိုဖြင့် ကျန်းမာရေးအတွက် အလွန်ကောင်းပါသည်။ အကြောအခြင်များ လျော့ကျပြီး နေထိုင်ရသည်မှာ အလွန်ပေါ့ပါးပါသည်။ ကျန်းမာရေးလိုက်စားသူများအနေဖြင့် အလွန်သင့်တော် သည့် မြန်မာ့ရိုးရာကစားနည်းဖြစ်ပါသည်။ အပြင်းအထန်ပင်ပန်းခြင်းလည်းမရှိပါချေ။ ခြင်းလုံးအား မြေပေါ်သို့မကျ အောင်ထိန်းသိမ်းနိုင်သောအဆင့်ပြီးလျှင် တစ်ဦးခြင်းစီက အလှပြခတ်ကစားကြပါသည်။
mitv - Peace Building: Promoting Harmony Through Chinlone
Video from You Tube
အလှပြ ခတ်ကစားကြရာတွင် ခြေထိပ်၊ ခြေဖနောင့်၊ ခြေဖမိုး၊ ခြေဖ၀ါး၊ ဒူး တို့ဖြင့် လှပအောင်ခြင်းခတ်နည်းများမှာ လည်း များပြားလှပါသည်။ ခြင်းလုံးခတ်ကစားခြင်းတွင် ခြင်းလုံးလှုပ်ရှားမှုပေါ်မူတည်ပြီး မြောက်နေရာမှ ပြန်ကျလာသော ခြင်းလုံးကို တက်ခြင်း၊ ပေးခြင်း၊ ဆင်ခြင်း၊ ထိန်းခြင်း၊ တော့ခြင်း၊ လှန်ခြင်း၊ ကာခြင်း၊ ထွက်ခြင်း၊ ထောင်ခြင်း၊ ထိုးခြင်း၊ ဖြတ်ခြင်း၊ ပို့ခြင်း၊ မြေထိခြင်း၊ ကော်ခြင်း စသည်ထို့ဖြင့် ခတ်ကြရပါသည်။ ယခုနောက်ပိုင်းကာလများတွင် တံတောင်ဖြင့်တွက်ခြင်း၊ ပုခုံးဖြင့်တေ့ခြင်း၊ ခေါင်းဖြင့် ဆတ်ခြင်း တို့ဖြင့် အသစ်တီထွင်ကစားကြပေသေးသည်။ ခြင်းခတ်နည်းများအမျိုးမျိုးတိုးတက်လာသော်လည်း အခြေခံအားဖြင့် ခြင်းခတ်နည်းကို အကြမ်းဖျင်းအားဖြင့်ဆိုလျှင် ခတ်နည်းသုံးမျိုးဖြင့်သာ ခတ်ကစားခြင်းဖြစ် ကြောင်း လည်းသိရှိရပါသည်။ ထိုသည်တို့မှာ ခြင်းယိုင်ခတ်၊ ခြင်းယဉ်ခတ် နှင့် ခြင်းအပြိုင်ခတ် ဟုဖြစ်ပါသည်။
ဒူးဖြင့်ခတ်ရသော ခြင်းခတ်နည်းအချို့မှာ ရိုးရိုးဒူး၊ နှစ်ထပ်ဒူး၊ ၀ိုက်ဒူး၊ ထိုင်တပ်ဒူး၊ ဒူးရောင်ရှိန်၊ နောက်ဒူး သို့မဟုတ် ဂုမ္ဘာန်ဒူး၊ ပတ်ဒူး၊ ဒေ၀ီဒူး ဟုခေါ်ဆိုကြကြောင်း မှတ်သားဖူးပါသည်။ ခြင်းလုံးကို ခြေစောင်းဖြင့် ခတ်ရာတွင် ဘေးပေါက်စလွယ်၊ ဖီလာစလွယ်(ဝေဇယန္တာ)၊ ခြေခွင်၊ နှစ်ထပ်ခြေခွင်၊ တစ်ခြမ်းဝိုက်၊ အပြည့်ဝိုက်၊ အပျောက်ဝိုက်၊ ဒေါင်းယဉ်ပျံ ဟူအမည်နာမများ ခေါ်ဝေါ်ကြပါသည်။ ခြေဖျားဖြင့် ခတ်ကစားရသော ဟန်ပန်မူယာ များကိုလည်း ရိုးရိုးခြေဖျား၊ မဟာ၊ မဟာညွန့်၊ မဟာနွယ်၊ ရောင်ရှိန်၊ ရှပ်ထိုး ဟု အမည်ပေးထားကြပေသည်။ ခြေဖ၀ါး ခြေဖနောင့်ဖြင့် ခတ်သော အမူအရာများကိုလည်း ဖီလာ၊ ရင်လိမ်၊ စောင်ရှမ်း၊ အရမ်း၊ အကောက် ဟု ခေါ်ဝေါ်ကြပါသည်။ ထိုကဲ့သို့ရေးသားထားချက်များသည် လက်ရှိခတ်ကစားနေကြသော ငယ်သူငယ်ချင်းများအား ပြန်မေးမြန်းပြီး ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ ခြင်းပညာရှင်များပါရှိပါက လိုအပ်ချက်များအား ထပ်မံဖြည့်စွက်ပေးကြပါဟုလည်း တောင်းဆိုအပ်ပါသည်။
Marvelous Solo Cane Ball Playing - 1(MRTV ရုပ်သံ မှ)
Video from You Tube
ခြင်းလုံးခတ်ခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးများကို ရရှိနိုင်ပါသနည်း။ ကျွန်တော်သည် ယခင်အချိန်များက ဆိုလျှင် ညနေပိုင်းအားလပ်ချိန်များတွင် ခတ်ကစားလေ့ရှိသော်လည်း ယခုခေတ်တွင် ခြင်းလုံးခတ်ကစားခြင်းကို သီးသန့်မကစားနိုင်တော့ပါချေ။ နှစ်ပင်အတော်ကြာလာခဲ့ပြီဖြစ်ပါသည်။ သို့သော် ခြင်းလုံးခတ်ကစားခြင်းကို နှစ်သက်ဆဲဖြစ်ပါသည်။ ခြင်းလုံးခတ်ကစားခြင်းဖြင့် အချင်းချင်း စုပေါင်းဝိုင်းဖွဲ့ကစားရခြင်းကြောင့် တစ်ကိုယ်ကောင်းစိတ်လျော့နည်းလာခြင်း၊ အခြားသောကစားနည်းများကဲ့သို့ ဘေးအန္တရာယ်ကျရောက်မှု ကင်းရှင်းခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ခန္ဓာကိုတစ်ခုလုံးအား အသုံးပြုလှုပ်ရှားရသဖြင့် ဖြတ်လတ်သွက်လက် လာခြင်း၊ မျက်စိအမြင် နားအကြား ပိုမိုထက်သန်သော အလေ့အကျင့်ရရှိလာခြင်း၊ စည်းကမ်းစနစ်ရှိလာခြင်း တို့အပြင် အလွန်ကောင်းမွန်သောကျန်းမာရေးကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။ ယခုအခါတွင် ခြင်းလုံးကို ဂျာမဏီလူမျိုးတစ်ဦးမှ မြန်မာပြည်တွင် ခြင်းလုံးခတ်ကစားခြင်းကို လာရောက်သင်ယူသွားပြီး ယခုအခါ ဂျာမဏီနိုင်ငံတွင် ခြင်းလုံးအသင်းများ တည်ထောင်ကာ လက်ဆင့်ကမ်းသင်ကြားပေးနေကြောင်းကိုလည်း သိရှိရပါသည်။ ယနေ့မျက်မှောက်ကာလတွင် ခြင်းလုံးခတ်ကစားခြင်းကို နိုင်ငံတကာမှ လက်ခံခတ်ကစားလာကြသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ ၀မ်းမြောက်ဝမ်းသာလည်းဖစ်မိပါသည်။ ဆက်လက်ရေးသားလျှင် အိုလံပစ်အထိရောက်ရှိသွားမည်ဖြစ်ပါသည်။ ခြင်းလုံးအားကစားအကြောင်းကို လေ့လာနိုင်ကြပါစေရန်အတွင် video ဖြင့် တင်ပေးလိုက်ပါသည်။
ဂျာမဏီနိုင်ငံမှ ဂျာမန်လူမျိုးမှ မြန်မာ့ခြင်းလုံးခတ်ကစားခြင်းကို မြန်မာနိုင်ငံတွင် ခြင်းပညာသင်ကြား လေ့ကျင့်ပြီး ဂျာမဏီနိုင်ငံတွင် ခြင်းလုံးအသင်းထောင်ထားကာ ခြင်းပညာအား ဖြန့်ဝေပေးနေခြင်း ဖြစ်ပါသည်။
Chinlone - The most happy game I ever played
Chinlone Training Progression July 2017
Video from You Tube
အချုပ်အားဖြင့်ဆိုရသော် ခြင်းလုံးကစားခြင်းသည် အခြားသော အားကစားနည်းများထက်ငွေကြေးအကုန်အကျသက်သာသောကစားနည်း၊ ကျန်းမာရေး အတွက်လည်း အလွန်အင်မတန်အထောက်အကူဖြစ်စေသောကစားနည်း၊ မိမိတို့ခန္ဓာကိုယ်အား လျင်မြန်သွက်လက် စေသော ကစားနည်း၊ မိမိတို့၏ အကြားအာရုံ၊ အမြင်အာရုံများကိုလည်း ထက်မြက်စေသည့် ကစားနည်းဖြစ်ပါကြောင်း ရေးသားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်ခင်ဗျာ။ ချစ်မိတ်ဆွေအားလုံး ခြင်းလုံးခတ်ကစား ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်အောင်နေထိုင်နိုင်ကြပါစေ။ မြန်မာ့ရိုးရာ အားကစားနည်းတစ်မျိုးဖြစ်သော ခြင်းလုံးခတ်ကစားနည်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေခင်ဗျာ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
8-11-2017 ဗုဒ္ဓဟူးနေ့(Wednesday)