မြန်မာ့ရိုးရာပန်းဆယ်မျိုး ( The Ten Traditional Arts And Crafts In Myanmar)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
ကျွန်တော်တို့ မြန်မာလူမျိုးများသည် ရှေးအခါကပင် ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင် အနုသုခုမပညာ လက်ရာများဖြင့် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် ဝင့်ဝင့်ထယ်ထယ် နေထိုင်လာခဲ့သော လူမျိုးတစ်မျိုးဖြစ်သည်။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ခေတ်အဆက်ဆက် အဆင့်အတန်း မြင့်မားသော ကိုယ်ပိုင်ယဉ်ကျေးမှုတို့ကို မပျောက်ကွယ်ကြစေရန် ပြုစုထိန်းသိမ်းလာခဲ့ကြပေသည်။ အဆင့်တန်းမြင့်မားသောယဉ်ကျေးမှုအနုပညာလက်ရာများသည် ယနေ့အချိန်ထိတိုင်အောင် ကမ္ဘာ့ အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်တည်လာနိုင်ခဲ့သည်ကိုတွေ့ရှိရပါသည်။ ကျွန်တော်မြန်မာလူမျိုးမျာ့း ချစ်မြတ်နိုးတန်ဖိုးထားသော အနုပညာ အတတ်ပညာများသည် အလွန်နူးညံ့သိမ်မွေ့ပြီး ခက်ခဲနက်နဲသော အနုပညာများဖြစ်သဖြင့် ပန်းနှင့်ခိုင်းနှိုင်းပြီး တင်စားခေါ်ဝေါ်ခဲ့ကြပေသည်။ ထိုသို့တင်စားခဲ့ရာတွင် အနုပညာဆယ်မျိုး ဖြစ်သည့်အတွက် ပန်းဆယ်မျိုး(သို့မဟုတ်)ဆယ်ပွင့်ပန်းဟု တင်စားခေါ်တွင်ခဲ့ကြပါသည်။
မြန်မာတို့၏ ပန်းဆယ်မျိုး သို့မဟုတ် ဆယ်ပွင့်ပန်းအကြောင်းကို ငယ်စဉ်ကျောင်းသား ဘ၀က သင်ကြားခဲ့ဖူးသော်လည်း ယခုအချိန်တွင် ကောင်းစွာ မှတ်မိနေသောသူများ ရှိချင်ရှိနိုင်သော်လည်း လူနည်းစုသာကျန်ရှိတော့မည် ထင်ပါသည်။ အများစုကို ပန်းဆယ်မျိုး သို့မဟုတ် ဆယ်ပွင့်ပန်း အကြောင်း မေးကြည့်ပါကလည်း ကောင်းစွာ သေချာသိရှိကြခြင်းမရှိကြတော့ပါချေ။ ထို့ကြောင့် ပြန်လည်ဖွေရှာပြီး မြန်မာတို့၏ ရိုးရာပန်းဆယ်မျိုး(ပန်းဆယ်ပွင့်)အကြောင်းကို ဆောင်းပါးအဖြစ် ပြန်လည်ရေးသားလိုက်ပါသည်။
"ဘုရားမတင် နတ်မ၀င် လူတွင် ပန်းဆယ်မျိုး" သို့မဟုတ်
"ဘုရားမတင် နတ်မ၀င် လူတွင် ဆယ်ပွင့်ပန်း"
ထိုစကားလေးများကို လူအတော်များများကြားဖူးကြမည်ထင်ပါသည်။ မကြားဖူးလျင်လည်း ယခု ကြားဖူးသဖြင့် မှတ်သားထားကြပါခင်ဗျာ။
"ပန်း" ဟူသော ဝေါဟာရ၏ မူလမှာ "ပန်" ဖြစ်ကြောင်း စာပေပညာရှင်များက ဖော်ထုတ်ထားကြကြောင်း သိရှိမှတ်သားဘူးပါသည်။ "ပန်"၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ "ဖန်တီးသည် ဖန်တီးချက်လက်ရာ၊ ဖန်တီးသူ" ဟုဖြစ်ကြောင်းလည်း သိရှိရပါသည်။ အနုပညာလက်ရာတစ်ခု ဖြစ်ပေါ်လာရန် တွေးတောကြံစည်ရခြင်း ကဏ္ဍသည် လုပ်ငန်းပိုင်းဆိုင်ရာ ပန်းအလုပ် ဖြစ်သည် ဟုဆိုပါသည်။ “ပန်း”ဟု ပညတ်ခေါ်ဆိုကြသည်မှာ မွမ်းမံရခြင်းနှင့် အနုစိတ် စီမံရသော သုခုမအနုပညာပါသော လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စား၍ ခေါ်ဆိုကြောင်းလည်း အချို့သောပညာရှင်များက ယူဆကြပါသည်။ လေ့လာသူ သုတေသီအချို့ကလည်း "ပန်” ဟူသောစကားလုံးသည် ရှေးအခါက "ပညာလုပ်ငန်း" ဟု အဓိပ္ပါယ်ဖြစ်ကြောင်း ဘာသာစကားအမျိုးမျိုးဖြင့် ကိုးကားတင်ပြထားကြကြောင်းလည်း သိရှိမှတ်သားဘူးပါသည်။
ပန်းဆယ်မျိုး(ဆယ်ပွင့်ပန်း)ဆိုသည်မှာ-
(၁)ပန်းပဲ
(၂)ပန်းထိမ်
(၃)ပန်းတဉ်း
(၄)ပန်းတော့
(၅)ပန်းရန်
(၆)ပန်းပု
(၇)ပန်းတမော့
(၈)ပန်းပွတ်
(၉)ပန်းချီ
(၁၀)ပန်းယွန်း ဆို့ဖြစ်ကြပါသည်။
ထိုပန်းဆယ်ပွင့်ကို အလွယ်တကူမှတ်သားနိုင်ရန်အတွက် "ပဲ ထိမ် တဉ်း တော့ ရန် ပု မော့ (မှတ်လော့) ပွတ် ချီ ယွန်း" ဟူ၍ ဖွဲ့ဆိုထားကြောင်းလည်း သိရှိရပါသည်။
(၁) ပဲ = ပန်းပဲ
ပန်းဘဲပညာရပ်သည် သံထည်ကိုအရည်ကြိုပြီး ပုံသဏ္ဍာန်အမျိုးမျိုးပြုလုပ်သောပညာရပ်ဖြစ်ပါသည်။ ဓား၊ ပုဆိန်၊ စူး၊ ဆောက် တို့အပြင် စိုက်ပျိုးရေးသုံးပစ္စည်းများဖြစ်သော ထွန်သွား၊ ထယ်သွား၊ တံဇဉ်များ စသည့် ပစ္စည်းများကို လုပ်ကိုင်ကြရသည့် အတတ်ပညာရပ်ဖြစ်ပါသည်။
(၂) ထိမ် = ပန်းထိမ်
ပန်းထိမ်ပညာရပ်သည် ရွှေ ငွေ ဘော် ကြေး စသည့်တို့ကို လက်ဝတ်ရတနာများနှင့် အခြားသော လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိးကို သွန်းလုပ်ခြင်း၊ ထုခတ်ခြင်း ပြုလုပ်သောပညာရပ်ဖြစ်ပါသည်။ ပျူခေတ်မှ အစပြုခဲ့ကြောင်းကိုလည်း မှတ်သားဘူးပါသည်။
(၃) တဉ်း = ပန်းတဉ်း
ပန်းတဉ်းပညာရပ်သည် ကြေးထည်များကို ပုံစံအမျိုးမျိုး ပုံလောင်းသွန်းလုပ်သော ပညာရပ်ဖြစ်ပါသည်။ နိဗ္ဗာန်ကုန်လုပ်ငန်းများသည် ပန်းတဉ်းလုပ်ငန်းဖြစ်ပါသည်။ ဘာသာရေးဆိုင်ရာများတွင် အသုံးပြုကြသည့် ကြေးစည်၊ မောင်း၊ ဘုရားထီးတော်၊ ငှက်မြတ်နားတော် များပြုလုပ်ဖန်တီးသည့် လုပ်ငန်းအတတ်ပညာဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ပန်းတဉ်းလုပ်ငန်း ကို ပဒင်းလုပ်ငန်း ဟု ခေါ်တွင်ကြကြောင်းသိရှိရပါသည်။ ပန်းတဉ်းပညာသည် ပျူခေတ်ကပင်ထွန်းကားခဲ့ကြောင်းမှတ်သားဘူးပါသည်။
(၄) တော့ = ပန်းတော့
ပန်းတော့ပညာရပ်သည် ဘိလပ်မြေ(အင်္ဂတေ)၊ သရွတ်တို့ဖြင့် ရုပ်လုံး ရုပ်ကြွများ၊ ခြူးပန်း၊ ခြူးနွယ်များကို လှပအောင် အမွှမ်းတင်တန်ဆာဆင်ခြင်းများ ပြုလုပ်သောပညာရပ်ဖြစ်ပါသည်။ အုတ်များ၊ ဘိလပ်မြေ (အင်္ဂတေ)တို့ဖြင့် မုခ်ဦးပန်းဆွဲများ၊ လူ ၊ နတ်၊ ဘီလူး၊ ခြင်္သေ့ စသည့် အလှအပများဖြင့် ပြင်ဆင် ဆောက်လုပ်သောအတတ်ပညာဖြစ်ပါသည်။ ဗိသနိုးခေတ်၊ သရေခေတ္တရာခေတ် မှ စတင် ပြုလုပ် အသုံးချခဲ့ကြောင်း နှင့် ပုဂံခေတ်ကာလတွင် အထွန်းကားဆုံးဖြစ်ခဲ့ကြောင်းလည်း သိရှိရပါသည်။
(၅) ရန် = ပန်းရန်
ပန်းရန်ပညာရပ်သည် အုတ်၊ ထုံး၊ သဲ၊ ကျောက်၊ ဘိလပ်မြေ(အင်္ဂတေ)အား အချိုးကျ ရောစပ်ပြီး အဆောက်အဦများ လှပခိုင်ခံ့အောင် ဆောက်လုပ်သည့်ပညာရပ်ဖြစ်ပါသည်။ သရေခေတ္တရာနောက်ပိုင်းတွင် စတင်အသုံးပြုခဲ့သော ပညာရပ်ဖြစ်ကြောင်းသိရှိရပါသည်။
(၆) ပု = ပန်းပု
ပန်းပုပညာရပ်သည် သစ်သား၊ တိရစ္ဆာန်တို့၏အစွယ် အရိုး၊ ရွှံ့စေး၊ မြေစေး၊ ဖယောင်း စသေည့်အရာဝတ္တုပစ္စည်းများကို ရုပ်လုံး ရုပ်ကြွ ရုပ်ခုံးများ ထွင်းထုသည့်ပညာဖြစ်ပါသည်။ ပျူခေတ်ကာလမှ စတင်ကာ ပန်းပုပညာထွန်းကားခဲ့ကြောင်း သိရှိရပါသည်။ ယနေ့ခေတ်တွင် ခေတ်မီ စက်ကရိယာများအသုံးပြုခြင်းဖြင့် ပန်းပု လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နေကြကြောင်းသိရှိ မြင်တွေ့နေပါသည်။
(၇) မော့ = ပန်းတမော့
ပန်းတမော့ပညာရပ်သည် ကျောက်သားကို လှပသေသပ်အောင် ထုဆစ်သည့်ပညာရပ်ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ကျောက်ဆစ်ပညာရပ်ဟုလည်း ခေါ်တွင်ကြပေသည်။ ယနေ့ခေတ်ကာလတွင် လည်း အသုံးပြုပြီး ၀င်ငွေ ရရှိနေသော ပညာရပ်တစ်ခုဖြစ်ပေသည်။ မန္တလေးမြို့၊ မဟာမြတ်မုနိ ဘုရားကြီး အနောက်မုခ်ဘက်ရောက်ရှိလျင် ကျောက်ဆစ်ပညာရပ်ဖြင့် ထွင်းထု နေကြသည်ကို အလွယ်တကူလေ့လာတွေ့ရှိနိုင်ပေသည်။ ကျောက်ဆစ်ပညာရပ်သည်လည်းခေတ်နှင့်လျော်ညီစွာ စက်ကရိယာများအသုံးပြုခြင်းဖြင့် ပြောင်းလဲလုပ်ကိုင်လာကြပေသည်။ ဗိသနိုးခေတ်၊ သရေခေတ္တရာ ခေတ် မှ စတင် ထွန်းကားခဲ့သော ပညာရပ်ဖြစ်ကြောင်းမှတ်သားမိပါသည်။
(၈) ပွတ် = ပန်းပွတ်
ပန်းပွတ်ပညာရပ်သည် သစ်သား၊ ဆင်စွယ် စသည့်ပစ္စည်းများကို လိုရာပုံစံရအောင် ပွတ်လုံးထိုးကာ ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာရပ်ဖြစ်ပါသည်။ ပန်းပွတ်ပညာရပ်ဖြင့် ပြုလုပ်ထားသည်တို့ကို အများအားဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦများနှင့် လူနေအိမ်များတွင် လှေကားလက်ရန်းများ၊ ၀ရန်တာလက်ရန်းများတွင် အလွယ်တကူမြင်တွေ့နိုင်ပေသည်။ ပန်းပွတ်ပညာ သည် ယခုခေတ်တွင်လည်း အသုံးများနေသေးသော ပညာရပ်တစ်ခုဖြစ်ပါသည်။ မည်သည့်ခေတ်အခါက စတင်သုံးစွဲခဲ့ကြောင်းကို မမှတ်မိ မသိရှိပါ။
(၉) ချီ = ပန်းချီ
ပန်းချီပညာရပ်သည် ခဲ၊ မင်၊ ရေဆေး၊ ဆီဆေး၊ သဘောင်္ဆေး စသည်တို့ဖြင့် ရုပ်ပုံမျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံတို့ကို ရေးခြယ်သည့်ပညာရပ်ဖြစ်ပါသည်။ လူတိုင်းလည်း ကြားမြင်ဘူးသော ပညာရပ်ဖြစ်ပါပြီး ယနေ့ခေတ်တွင်လည်း အလွန်တွင်တွင်ကျယ်ကျယ် အသုံးဝင်နေသည့် ပညာရပ်ဖြစ်ပါသည်။
(၁၀) ယွန်း = ပန်းယွန်း
ပန်းယွန်းပညာသည် ၀ါး၊ နှီး စသည်တို့ကို သစ်စေးတို့ဖြင့် သရိုးကိုင်ပြီး လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်သော ပညာရပ်ဖြစ်ပါသည်။ ယနေ့ခေတ်ကာလတွင်လည်း အသုံးပြုနေဆဲဖြစ်သော အတတ်ပညာ ဖြစ်ပါသည်။ မုံရွာ ကျောက္ကာ၊ မောင်းထာင်၊ ပုဂံ၊ ညောင်ဦး တို့တွင် ယွန်းထည်များကို ယနေ့တိုင် လုပ်ကိုင်လျက်ရှိပါသည်။ ယွန်းထည်များပြုလုပ်ပြီးသောအခါတွင်လည်း ယွန်းထည်များ ပေါ်တွင် ပန်းပွင့် ၊ ရှုခင်း၊ လူပုံများဖြင့် လှပအောင် တန်ဆာဆင်ကြပါသေးသည်။
ယခုအခါ ယွန်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး သင်ကြားပေးနေကြောင်းကိုလည်း သိရှိရပါသည်။ ကုန်းဘောင်ခေတ် လောက်မှစတင်ပေါ်ပေါက်လာသည်ဟုလည်း မှတ်သားမိပါသည်။ ယခုအခါ ပညာရေးကဏ္ဍအနေဖင့် ယွန်းပညာကောလိပ် ကို ပုဂံမြို့တွင် ဖွင့်လှစ်ပြီး ယွန်းအတတ်ပညာဒီပလိုမာ(Diploma in Lacquerware Technology (Dip.L.T) လက်မှတ်ချီးမြှင့်သင်ကြားပေးနေပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။
မြန်မာ့ရိုးရာယွန်းပညာအကြောင်းလေ့လာလိုပါကနှိပ်ပါ။
မြန်မာ့ရိုးရာ ပန်းဆယ်မျိုး(သို့မဟုတ်)ဆယ်ပွင့်ပန်းသည် မြန်မာ့ယဉ်ကျေးမှုအနုပညာတွင် အဓိကအကျုံးဝင်သော ပညာရပ်များဖြစ်သည်။ ပန်းဆယ်မျိုးမှာ အနုပညာ၏ လေးနက်သိမ်မွေ့ပြီး ခက်ခဲနက်နဲသော သဘောကိုဆောင်သည်။ ယခုအခါ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ မှလည်း ပန်းဆယ်မျိုးအတွက် ပညာရပ်များကို သင်ကြားပေးပြီး ဘွဲ့အပ်နှင်းနေပြီဖြစ်ပါသည်။ ပညာရှင်များမှ မြန်မာတို့၏ ပန်းဆယ်မျိုးအတတ်ပညာကို ဆက်လက်ထိန်းသိမ်းနေကြကြောင်းလည်း သိရှိရပါကြောင်း ဗဟုသုတအဖြစ် ရေးသားရင်း ဆောင်းပါး အားအဆုံးသတ် ရပ်နားခွင့်ပြုပါခင်ဗျာ..
ရာဇောဝါဒကျမ်း နှင့် သာဓိနပျို့ တို့ကိုမှီငြမ်းရေးသားသည်။
Image from google
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
Myanmar Steemit Community
30-9-2017(Saturaday)