မြန်မာပြည်ရဲ့ တစ်ခုတည်းသော ရိုးရာဘဲဥထုပွဲ
မြန်မာပြည်ရဲ့ တစ်ခုတည်းသော ရိုးရာဘဲဥထုပွဲ
ကျွန်တော်တို့မြန်မာနိုင်ငံတွင် ရိုးရာအစဉ်အလာမပျက် ကျင်းပပြုလုပ်ကြသော ပွဲများတွင် ပျော်ပွဲရွှင်ပွဲများသည် လည်း အစဉ်အလာအဖြစ်ကျင်းပလာခဲ့သည်မှာ ရှေးယခင်ကတည်းကဖြစ်ပါသည်။
တန်ခူးလသကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ၀ါဆိုလ ၀ါဆိုပွဲ၊ ၀ါခေါင်လ စာရေးတံမဲပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နတ်တော်လ စာဆိုတော်ပွဲ၊ ပြာသိုလ မြင်းခင်သဘင်ပွဲ၊ တပို့တွဲလ ထမင်းနှဲပွဲ၊ တပေါင်းလ သဲပုံစေတီပွဲ စသဖြင့် (၁၂)လရာသီ ပွဲတော်များကျင်းပလေ့ရှိရာတွင် ပွဲတော်များနှင့်အတူ ဓလေ့ရိုးရာပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းပေးလေ့ရှိပါသည်။
ထိုဓလေ့ရိုးရာ ပျော်ပွဲရွှင်ပွဲများထဲမှ မြန်မာပြည်တစ်ခွင်တွင် တစ်ခုတည်းသာရှိသော စစ်ကိုင်းမြို ဧမြ၀တီရပ် ဇိန မာရ်အောင် ကြေးဘုရား ကြီး၏ ဗုဒ္ဓ ပူဇနိယ ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ်ကျင်းပသော ဘဲဥထုပွဲ အကြောင်းဗဟုသုတ အနည်းငယ်ကို ရေးသားပေးလိုပါသည်။
နှစ်စဉ် နှစ်တိုင်း တပို့တွဲလပြည့်နေ့တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနှံ့ ကျင်းပသည့် ထမင်းနှဲပွဲများ နှင့်အတူ စစ်ကိုင်းမြို့မှာ နှစ်စဉ်သက်ဝင် လှုပ်ရှားလာသည့် ပွဲတော်တစ်ခုရှိပါသည်။ တစ်နိုင်ငံလုံးတွင် တစ်မြို့တည်း တစ်နှစ်လုံးမှာ သုံးရက်တည်း ကျင်းပလေ့ရှိသည့်ပွဲ ရိုးရာ ပျော်ပွဲရွှင်ပွဲတစ်ခုရှိနေပါသည်။ ထိုပွဲကား စစ်ကိုင်းမြို့တစ်မြို့တည်းတွင်သာရှိသော ဧမြ၀တီရပ် ကြေးဘုရားကြီး၏ ဘုရားပွဲတော် ဘဲဥထုပွဲပင်ဖြစ်ပါသည်။
စစ်ကိုင်းမြို့ ဧမြ၀တီရပ်တွင် သမိုင်းဝင် အစေခံ ခံတပ်ကြီးတည်ရှိပါသည်။ အစေခံ ခံတပ်ကြီးသည်လည်း မြန်မာ့တော်လှန်ရေးသမိုင်းတွင် မပါမဖြစ် အရေးပါသော ခံတပ်တစ်ခုလည်းဖြစ်ပါသည်။ နောင်အလျင်းသင့်လျှင် အစေခံ ခံတပ်အကြောင်းကို သီးသန့်ရေးသားပါအုံးမည်။ ယခုတော့ ဘဲဥထုပွဲ အကြောင်းဆက်သွားလိုက်ပါအုံးမည်။ ဧရာဝတီမြစ်တစ်ဖက်ကမ်း အင်းဝဖက်တွင် ဆင်ကျုံးခံတပ်ရှိပါသည်။ အင်းဝဆင်ကျုံးခံတပ်မှ လှေတော်သားများသည်လည်း စစ်ကိုင်းဘက်သို့ လာရောက်ကာ ဘုရားပွဲတော် နွှဲပျော်ကြသည်။
ဘဲဥထုပွဲဖြစ်ပုံလာပုံသမိုင်းကြောင်း
သမိုင်းကြောင်းမှာ မင်းတုန်းမင်းလက်ထက် ဧရာဝတီမြစ်ကြောင်း၏ရန်ကို ကာကွယ်စောင့်ရှောက်ကြသော လှေတပ်သားတို့သည် ပဲ့နင်းကြီး၏ ဘုရားဝင်းအတွင်း တစ်ဦးနှင့်တစ်ဦး အလောင်းအစားပြုကာ ဘဲဥထုတမ်း ကစားလေ့ ရှိခဲ့ကြသည်။ အစေခံ ခံတပ်မှ တပ်သားများသည်လည်း ကင်းတာဝန် ကျချိန်အတွင်း စားနပ်ရိက္ခာအဖြစ်ပြန်လည် အသုံးပြုလို့ရသော ဘဲဥပြုတ်များနှင့် ရဲဘော်အချင်းချင်း အပျော်တမ်း ဘဲဥထုတမ်း ကစားရာမှ ဖြစ်လာသည်ဟု ဆိုကြကြောင်း သိရှိရပါသည်။ ထိုသမိုင်းအရဆိုလျှင် ဘဲဥထုပွဲ၏သက်တမ်းသည် နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိခဲ့ပြီဖြစ်သည်။ အကြိမ်အားဖြင့်လည်း (၁၁၁)ကြိမ်ပင်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ ဘဲဥထုပွဲကို ဇိန မာရ်အောင် ကြေးဘုရားကြီး၏ရှေ့တွင်ရှိသော ပဲ့နင်းကြီးဘုရား ကွင်းပြင်တွင် နှစ်စဉ်ကျင်းပပါသည်။
ဘဲဥထုပွဲသို့ စစ်ကိုင်းမြို့သူ မြို့သားများသာမက အနီးပတ်ဝန်းကျင်မြို့များမှလည်းကောင်း ၊ ကျေးရွာများမှ လည်းကောင်း လာရောက်လည်ပတ်ပြီး ဘဲဥထုပွဲ ဆင်နွှဲကြပါသည်။ သမိုင်းဝင် ဇိန မာရ်အောင် ဘွဲ့တော်ရ ကြေးဘုရားကြီး၏ ဗုဒ္ဓ ပူဇနိယပွဲတော်သို့ လာရောက်ကြသော ရပ်နီး ရပ်ဝေးမှ ဧည့်သည်အပေါင်းတို့ကို ဧမြ၀တီရပ် လူမှုရေးအသင်းမှ ထမင်းနှဲများ လက်ဖက်များ အသုပ်စုံများ ကို ရေနွေးကြမ်းဖြင့် ဧည့်ခံပါသည်။ ကြေးဘုရားပွဲတော်အတွင်းတွင် ဘုရားတည်ရှိရာ ဧမြ၀တီရပ်သူ ရပ်သားများ၏ အိမ်တိုင်းမှလည်း ထမင်း မုန့်ပဲသရေစာများဖြင့် ဧည့်ခံကြပါသည်။ မြန်မာလူမျိုးတို့၏ နှစ်သက်စရာ ချစ်စရာ မြတ်နိုးစရာ ဓလေ့ထုံးစံ တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့ ဘုရားပွဲတော်များ၏ ထုံးစံအတိုင်း ဈေးတန်းများလည်းပါရှိရာ ကြိတ်ကြိတ်တိုး အလွန်ပင်စည်ကားလှပါသည်။ အညာဘုရားပွဲများတွင်ပါလေ့ရှိသော မုန့်လင်မယား မုန့်သိုင်းခြုံ မုန့်ဟင်းခါး ကြာဇံဟင်းခါး စသည့်အစားအသောက်များ မုန့်ဈေးတန်းတွင် လာရောက် ရောင်းချကြပါသည်။ ဘုရားပွဲလာပရိသတ်များသည် တပို့တွဲ လပြည့်၏ ချမ်းအေးသောဒဏ်ကိုပင် အမှုမထားနိုင်ကြဘဲ ဘဲဥထုပွဲ ဆင်နွဲနေကြသည်မှာ အလွန်ပင်ပျော်ရွှင်စရာကောင်းလှပါသည်။ ကြေးဘုရားကြီးပွဲတွင် ဘဲဥထုပွဲအပြင် နှစ်စဉ်နှစ်တိုင်း လူငယ်များအား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပပေးခြင်း၊ ဇာတ်ပွဲ သို့မဟုတ် အငြိမ့်ပွဲ သို့မဟုတ် ရုပ်ရှင်ပြသခြင်းများပါဝင်လေ့ရှိရာ ဘဲဥထုပြီးလျှင် ဇာတ်ပွဲ အငြိမ့်ပွဲ ငေး ပြီးလျှင် ပွဲဈေးတန်းလျှောက် မုန့်စားချင်သူစား စသဖြင့် စည်ကားသိုက်မြိုက်လှပါသည်။
ဘဲဥထုပွဲတွင် နှစ်စဉ် နှစ်တိုင်း ဘဲဥလာရောက်ရောင်းချသူများမှာ ၆၀-၇၀ ခန့်ရှိပါသည်။ ပြီးခဲ့သောနှစ်(၂၀၁၆)က ဘဲဥတစ်လုံးလျှင် ၂၀၀ ကျပ်ဖြင့်ရောင်းချပေးခဲ့ပြီး ဘဲဥ (၃) လုံးယူပါက ၅၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပါသည်။ ဘဲဥရောင်းချသူ တစ်ဦးလျှင် တစ်နေ့ ဘဲဥ အလုံးရေ (၅၀၀) နီးပါးရောင်းချရကြောင်း သိရပါသည်။
ဘဲဥထုပွဲကျင်းပပုံ
ရိုက်ရန်အသုံးပြုသည့် ဘဲဥများကို ဈေးသည်မှ ကြိုတင်ပြီး ပြုတ်ထားရပါသည်။ ပြုတ်ပြီးသောဘဲဥများကိုသာ အသုံးပြုကြရပါသည်။ ဘဲဥထုပွဲကာလ မရောက်မီ ဘဲဥရောင်းချမည့်ဈေးသည်များသည် ဘဲဥထုပွဲတွင် ဘဲဥပြုတ် ရောင်းချရန် အနီးအနားရှိ ဘဲခြံများမှ ဘဲဥများကို ရသလောက် စုဆောင်း ဝယ်ယူထားရသည်။ ပွဲတော်တွင် မရောင်းချမီ ဘဲဥများကို ကောက်ရိုးများဖြင့်ပြုတ်ပြီး နှီးတောင်းလေးများနှင့်ထည့်ကာ ယူဆောင်လာရသည်။ ထိုနှီးတောင်းလေးများ၏ အပေါ်မှာတော့ ဆန်ကော သို့မဟုတ် ဆန်ကာတစ်ချပ်ပါသည်။ ညဘက်လင်းစေရန် ဖယောင်းတိုင်မီး၊ ရေနံဆီမီးခွက်တို့ပါယူဆောင်ရသည်။ ဘဲဥရောင်းချသည့်ဈေးသည်က ဘဲဥများကို တောင်းတစ်လုံးထဲသို့စုထည့်တားပြီး တောင်းအပေါ်တွင် ဆန်ကော ဆန်ကာ(ဆန်ရွေး ဆန်ချသည့်နေရာတွင်သုံးသည်)တင်ထားပါသည်။ နေ့ဘက်တွင် ဘဲဥထုသူနဲပါးပါသည်။ ညဘက်တွင်မှ ဘဲဥထုသူများ အများအပြားလာရောက်ကြပါသည်။ ဘဲဥထုပွဲ၏ အသွင်အပြင်သည် ညဘက်တွင် ဘဲဥရောင်းသောဈေးသည်မှ ရေနံဆီမီးခွက်ကို ဘဲဥတောင်းပေါ်တွင် တင်ထွန်းပေးထားသည်မှာ တစ်မျိုးအမြင်ဆန်းပါသည်။ ယခုခေတ်တွင်လည်း ခေတ်ပေါ်မီးများလုံးဝ အသုံးပြုခြင်းမရှိဘဲ ရေနံဆီမီးခွက်ကိုသာ အသုံးပြုပါသည်။ ထို့ကြောင့်လည်း အများအမြင်တွင် တစ်မျိုးဆန်းနေသည်ဟု ထင်ပါသည်။
ဘဲဥထုပွဲမှာ တစ်မျိုးစိတ်ဝင်စားစရာကောင်းလှပါသည်။ ဘဲဥထုပွဲဟုဆိုသော်လည်း အဆုံးအဖြတ်ပေးမည့် ဒိုင်လူကြီးမရှိပါ။ ဘဲဥထုပွဲအတွက် ပြိုင်ဘက်နှစ်ဦး လိုပါသည်။ ဘဲဥထုမည့်သူ ပြိုင်ဘက်နှစ်ဦးက ဘဲဥရောင်းချသူဈေးသည်ထံသွားရောက်ပါသည်။ ဘဲဥရောင်းသူဈေးသည်မှ တောင်းပေါ်တွင်တင်ထားသော လင်ဗန်းထဲသို့ ဘဲဥနှစ်လုံးကိုထုတ်ပေးလိုက်ပါသည်။ ပြိုင်မည့်သူနှစ်ဦးက ကိုယ်စိတ်ကြိုက်ဘဲဥကို ရွေးချယ်ကြပါသည်။ မကြိုက်သေးလျှင် ဘဲဥကိုလဲလှယ်နိုင်ပါသည်။ ရေနံဆီးမီးခွက်တွင် ဘဲဥကိုထောင်ကြည့်ခြင်းဖြင့်လည်း စစ်ဆေးကြပါသည်။ စိတ်ကြိုက်ရွေးပြီးလျှင် ပြိုင်ဘက်နှစ်ဦးမှ တစ်ဦးသည် အတည်(ခံ)ဘက် အဖြစ်နေရပြီး တစ်ဦးက အထု(အရိုက်)ဘက်တွင်နေရပါသည်။ အတည်ဘက် အရိုက်ဘက်ကို ပြိုင်ဘက်နှစ်ဦးမှ တစ်လှည့်စီနေကြရပါသည်။
အတည်ဘက်ကျသူက အောက်မှမိမိရွေးထားသောဘဲဥကိုကိုင်ပြီး ဘဲဥထိပ်ပိုင်းလေးကို ဖွင့်ကာ တည်ပေးထား ရပါသည်။ အရိုက်ဘက်ကျသူက မိမိရွေးထားသောဘဲဥဖြင့် အတည်ဘဲဥထိပ်ပိုင်းကို တစ်ချက်တည်း ဆတ်ကနဲ ရိုက်ရပါသည်။ ထိုသို့ အတည် အရိုက်တွင် ဘဲဥကွဲသွားသူ(ပိန့်သွားသူ)သည် အရှုံးသတ်မှတ်ထားသောကြောင့် ဒိုင်လူကြီးမလိုပါပေ။ ဘဲဥထုခြင်း အတတ်ပညာသည်လည်း ထုဖူးသူမှ ကျွမ်းကျင်သော ဖြစ်ပါသည်။ ဘဲဥမထုခင် ဘဲဥရွေးခြင်းကိုက ပညာသားပါလေသည်။ အခွံထူသော၊ လေမခိုသော၊ အနာအဆာ မပါသော ဘဲဥမျိုးကိုလည်း ရေနံဆီမီးရောင်အောက်မှာ ရွေးတတ်ဖို့ လိုသည်။ ထုရာတွင်လည်း ဘဲဥ၏ ပိုချွန်သည့်အပိုင်းဖြစ်သော ခေါင်းပိုင်းနှင့် တေ့ပြီးထုတတ်ဖို့လိုသည်။ ဘဲဥကိုင်ရာတွင်လည်း လက်ဝါးထဲ ဖွဖွဆုပ်ပြီး ဘဲဥခေါင်းလေး လက်တစ်သစ် စာဖော်ကာ အရှိန်ကိုဆလျက် ခွပ်ခနဲ ထုတတ်ရမည်။ အတည်ဖြစ်တိုင်းဘဲဥမကွဲသလို အရိုက်ဖြစ်တိုင်းလည်းမနိုင်ပါချေ။ တစ်ခါတစ်ရံ အရိုက်ဘဲဥပိန့်ပြီး တစ်ခါတစ်ရံ အတည်ဘဲဥပိန့်သွားပါသည်။ ထို့ကြောင့် အရှုံးအနိုင်ကို သေချာပေါက် တွက်ဆထားလို့မရနိုင်ပါချေ။ အနိုင်ရသွားသူ(ဘဲဥမပိန့်သူ)က ပိန့်သွားသောဘဲဥကို အပိုင်ရပါသည်။ ပိန့်သွားသော ဘဲဥဖိုးကို ရှုံးသူမှ ပေးချေရပါသည်။ ဘဲဥအကောင်းကို ဈေးသည်မှ အောက်ခံတောင်းထဲသို့ ပြန်ထည့်ပြီးသိမ်းပါသည်။ အနိုင်အရှုံး ပွဲရေသတ်မှတ်ရန်အတွက် ပြိုင်ဘက်နှစ်ဦးအား တစ်ဦးလျှင် နို့ဆီခွက် တစ်ခွက်စီ ချပေးထားပါသည်။ တစ်ခါရှုံးလျှင် ရှုံးသူဘက်မှ နို့ဆီခွက်ထဲသို့ မန်ကျီးစေ့ သို့မဟုတ် ပဲစေ့ တစ်စေ့ထည့်ပြီး မှတ်သားထားလိုက်ပါသည်။ ပွဲသိမ်းလျှင် မန်ကျီးစေ့ သို့မဟုတ် ပဲစေ့အရေအတွက်ကို ရေတွက်ပြီး ရှုံးသွားသော ဘဲဥအရေအတွက်ဖိုးကို ကျသင့်ငွေအတွက်ရှင်းပေးရပါသည်။
ထိုသို့ဘဲဥထုသူနှစ်ဦးသည် အတည် တစ်လှည့် အရိုက်တစ်လှည့်ဖြင့် မိမိတို့သဘောအတိုင်းကြိုက်သလောက် ကစားကြပါသည်။ နှစ်ဦးနှစ်ဖက် အရှုံးအနိုင်ရှိပြီး စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းလှသည့် ရိုးရာပွဲ တစ်ခုဖြစ်ပါ သည်။ နိုင်သူက ဘဲဥအပိန့်များကို အများကြီးရသော်လည်း သူရှုံးသောပွဲအတွက် ဘဲဥဘိုးကို ပေးချေရပါသည်။ ဘဲဥအပိန့်များကိုလည်း ဈေးသည် သို့မဟုတ် အခြားဝယ်လိုသူထံသို့ ရောင်းချနိုင်ပါသည်။ ဘဲဥအပိန့်များကို ထိုအချိန်တွင် တစ်လုံးလျှင်(၁၅၀)ကျပ် ဈေးပေါပေါနှင့်ရသဖြင့် ဘဲဥအပိန့်လာရောက် ၀ယ်ယူသူများလည်း စည်ကားလှပါသည်။ ထိုကဲ့သို့ နှစ်စဉ် အဖိတ်နေ့ တပို့တွဲလပြည့်နေ့ လပြည့်ကျော်(၁)ရက်နေ့ (၃)ရက်ဆက်တိုက် ဘဲဥထုပွဲကျင်းပါကြကြောင်း ဖော်ပြရင်း နောက်နောင်ကြုံကြိုက်ပါက လာရောက် လေ့လာကြပါရန်ဖိတ်ခေါ်အပ်ပါသည်။
မြန်မာတစ်နိုင်ငံလုံး သို့မဟုတ် တကမ္ဘာလုံးတွင် တစ်ခုတည်းသာရှိသော စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဧမြ၀တီရပ်မှ ရိုးရာ ဘဲဥထုပွဲအကြောင်း ရှုံးသူပြုံးပြီး နိုင်သူဂုဏ်ယူလေ့ရှိသော ဘဲဥထုပွဲအကြောင်းကို ဂုဏ်ယူစွာဖြင့် ရေးသားအပ်ပါသည်ခင်ဗျာ....
လာရောက်ဖတ်ရှုသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါသော မြန်မာလူမျိုးအပေါင်း အောင်မြင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ......