မြတ်ဗုဒ္ဓ၏ချမ်းသာရေး(Teaching Buddha For Life Success)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
အသက်ရှင်နေထိုင်ရေးတွင်ကျွန်တော်တို့သည် ငွေကြေးရရှိရန်အတွက် စီးပွားရေးလုပ်ငန်းများကို မိမိ၏ဥာဏ် ပညာ၊ အတတ်ပညာ၊ အချိန်စသည့်တစ်ခုခုတို့အားရောင်းချခြင်းဖြင့် အသက်မွေးကြောင်းကြရပေသည်။ လူတို့အတွက်စီးပွားရှာခြင်းသည် မဖြစ်မနေလိုအပ်မည်ဖြစ်ပေသည်။ ထို့ကြောင့်စီးပွားရှာခြင်းနှင့်ပတ်သက်သော ယခုစာများအားရေးသားလိုက်ပါသည်။ အချို့သောစာများသည် ကျွန်တော်၏ ကိုယ်ပိုင်အတွေးအခေါ်များမဟုတ် ပါ။ မြတ်စွာဘုရားဟောကြားထားခဲ့သည့် မြတ်ဗုဒ္ဓ၏ တရားစာများဖြစ်ပါသည်။ မည်သည့်လုပ်ငန်းတွင်မဆို နည်းပညာ ပရိယာယ်တို့သည် အမှန်ပင်လိုအပ်မည်ထင်ပါသည်။ နည်းပညာ၊ ပရိယာယ်မပါရှိသော လုပ်ငန်းသည် အောင်မြင်တိုးတက်မှုအားနည်းမည်ဟုလည်း ထင်မှတ်မိသောကြောင့် ရေးသားမိခြင်းလည်းဖြစ်ပါသည်။ ကျွန်တော်တို့မြန်မာလူမျိုးအချို့သည် အရာရာကို နတ်မေးခြင်း၊ ဗေဒင်မေးခြင်းဖြင့် ရှေ့သို့မတက်နိုင်ဖြစ်နေ တတ်ကြပါသည်။ နတ် သို့မဟုတ် ဗေဒင်ဆရာ၏ ဟောကြားချက်တွင် ရွှေထီးဆောင်း ရမည်ဟူသော စကားလုံး တစ်လုံးလောက်များပါရှိလာမည်ဆိုပါက ဘာအလုပ်မျှပင်လုပ်ကြတော့မည်မဟုတ်ကြောင်းကို ရှေးယခင်ကတည်း ကပင် စာများတွင် ဖတ်ဖူးခဲ့ပါသည်။ ဇာတာကောင်းသည်ဆိုတိုင်း ဘာမှမလုပ်လျှင် ဘာမှ ဖြစ်လာမည်မဟုတ် ကြောင်း သတိပြုစေချင်ပါသည်။
Image from google
လုပ်ငန်းများလုပ်ကိုင်ကြရာတွင် နည်းမှန်၊ လမ်းမှန် မဟုတ်ပါက အောင်မြင်ရန်ခက်ခဲလှပေသည်။ နည်းမှန် လမ်းမှန် မဟုတ်ပါပဲ အောင်မြင်ပါကလည်း ရေရှည်မအောင်မြင်သည်ကို မြင်တွေ့ကြရပေမည်။ ထို့ကြောင့် မြတ်ဗုဒ္ဓဟောကြေားဖြေရှင်းပေးခဲ့သော အင်မတန်ဆိုးသွမ်းသည့် အာဠာဝကဘီလူးကြီး၏ မေးခွန်းများအကြောင်း ပြန်လည်ရေးသားဖော်ပြပေးလိုက်ပါသည်။ လူ၊ နတ်၊ ဗြဟ္မာများပင်မဆိုထားနှင့် ထိုစာများကို ဖတ်ရှုရခြင်းအားဖြင့် ဘီလူးကြီးများသည်လည်း ချမ်းသာရေးကို စိတ်ဝင်စားကြသည်ကို မြင်တွေ့ရပါသည်။ ကျွန်တော်တို့ လူသားများလောက်သာ ချမ်းသာရေးနည်းလမ်းများကို စိတ်ဝင်စားကြသည်မဟုတ်သည်ကို အာဠာဝက သုတ်တွင် မြတ်ဗုဒ္ဓကအထင်အရှားဟောကြားခဲ့ပြီးဖြစ်ပေသည်။ ထူးဆန်းလှပေသည်ဟု ပြောရမည်ဖြစ်ပေသည်။ လူတွေကသာ စီးပွားရေး၊ ကြီးပွားရေး၊ ချမ်းသာရေးတို့ကို စိတ်ဝင်စားလိမ့်မည်ဟုထင်မှတ်နေခဲ့သည်မှာ မှားယွင်းနေသည်ကိုသိလိုက်ရပါသည်။ အာဠာဝကဘီလူးကြီးဟုဆိုလိုက်သည်နှင့် အင်မတန်ကြမ်းကြုတ် ကြောင်း လူတိုင်း ကြားဖူးကြမည်ဖြစ်ပါသည်။ အာဠာဝကဘီလူးကြီးသည် မြတ်ဗုဒ္ဓက၀င်ရောက်စံမြန်းကြောင်း ကြားသိသောအခါ လက်နက်မျိုးစုံတို့ဖြင့်သောင်းကြောင်းမရသောအခါ မေးခွန်းများဖြင့် နှိပ်စက်ရန်အတွက် မေးသောမေးခွန်းများဖြစ်သည်ဟု ရေးသားထားပါသည်။ ထိုမေးခွန်းများသည် နှစ်ကာလအလွန်ရှည်ကြာသော အခါတွင် မေးခွန်း၏ အဖြေများကို အာဠာဝကဘီးလူးကြီးကိုယ်တိုင်ပင် မမှတ်မိတော့ကြောင်း ရေးသားထားပါ သည်။ ထိုမေးခွန်းများဖြင့် ဈာန်ပျံရသေ့များကိုမေးမြန်းခဲ့ရာတွင် မဖြေနိုင်သည့်အပြင် ရူးသွပ်သွားခဲ့ကြကြောင်း ဆိုပါသည်။ ထိုသို့ခက်ခက်နက်နဲလှသော မေးခွန်းများဖြင့် မြတ်ဗုဒ္ဓအား နှိပ်စက်ရန်အကြံဖြင့် မေးမြန်းလေတော့သည်။
မေးခွန်း (၅) ခု အား အဖြေနှင့်တကွ ဖော်ပြပေးလိုက်ပါသည်။ ချမ်းသာရေးကို လိုလားသူများ ဖတ်ကြကုန်လော့။ ဗဟုသုတအကြားအမြင်တိုးပွားနိုင်ကြပါစေ၊ မှားယွင်းသော အယူအဆများမှ ကင်းလွတ်နိုင်ကြပါစေရန် ရည်ရွယ်ပါသည်။
မေးခွန်း(၁) - အဘယ်သို့သောအကြောင်းကြောင့် ထူးခြားသော ပညာကို ရပါသနည်း။
အဖြေ(၁)
ပူဇော်ထိုက်သောဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့ ဟောကြားတဲ့ နိဗ္ဗာန်ရောက်ကြောင်းတရား တို့ကို ယုံမှားမရှိ အလွန်ယုံကြည်သည်ဖြစ်သဖြင့် နှစ်သက်မြတ်နိုးစွာ လိုက်နာ ကျင့်ဆောင် လေ့ကျင့်ခြင်းအားဖြင့် ၊ မမေ့ မလျော့ မပေါ့ဆသော သတိရှိခြင်းကြောင့်ဖြစ်စေ ၊ အရာရာအား စုံစမ်း တိုင်းထွာ ကြံစည်တတ်သော အလေ့အကျင့်ရရှိခြင်းကြောင့်ဖြစ်စေ
အထက်ပါအချက်များဖြင့် အခြားသူများနှင့်မတူ ထူးခြားသော ပညာကိုရရှိနိုင်ပေသည် ဟု မြတ်ဗုဒ္ဓက ဖြေကြား ပေးပါသည်။
မေးခွန်း(၂) - အဘယ်သို့သောအရေးဖြင့် အသက်မွေးဝမ်းကျောင်း ဥစ္စာကို ရပါသနည်း။
အဖြေ(၂)
Image from google
သင့်တင့်ကောင်းမြတ်သောအချိန်အခါတွင် ကောင်းမြတ်တဲ့မိတ်ဆွေများနဲ့ ပေါင်းသင်းခြင်းပြုပြီး လောကဓမ္မနဲ့ မဆန့်ကျင် မှန်ကန်သင့်လျော်ရာကို အားထုတ်ကြိုးပမ်း လုံ့လပြုသူဟာ လောကီ၊ လောကုတ္တရာ ဥစ္စာ နှစ်ဖြာသော အကျိုးစီးပွားကို ရသောအကြောင်းပင်ဖြစ်တယ် ဟု မြတ်ဗုဒ္ဓက ဖြေကြားခဲ့ပါသည်။
မေးခွန်း(၃) - အဘယ်သို့သောသဘောဖြင့် ကောင်းသတင်း ကျော်ဇောခြင်းသို့ ရောက်ပါသနည်း။
အဖြေ(၃)
ရှေ့ဆို နောက်ပျက် ယွင်းကွက်မရှိ ပကတိ ဟုတ်မှန်သောစကားတို့ကို ဆိုခြင်းသည် ကျေးဇူးသတင်း ကျော်ဇောခြင်းအဖြစ်သို့ ရောက်ပါ၏ ဟု မြတ်ဗုဒ္ဓက ဖြေကြားခဲ့ပါသည်။
မေးခွန်း(၄) - မိတ်ဆွေကောင်းတို့အား အဘယ်သို့ ပြုစုအပ်ပါသနည်း။
အဖြေ(၄)
ကိုယ့်စီးပွား နဲ့ သူ့စီးပွား လိုလားခြင်း မျှတခြင်း ဝေငှခြင်း စသည်တို့ဟာ အချင်းချင်းအပြန်အလှန်မှီတင်း ကိုးစားရာဖြစ်တဲ့ မိတ်ဆွေကောင်း ခင်ပွန်းကောင်းများရရှိစေသည့် ဧကန်အမှန်တရားဖြစ်ပေတယ် ဟု မြတ်ဗုဒ္ဓ ကဖြေဆိုခဲ့ပေသည်။
မေးခွန်း(၅)- မျက်မှောက်ဘ၀လောကမှ တမလွန်ဘ၀သို့ သွားရသောအခါတွင် အဘယ်အမှုမျိုးဖြင့် စိုးရိမ်ခြင်း ကင်းရပါသနည်း။
အဖြေ(၅)
Image from google
ဖြောင့်မတ်မှန်ကန်သော သစ္စာတရားရှိမှု၊ အပါယ်ရောက်စေနိုင်သော ဒုစရိုက်မှ ရှောင်ကြဉ်လျက် တရားဓမ္မအားလိုက် နာမှု၊ စီးပွားရှာရာတွင် လုံ့လ၀ီရိယ ရှိမှု၊ သူတစ်ပါးတို့အား စွန့်ကြဲပေးကမ်းခြင်းရှိမှုတို့ကို ပွားများနေသောသူသည် လူ့ဘောက်လောကတွင် အိမ်ထောင်သားမွေး သားမယားနဲ့ပင်နေကာ ဘ၀စားဝတ်နေရေးအတွက် ကြိုးစား လှုပ်ရှား ရုန်းကန်နေကြသော်လည်း တမလွန်ဘ၀ရေးအတွက် စိုးရိမ်စရာမရှိ။ ယုတ်ညံ့သောဘ၀များသို့မလား ရောက်မူပဲ နတ်ရွာ လူ့ဘုံ တို့တွင် ဧကန်ဖြစ်ပေ၏ ဟု ဖြေကြားခဲ့ပါသည်။
အထက်ပါအာဠာဝကသုတ်ပါအမေးအဖြေ တို့သည် ကျွန်တော်တို့လူမှုကိစ္စများကို အမှားအယွင်းမရှိဆောင်ရွက် နိုင်ကြစေရန်အတွက် မြတ်ဗုဒ္ဓသည် လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော်ကပင် ဟောကြားပေးထားခဲ့ပြီးဖြစ်ပေ သည်။ သို့သော် ထိုအဖြေများနှင့်ကိုက်ညီအောင် လိုက်နာကျင့်ကြံ နေထိုင်သောသူ အလွန်နည်းပါးမည်ဖြစ်ပေသည်။ လိုက်နာသူနည်းပါးသည်ဟုဆိုရခြင်းသည် ချမ်းသာသူနည်းသောကြောင့်ဟု အလွယ်တကူပင် ဖြေဆိုမည် ဖြစ်ပါသည်။ ထိုအချက်(၅)ချက်အားလိုက်နာပါက လက်ရှိ တမလွန် ချမ်းသာ မည်ဟု ဆိုထားရာ မြတ်ဗုဒ္ဓ၏စကားသည် အမှားအယွင်းမရှိပါ။ မှားနေခြင်းသည် ကျွန်တော်တို့သာလျှင်ဖြစ်ပါသည်။ လူတို့သည်မပြည့်စုံမှုများကြောင့် လိုချင်စိတ်၊ တောင့်တစိတ်များဖြစ်ပေါ်လာကြကုန်သည်။ မှားယွင်းသောအယူများကြောင့် အမှားများကိုကျူးလွန်ကြလေကုန်သည်။ အမှားများဖြင့်ကြိုးစားနေခြင်းသည် အောင်မြင်နိုင်ပါမည်လား။ ခပ်ညံ့ညံ့ ယောင်ဝါးဝါးလုပ်ခြင်းသည် အကျင့်ပါနေကြပြီထင်ပါသည်။ အကြောင်းရှိလို့ အကျိုးတရားဖြစ်ပေါ်လာတယ်ဆိုတာ နေရာတိုင်းမှာမြင်နေနိုင်ပါသည်။ သို့သော်လည်း လူအများစုသည် အကြောင်း အကျိုးကို လက်မခံနိုင်သည်လား မသိချင်ယောင်ဆောင်နေသည်လည်းမသိပါ။ နံရံကို လက်သီးနှင့်ထိုးသောအကြောင်းကြောင့် လက်တွင် ပြင်းထန်သောဒဏ်ရာရခြင်းဆိုသော အကျိုးတရားကို ခံစားကြရမည်မှာ မျက်စိတွင် အလွယ်တကူမြင်ယောင်ကြည့်နိုင်ပါသည်။ မိမိတို့ကိုးကွယ် နေသော မြတ်ဗုဒ္ဓအားမယုံကြည် ဗေဒင်ဆရာ နှင့် နတ်တို့အားယုံကြည်သူများနေလေသည်။ ကံကံ၏အကျိုးဆက် ကိုမယုံကြည်သောကြောင့်သာဖြစ်မည်ထင်ပါကြောင်း ကျွန်တော်တို့လူမျိုးမျာအားလုံးအတွက် အားမလိုအားမရဖြစ်ကာ ရေးသားလိုက်ရပေသည်။ အမြင်မှန်ကာ အမှန်မြင်နိုင်ကြပါစေ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
13-Jan-2018 စနေနေ့(Saturday)