ရင်တုန်ကင်းဝေး
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
စတီးမစ်မှာ စာရေးတဲ့သူတွေရဲ့ စာတွေကို လိုက်ဖတ်ကြည့်တဲ့အခါ အားရစရာကြီးဗျာ… သမိုင်းတွေရော ပတ၀ီတွေရော သရဲတစ္ဆေ တိုးတက်ရေး ဟာသ စိတ်ပညာ ဘာသာတရား စက်ပြင်ဆရာ ဘာသာပြန်စာပေ တွေရော အိုဗျာ အတော်စုံ နေပြီဗျို့… MSC ပိုင် Web Site တစ်ခုရှိရင်ကောင်းမယ်လို့ စဉ်းစားမိတယ်ဗျ… စာရေးရတာကတစ်ခါတစ်လေမှာ ကုန်ကြမ်းက ဘယ်လောက်ရှာရှာမတွေ့တတ်သလို တစ်ခါတစ်လေကျတော့လည်း မရှာရပဲနဲ့ကို ကုန်ကြမ်းတွေ အောတိုက်နေတတ်တာမျိုး ကြုံရတတ်တယ်ဗျ… ဒီနေ့လည်း ဘာရေးရမယ်မှန်းမသိ၊ ကုန်ကြမ်းမရှိဖြစ်နေတော့ စိတ်ကူးထဲပေါ်ရာလျောက်ရေးနေမိတယ်… အနှီ ကွှီးစိုးတစ်ယောက် လွန်ခဲ့တဲ့ရက်ပိုင်းက မိုးရွာထဲသွားမိပြီးမဖြစ်စလောက်မိုးလေးကစို ချက်ချင်းရေမချိုးဖြစ်လေ တော့ တုတ်ချင်သလိုလို ကွေးချင်သလိုလိုဖြစ်လာတယ်… ရေမိုးချိုး အလက်ဇင် ဆိုတဲ့ဆေးလေးသောက် စောင်လေးခြုံပြီး အိပ်ယာပေါ်ခဏကွေးနေလိုက်တယ်… တစ်ခါတစ်ခါ ကြက်သီးတွေကထ၊ ကျောထဲကို စိမ့်စိမ့်သွားတတ်သေး… သေချာသလောက်ပဲ… ဆေးမသောက်ထားရင် လာတော့မယ်ဆိုတဲ့ အချက်ပြအကြို တွေလေ… ဘာအကြိုလည်းဆိုတော့ တုတ်ကွေး တုတ်ကွေး အကြို ရှေ့ပြေးနိမိတ်လေးတွေပဲ… ဆေးမသောက်မိခဲ့ရင်တော့ သေချာပေါက် ကွေးတော့မယ်… ရာသီကလည်း ခု အုန်းဒိုင်း အုန်းဒိုင်းနဲ့ မိုးတွေရွာချလိုက်၊ ခဏနေ ပြင်းပြင်းပြပြနေတွေပူလိုက်နဲ့… နေပူလိုက် မိုးရွာလိုက်အခြေအနေမှာ မထွက်မဖြစ် အပြင်ထွက်လေတော့ မိုးလေး မဖြစ်စလောက်မိ… မဖြစ်စလောက်ဆိုတော့လည်း ရေခြောက်အောင် မသုတ်မိတော့ ဟတ်ချိုး ဟတ်ချိုး ကနေ ပရီ တုတ်ကွေး လေးတွေလာကုန်တာပေါ့ဗျာ…
မဖြစ်သေးပေဘူးပဲ… တုတ်ကွေးဖြစ်နေလို့တော့အဆင်မပြေ… စတီးမစ်မှာ စာမရေး ပို့စ်မတင်လို့ဖြစ်ပေမယ့် အိမ်ကအလုပ်တွေကို ကူလုပ်မယ့် ကိုယ်ခွဲကမရှိ… ဒီတော့ တုတ်ကွေးဖြစ်စမ်းလို့ ဖြစ်ခွင့်ပေးလို့မဖြစ်… ဆေးတွေ ဖိသောက်ထားလိုက်ရတယ်… ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်လို့ဆိုထားကြတယ်မဟုတ်လားဗျ... ဆေးကြိုသောက်ထားတော့ သိပ်ကြီးကြီးကျယ်ကျယ် တုတ်ကွေးတော့ မဖြစ်နိုင် လောက်တော့ဘူးပေါ့… ဒါကကိုယ့်အထင်ပဲဗျို့… နောက်ရက် ခေါင်းတွေ ခြေတွေ လက်တွေ ကိုက်ခဲလာတယ်… ဆေးခန်းပြေးရပြန်တယ်ဗျို့… ဆေးလေးထိုး၊ ဆရာဝန်ပေးတဲ့ဆေးလေးသောက်လိုက်မှ နဲနဲနေသာထိုင်သာ ရှိတော့သဗျို့… သိပ်လှုပ်ရှားနေလို့တော့မဖြစ်သေးတော့ အိပ်ယာပေါ်လှဲလိုက်၊ ပက်လက်ကုလားထိုင်ပေါ်ထိုင် လိုက် ဖုန်းဖွင့် စတီးမစ်လေးဝင်ကြည့်လုပ်နေရတယ်… ဖုန်းကလည်း ကြာကြာကြည့်လို့မရ… နေမကောင်း လေတော့ ခေါင်းတွေလည်းမူး မျက်လုံးတွေလည်း ၀ါးလာပါလေရော၊ မဖြစ်ဘူး… ဖုန်းကိုချ အိပ်ယာပေါ်ပြန်လှဲ နေရပြန်ရော… MSC ကလူကြီးတွေလည်း အတော်နေနိုင်လိုက်ကြတာဗျာ… မတော် စစ်ကိုင်းကို သတင်းမေးလေးတောင် မလာကြဘူး… အတော်ရက် စက်တဲ့ သက်ရှိထင်ရှားရေးဖော်ရေးဖက်တွေပဲ… ဆရာဝန်ကမှာလိုက်တာကလည်း ဆန်ပြုတ်လေးပဲ သောက်ပါအုံးဆိုတော့ ဆန်ပြုတ်ပဲသောက်နေရတယ်… အပြင်းအထန်ကြီးမဟုတ်ပေမယ့် ပြင်းထန်တဲ့ အဖျားပျောက်ဆေး နဲ့ တုတ်ကွေး တွေ့ကြပြီး တိုက်ပွဲ ဖြစ်နေကြလေတော့ ကြားကနေ ကွှီးစိုး ခမြာတော့ လိမ့်ခံနေရတယ်ဗျို့… ဆန်ပြုတ်ပဲသောက်ထားရလေတော့ ရင်ကလည်းတုန်၊ အစာမရှိတော့ လူကလည်းမော၊ အိပ်ယာပေါ်လှဲနေရတော့ ကျောကလည်း ပူ ရင်ကအောင့်နဲ့ဗျာ အတော်ကိုဒုက္ခပါ… အဲဒီအချိန်မှာ ဘုရားစာရွတ်ဖို့တောင် အာရုံစိုက်မရဘူးဗျို့… ဒါကြောင့်လည်း ကျန်းမာရေး ကောင်းမွန်နေတဲ့ အချိန်မှာပဲ တရားအားထုတ်ရမယ်လို့ ဆိုကြတာပဲဗျ… အဲဒီလိုအချိန်မှာ ပါးစပ်ကလည်း ဘာစားစား ခံတွင်းမတွေ့တတ်ဘူးမဟုတ်လား… သောက်နေကြ လက်ဖက်ရည်တောင် သောက်မရ… ပျို့ချင်သလိုလို အန်ချင်သလိုလိုဆိုတော့ လက်ဖက်ရည်လည်း မသောက်ရဲ… တုတ်ကွေးမိနေတဲ့အချိန်မှ အချဉ်ပေါင်းက စားချင်စိတ်ဖြစ်လာသေးသဗျာ… မစားရဲလို့ မစားပါဘူး… ဘယ်ကနေဘယ်လို သတင်းတွေကြားလာလေသလဲမသိ “ငအော” တစ်ယောက်ကတော့ ခေါက်ဆွဲထုပ်တွေဆွဲပြီး ရောက်ချလာသေးတယ်… အပြောတာကတော့ “ကွှီးစိုးနေမကောင်းဘူးကြားလို့ လူမမာလာမေးတာ” “ကွှီးစိုး ခံတွင်းကောင်းကောင်းနဲ့ စားရအောင် ခေါက်ဆွဲကြော်လည်း ၀င်ဝယ်ခဲ့တယ်”တဲ့။ “ဆရာဝန်က ဆန်ပြုတ်ပဲ သောက်ခိုင်းထားတာဟ ခေါက်ဆွဲကြော်တော့ စားလို့မဖြစ်ဘူး” လို့ပြောလိုက်တော့ ငအော အတော်ပျော်သွားပုံပဲ…
“ကွှီးစိုး ခေါက်ဆွဲစားလို့မရဘူးလား”
“အေး”
လို့ ဖြေလိုက်တော့
“ဟာဗျာ ဒါဆိုရင် ခေါက်ဆွဲတွေ နှမြောစရာ စားလိုက်တော့မယ်”
ကောင်းရောပေါ့… သူစားဖို့ဝယ်လာပြီး လူမမာဓာတ်စာ လာပြောနေသေးတယ်… ပြောပြောဆိုဆို သူ့ဖာသာ ပန်းကန်တွေယူ ခေါက်ဆွဲထည့်ပြီး အားရပါးရ တွယ်နေတော့တာပါပဲ… ငအောဆိုတဲ့ကောင် လူမမာက ခေါက်ဆွဲကြော်မစားရတာ မသိတာမဟုတ် သိသိကြီးနဲ့ လူလည်ကျပြီး လူမမာလာမေးတာတဲ့… မသကာ အိုဗာတင်းလေး မိုင်လိုလေး ၀ယ်လာတယ်ဆိုတော်သေးတာပေါ့… ဘယ်နှယ့် ခေါက်ဆွဲကြော်နဲ့ လူမမာ လာမေးရတယ်လို့… ဒီကောင်က တရားသေမှတ်ထားတတ်တဲ့ကောင်ဆိုတော့ ဘယ်လူမမာကများ ခေါက်ဆွဲကြော် စားချင်တယ်လို့ သူ့ပြောဖူးသလဲမသိဘူး… ဘယ်လူမမာကမှလည်း ခေါက်ဆွဲကြော် မစားချင်လောက်ပါဘူး… ဒီ ငအော ဆိုတဲ့ကောင် သူဝယ်လာတဲ့ခေါက်ဆွဲကြော် သူ့တစ်ယောက်တည်း မစားရ တဲ့ လူမမာတောင်အားမနာရကောင်းမှန်းမသိပဲ ကုန်အောင် အားရပါးရစားပြီးတော့မှ
“ကွှီးစိုး ရေ”
“မင်းဖာသာခပ်သောက်ပါကွာ နေမကောင်းပါဘူးဆိုနေမှ”
“ဘာခပ်သောက်ရမှာလဲ”
“ဟ မင်းပဲ ရေဆို”
“အာ ကွှီးစိုးကလည်း ဒီအတိုင်းနာမည်ခေါ်တာပါဗျ”
“ရေခပ်ခိုင်းတာလားလို့”
“ဟုတ်ပါဘူးဗျ စကားပြောမလို့အစပျိုးတာပါ”
“ဘာပြောအုံးမလို့တုံးကွ ငါကြာကြာမထိုင်ချင်ဘူး”
“ကျွန်တော်လည်း အထူးကုနဲ့ပြကြည့်ရင်ကောင်းမလားလို့”
“ဟေ မင်းကဘာရောဂါဖြစ်နေလို့တုံး”
“မသိဘူးလေ တစ်ခါ တစ်ခါ ရင်တွေအရမ်းတုန်တုန်နေလို့”
“နှလုံးအားနည်းလို့လားမှမသိ စာတွေထဲမှာတော့ အဲလိုဖတ်ဖူးတာပဲဟ”
“နှလုံးလား ဘာလုံးလားတော့မသိဘူး ဒါကြောင့် အထူးကုနဲ့ပြကြည့်ရင်ကောင်းမလားလို့ပါ”
“အထူးကုနဲ့ပြတာ ငွေအတော်ကုန်သဟ”
“အဲလိုပြောကြတာပဲ အဲဒီရင်တုန်တုန်နေတာပျောက်တဲ့ ဆေးနည်းလေးဘာလေးရှိဘူးလား”
ဒီ ငအော ဆိုတဲ့ကောင်ကလည်း ပြဿနာပဲ… လူတောင် အာရောဂျံ ညံ့လို့ တုတ်ကွေးဖြစ်နေတာ ဆေးနည်းလာ တောင်းနေပြန်ပါပြီ… ကိုယ်ကလည်းမနေနိုင်…
“နေစမ်းပါအုံး မင်းက ဘယ်လိုအချိန်တွေမှာ ဖြစ်တတ်တာလဲ”
“အင်း စဉ်းစားကြည့်အုံးမယ်”
ပြောပြီး မျက်လုံးမှိတ် စဉ်းစားဟန်ပြုနေလေရဲ့…
အသံကတော်တော်နဲ့ပြန်မလာ စိတ်မရှည်တော့.....
“အချိန်မှန် ရင်တုံတာလား”
“စဉ်းစားကြည့်နေတာ အချိန်မှန် ရင်တုန်တာတော့ ဟုတ်ဘူး ကွှီးစိုးရ”
“အဲဒါဆို ဘယ်လိုအချိန်တုန်တာတုံး”
“မြို့ထဲသွားရင် ဈေးထဲသွားရင် စူပါမတ်ကတ်ကြီးတွေတို့လိုနေရာတွေကျရင် ရင်တုန်တော့တာပဲ”
“မင်းဟာကလည်း အဆန်းပါလားဟ ဈေးဝယ်ဖို့ ပိုက်ဆံမလောက်လို့ ရင်တုန်တာလားမှမသိ”
“အဲလိုလဲဟုတ်ဖူး ကွှီးစိုးရ”
“မင်းဟာမင်း စဉ်းစားတော့ကွာ ခေါင်းမူးရတဲ့အထဲ”
“စဉ်းစားလို့ရပြီဗျ… ကောင်မလေးတွေ အများကြီးရှိတဲ့ နေရာတွေမှာပဲ ကွှီးစိုးရ”
"ကောင်မလေးတွေအများကြီးရှိတဲ့နေရာ"
"ဟုတ် ကွှီးစိုးရ စကပ်တိုတိုလေးတွေနဲ့ ပေါင်ဖြူဖြူလေးတွေမြင်ရရင် ပိုပို တုန်လာတယ်"
“ခွီးထဲမှပဲ အဲဒါ အထူးကုပြစရာလား အဲဒါ နှာဘူးရောဂါ နှာဘူးရောဂါ”
စိတ်ပေါက်ပေါက်နဲ့ ထအော်ပစ်လိုက်တယ်… ဘယ်နှယ့် ကောင်မလေးတွေမြင်လို့ ရင်တုန်တာ ဆေးနည်း လာတောင်းနေတယ်… အထူးကုနဲ့တောင်ပြမလို့တဲ့… သူ့ဟာသူ ဘူးထတာကို ရင်တုန်တယ်လုပ်နေသေး…
“တကယ်ပါ ကွှီးစိုးရာ အဲလိုထဲမှာမှ မီနီစကတ် ဟတ်ဖ်မီနီစကတ် ၀တ်ထားတဲ့ ကောင်မလေးတွေကိုများ တွေ့လိုက်ရင် ကျွန်တော်ရင်တွေ တဒိုင်းဒိုင်းနဲ့ အတွင်းကလီစာတွေတောင် ပြုတ်ထွက်တော့မလား ထင်ရတယ်ဗျ”
“ငအော တော်တော့ တော်တော့ နင့်ရောဂါအတွက် ဆေးနည်းပေးလိုက်မယ်”
“အဲ တကယ်လား ဆေးနည်း ရှိလို့လား ကွှီးစိုး”
“ဟုတ်တယ်ဟေ့ ဟုတ်တယ် ဆေးနည်းရှိတယ်”
“မြန်မြန် မြန်မြန် ပြောစမ်းပါဗျ”
“အေး… နင့်အတွက် ဆေးနည်းကတော့ မိန်းမ မြန်မြန်ယူတော့ ဟ……… ငအော ရေ”
“ဟုတ် ဟုတ်”
ဆိုကာ ရေအိုးစင်ရှိရာထပြေးပြီး ရေတစ်ခွက် ခပ်ကာ
“ရော့ ရော့ ကွှီးစိုး”
ရေခပ်ခိုင်းတယ်မှတ်လို့ ရေခပ်ပေးတဲ့ ငအော… မောလည်း မောလာတဲ့နဲ့ မထူးဘူးဆိုပြီး ရေခွက်ကို ယူပြီး တရှိန်ထိုး မော့ချလိုက်ရတာပေါ့ဗျာ…
စိတ်ကူးတည့်ရာရေးခြင်းသာဖြစ်ပါတယ်… အတွေးစိတ်ကူးတွေကို တစ်ခါတစ်လေ အင်တာနက်ပေါ်တင်ကြည့်တာပေါ့…
တစ်ချက်ပြုံးရင် တစ်ရက်အသက်ရှည်မှာပါ…
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
11-Sept-2018 အင်္ဂါနေ့(Tuesday)