ရတနာ နဲ့ အမှိုက်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


စာရေးချိန်ရလိမ့်မယ်လို့မထင်မိဘူး။ ဒါပေမယ့် အချိန်လေးနည်းနည်းလောက်ရလာတော့လည်း စာရေးဖို့ အားထုတ်မိပြန်ပါတယ်ဗျာ။ အကျင့်ပါနေလေပြီ။ အားလပ်သည်နဲ့ Steem ကို ၀င်ကြည့်တတ်တာ အကျင့်တစ်ခု ဖြစ်သွားပေပြီ။ အခြားသူများတော့မသိပါ။ ကျွန်တော်အနေနဲ့တော့ Steemit ကိုမ၀င်ဖြစ်တဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ ဒီနေ့ စိတ်ကူးပေါက်ပြီး ရေးချင်တာကတော့ အပေါ်က ခေါင်းစဉ်ပေးထားသလို ရတနာရှိရာ ရတနာလာဆိုတဲ့ စကားစုလေးကိုပဲဖြစ်ပါတယ်။ ဒါကိုစဉ်းစားမိတော့လည်း ဒါကိုပဲရေးရမှာပါပဲ။ ရွေးနေချိန် မရတော့လည်း ဦးနှောက်ကချပေးတဲ့ ခေါင်းစီးအတိုင်းပဲ လိုက်ရေးရတော့တာပေါ့။ အခြားခေါင်းစဉ်လိုက်ရေးရင် လည်း အဆင်မပြေဖြစ်တတ်သေးသဗျ။ ဦးနှောက်က ချပေးတာကို လိုက်မရေးမိရင် ဦးနှောက်က စိတ်ဆိုးပြီး ကျန်တဲ့စာလည်း တောင်မရောက် မြောက်မရောက် ဘာမှ ရေးမရ ဖြစ်ပြီး အချိန်ကုန်သွားတတ်သေးတယ်။ ဒီတော့လည်း ဦးနှောက်ကပေးတဲ့လမ်းကြောင်းလေးကိုပဲ ရေးဖို့စဉ်းစားမိတာပါ။ လူအများစုလည်း ကြားဖူးလွန်းလို့ နားရည်ဝနေတဲ့စကားစုလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီစကားစုလေးကို စဉ်းစားကြည့်ရင် ရှင်းလင်း နေတာတွေ့နိုင်ပါလျက်နဲ့ ဘာလို့ စာထပ်ရေးနေရမလဲဆိုတာတော့ ရေးစရာမရှိလို့ပါခင်ဗျာ လို့ပဲဖြေရပါလိမ့် မယ်။ စကားစုလေးက ရှင်းရှင်းလေးဖြစ်နေပါတယ်။ ရတနာလိုချင်ရင် ကိုယ့်မှာ ရတနာ ရှိမှ ဖြစ်ပါလိမ့်မယ်။ ရတနာရှိနေပါမှ ရတနာလာပါလိမ့်မယ်။ ရတနာဆိုတာ မျိုးစုံဖြစ်နိုင်ပါတယ်။ တန်ဖိုးရှိတဲ့အရာ၊ ရရှိနိုင်ဖို့ခက်ခဲ့တဲ့ အရာ၊ ရှားပါးပြီး ရနိုင်ခဲတဲ့အရာတွေကိုအခြေခံပြီး ရတနာလို့သတ်မှတ်ကြတာထင်ပါတယ်။ လူတိုင်းမရနိုင်၊ လူတိုင်းမတွေ့နိုင်လို့လည်း ရတနာလို့ခေါ်မယ်ထင်ပါတယ်။ ဒါကတော့ သံသရာကိုပါလာမယ့်ရတနာမဟုတ်ပါ ဘူး။ လောကီရတနာလို့ခေါ်ရမလား။ အခုရေးလိုတာကလည်း လောကီရတနာပဲ ရေးရမှာပဲဖြစ်ပါတယ်။


02.png


ကိုယ့်ဆီမှာ ရတနာလို့ခေါ်ဆိုနိုင်မယ့် အရည်အချင်းတွေကို စုဆောင်းသင့်သလို ရတနာထိုက်တဲ့ ကျောက်မျက် ရတနာတွေလည်း ရှိထားသင့်တယ်မဟုတ်လား။ ဒီရတနာတွေကိုယ့်ဆီမှာ ရှိနေရင် တူရာစုတယ်ဆိုတဲ့ သဘော တရားအရ တူရာကို ဆွဲဆောင်တဲ့အတွက် ရတနာ က ရတနာတွေကိုပဲ ဆွဲဆောင်မှာဖြစ်ပါတယ်။ ဒါဆိုရင် ရတနာတွေကို ပိုင်ဆိုင်သွားနိုင်မယ်မဟုတ်လား။ မတူတာတွေက အတူယှဉ်တွဲနေထိုင်လို့မရဘူးဆိုသလိုပါပဲ။ သက်မဲ့ဖြစ်တဲ့ ရတနာပစ္စည်းတွေတောင်မှ တူတဲ့အရာတွေကို ဆွဲငင်ကြတယ်ဆိုရင် ကျွန်တော်တို့ သက်ရှိနေတွေ ကကော တူတဲ့အရာတွေကိုပဲ ဆွဲငင်ကြမယ် ဆွဲဆောင်ကြရတယ် မဟုတ်လား။ ဒီတော့ ကိုယ်က ရတနာလိုချင်ရင် ရတနာ စိန် ကျောက်တွေထဲက တစ်ခုခုသော ရတနာကို ပိုင်ဆိုင်ထားမှာ ရတနာ တွေကို ဆွဲဆောင်ရရှိနိုင်မှာဖြစ်သလို ကောင်းမွန်တဲ့ အတတ်ပညာအရည်အချင်းတစ်ခုခု ကိုယ့်ဆီမှာ ရှိနေမှသာ ကောင်းမွန်တဲ့အရာတွေကို ဆွဲဆောင်ယူငင်နိုင်မယ်ထင်ပါတယ်။ ရတနာဆိုတာ ရဖို့ခဲယဉ်း၊ တွေ့ဖို့ခဲယဉ်းတတ် ပါတယ်။ ရဖို့ခဲယဉ်းတဲ့ အတတ်ပညာတွေကို ရအောင်သင်ယူပြီး လောကကို ကောင်းကျိုးပြုနေသူတွေဟာ ကနေ့လူ့လောကရဲ့ အောင်မြင်နေသူတွေဖြစ်တာကို မြင်တွေ့ရပါတယ်။ သူတို့ရဲ့ ပြုမူကျင့်ကြံမှုတွေကလည်း လူအများကို ကောင်းကျိုးဖြစ်ထွန်းစေတဲ့ ကျင့်ကြံနေထိုင်မှုတွေဖြစ်သွားတတ်ကြပါတယ်။ ပညာတွေ မိုးထိအောင်တော်ပြီး လောကကို ကောင်းကျိုးမပြုသူတွေလည်း ရှိပါတယ်။ သူတို့ဆီမှာ ရှိတဲ့အတတ်ပညာ ရတနာကတော့ လူတွေကို ဒုက္ခရောက်စေနိုင်ပါတယ်။ သူတို့ရဲ့ အပေါ်ယံကျင့်ကြံမှုကတော့ ကောင်းတယ်လို့ လူအများက ထင်မြင်စေအောင်လည်း နေထိုင်တတ်ကြပါတယ်။


03.png


ရခဲတာကိုမှ ရတနာ၊ တွေ့ခဲတာကိုမှ ရတနာလို့ဆိုထားတဲ့အတွက် ရတနာထိုက်လောက်တဲ့အရည်အချင်းတွေ ရှိမှသာ ရတနာထိုက်ပါလိမ့်မယ်။ အတတ်ပညာကလည်း ရတနာထိုက်လောက်အောင် အရည်အချင်းနဲ့ပြည့်စုံ ပါမှ ရတနာလာလိမ့်မယ်ဖြစ်ပါတယ်။ အများစုပြောတတ်တဲ့စကားလေးကတော့ တူရာစုတယ်လို့ဆိုတတ်ကြစမြဲ ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ တူရာတွေကိုပဲ စုနေရုံနဲ့ အလုပ်မဖြစ်တတ်ပါဘူး။ မတူတဲ့ အရာတွေကို သင့်လျော်သလို ပေါင်းစပ်နိုင်မှသာ အဆင်ပြေတတ်တာလေးတွေ ရှိတတ်ပါတယ်။ အလွယ်ကူဆုံးကို ပြရမယ်ဆိုရင် ထမင်းဖြစ်ဖို့အတွက် တူရာတူရာဖြစ်တဲ့ ဆန်တွေကိုပဲချက်ရမှာဖြစ်ပေမယ့် ဟင်းဖြစ်ဖို့အတွက်တော့ မတူတာတွေကို သင့်လျော်အောင် ပေါင်းစပ်ကြရတာဖြစ်ပါတယ်။ မတူတာတွေကို စုစည်းတဲ့အခါမှာ အလွန်ကောင်းတဲ့ဟင်းတစ်ခွက် ဖြစ်ဖို့အတွက်က မတူတဲ့အရာတွေကို သင့်တော်ရာ စီစဉ် ချက်ပြုတ်တတ်မှသာ အရသာရှိတဲ့ ဟင်းတစ်ခွက် ဖြစ်ပေါ်လာခဲ့ရပါတယ်။ တကယ်တော့ လူတိုင်း လူတိုင်းဟာ အဖိုးတန်ပြီးသား တန်ဖိုးရှိပြီးသားတွေသာဖြစ်ပါတယ်။ အရည်အချင်းတွေမတူညီတာတွေ ရှိနိုင်ပေမယ့် လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူ ရှိပါတယ်။ တန်ဖိုးရှိတဲ့အရည်အချင်းကို တန်ဖိုးရှိပြီးသားဖြစ်တဲ့ လူတွေ အနေနဲ့ အရည်အချင်းနဲ့လူ သင့်တော်ရာပေါင်းစပ်တတ်မယ်ဆိုခဲ့ရင် အလွန်ကောင်းမွန်တဲ့ အလွန်ရှားပါးလှတဲ့ ရတနာကို ပိုင်ဆိုင်နိုင်ကြမှာပဲဖြစ်တယ်လို့ ယူဆမိပါတယ်။ အမြဲတမ်း မှန်နေမှာ မဟုတ်ပေမယ့်လည်း အမြဲတမ်း မှားနေမယ့် အယူအဆ တစ်ခုလည်းဖြစ်မယ်လို့ထင်မိပါတယ်။ ကိုယ့်အရည်အချင်းကို ကိုယ်တိုင်သိပြီး အသိအမှတ်ပြုနိုင်ဖို့တော့လိုမယ်ထင်ပါတယ်။ ကိုယ်တိုင်က အရည်အချင်းမရှိဘူးလို့ထင်ခဲ့ရင် အခြားသူများက လည်း ထိုသို့ပဲ မှတ်ယူကြပါလိမ့်မယ်။ ဒီတော့ ကိုယ့်မှာ ဘာအရည်အချင်းရှိသလဲဆိုတာကိုတော့ ကိုယ်တိုင် ဆန်းစစ်ရမှာပါပဲ။ တစ်ခါတစ်ရံဘေးကလူရဲ့အကြံဥာဏ်လည်း လိုအပ်နိုင်ပါတယ်။


04.png


ကိုယ့်အရည်အချင်းဟာ အမှိုက်လို့ယူဆပြီး အမှိုက်လို ရှုတ်နေမယ်ဆိုရင်တော့ အဲဒါ အမှိုက်ပုံပဲဖြစ်နေပါလိမ့် မယ်။ အမှိုက်ရှိတဲ့ နေရာကို အမှိုက်ပဲလာတတ်တာတော့ အသေအချာပါပဲ။ တစ်ခါ တစ်ခါ အင်မတန်ဆိုးရွားတဲ့ ခွေးချေးတွေ ရောက်လာသေးရဲ့။ အဲဒီလို အမှိုက်ပုံကြီးဟာ မိုးလေးများနည်းနည်းလောက်မကျလိုက်နဲ့ မီးခိုးတစ်လူလူနဲ့ မီးထထ တောက်တတ်ကြသေးတယ်။ အမှိုက်ရှိတဲ့နေရာဟာ ဘယ်တော့မှ သာယာတဲ့နေရာ မဖြစ်နိုင်ပါဘူး။ အမှိုက်ကို မရှင်းမချင်းပေါ့လေ။ အမှိုက်ကို ရှင်းပစ်နိုင်ခဲ့မယ်ဆိုရင်တော့ သာယာတဲ့ ပတ်ဝန်းကျင်ကို ခံစားလာနိုင်မှာလည်း အသေအချာပါပဲ။ ဒီတော့ ကိုယ့်ဆီမှာ ရှိတဲ့ အမှိုက်ကို ရှင်းလိုက်မယ်ဆိုရင် အမှိုက်ရှင်းသွားတဲ့အတွက် ရတနာဆိုတာကို မျှော်လင့်နိုင်မယ်မဟုတ်လားဗျာ။ အရေးအကြီးဆုံးအချက်တစ်ခုကတော့ ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေရှိသလဲဆိုတာကို ရှာဖွေခြင်း၊ အကြံဥာဏ်တောင်းခြင်းနဲ့ အဲဒီအရည်အချင်းကို ကိုယ်တိုင်က အသိအမှတ်ပြုပြီး နေထိုင်ရမှာဖြစ်ပါတယ်။ အမှိုက်ဆိုတဲ့အရာတွေကိုလည်း တတ်နိုင်သလောက် ရှင်းလင်းပစ်ကြရမယ်ထင်ပါတယ်။ အမှိုက်ဆိုတာက ရတနာဆိုတာနဲ့တော့ ပြောင်းပြန်အနေအထားမှာ ရှိနေတယ်မဟုတ်လား။ အမှိုက်ဆိုတာ အသုံးမကျတဲ့အရာ ကိုခေါ်တတ်ကြတယ်။ အဲဒီအသုံးမကျတဲ့အရာတွေက ကိုယ့်ရဲ့စိတ်မှာ၊ ကိုယ်ခန္ဓာမှာ ကပ်ငြိနေသလားဆိုတာ ကလည်း ကိုယ်တိုင် ရှာဖွေပြီး ရှင်းလင်းပစ်သင့်ပါတယ်။ အမှိုက်ရှုတ်နေတတ်တဲ့ အိမ်တစ်အိမ်ကို သာယာတဲ့ အိမ်တစ်အိမ်အဖြစ် လူအများက မမြင်တတ်ပါဘူး။ အမှိုက်ရှင်းလင်းနေရင် စိတ်လည်း ကြည်သလို ရတနာကို ခေါ်နေတာလည်း ဖြစ်ကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

19-Oct-2018 သောကြာနေ့(Friday)