ရှင်လျက်သေသူ မဖြစ်စေချင်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


လူ့ဘ၀သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြရခြင်းဖြစ်ပါသည်။ မျှော်လင့်ချက်မရှိခဲ့လျှင် လူဘ၀သည် အဓိပ္ပါယ်မဲ့ဖြစ်သွားနိုင်ပါသည်။ ပျင်းရိငြီးငွေ့ဖွယ်ရာဘ၀များဖြစ်သွားမည်ထင်ပါသည်။ မျှော်လင့်ချက်ကင်းမဲ့ နေခြင်းသည် သေဆုံးသွားသော လူသေနှင့်မခြားနားတော့ပါ။ လောကကြီးတွင် ပိုက်ဆံချမ်းသာသည်ဖြစ်စေ၊ ပိုက်ဆံမချမ်းသာသည်ဖြစ်စေ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ကြပေသည်။ ဆင်းရဲသောသူတို့သည် တစ်နေ့နေ့ တစ်ချိန်ချိန် ချမ်းသာမှုရရှိရမည်ဆိုသောမျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ကြရပေသည်။ ထိုမျှော်လင့်ချက်သည် ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ရာထူးရှိခြင်း၊ ရာထူးမရှိခြင်းနှင့်မသက်ဆိုင်ပေ။ သတ္တ၀ါမှန် သမျှတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ကြရခြင်းဖြစ်ပါသည်။ မျှော်လင့်ချက်ကင်းမဲ့နေသောသူ လောက၌ မရှိနိုင်ပါ။ မျှော်လင့်ချက်မဲ့သောသူသည် သေသူနှင့်မခြားနားတော့ပါ။ မျှော်လင့်ချက်မဲ့နေခြင်းသည် မည်သို့သော အနှစ်သာရမျှရရှိနိုင်တော့မည်မဟုတ်တော့ပါ။ လူ့ဘ၀သည်လည်း အချီးနှီးသာဖြစ်နေပေတော့ မည်။ ထိုသို့သောလူမျိုး လောကတွင် မရှိနိုင်ဟုလည်း ယူဆမိပါသည်။ ရှိသည်ဆိုပါကလည်း ထိုသူသည် အသက်ရှင်လျက်နှင့် သေနေသူသာ ဖြစ်သွားပါလိမ့်မည်။ အသက်ရှင်လျက်နှင့် သေနေသူသည် မည်သည့်ပျော်ရွှင်မှုမျိုးကိုမှလည်း ခံစားနေနိုင်တော့မည်မဟုတ်။ ခံစားချက်လည်း ကင်းမဲ့သကဲ့သို့ပင်ဖြစ်နေ ပါတော့မည်။ ဆင်းရဲလို့သေဆုံးရမည်ဆိုပါကလည်း ဆင်းရဲသားဆိုသော အခေါ်အဝေါ်သည် လောကမှ ကွယ်ပျောက်သွားရန်သာရှိပါသည်။ မျှော်လင့်ချက်မဲ့သွားခြင်းကြောင့်သာ သေဆုံးသွားဖွယ်ရှိပါသည်။ ဒါကြောင့် မျှော်လင့်ချက်မဲ့သော အဖြစ်သို့ အရောက်မခံစေလိုပါ။


02.png


အထူးအားဖြင့် ယနေ့ခေတ်လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အိပ်မက်၊ ကိုယ်ပိုင်မျှော်လင့်ချက်များ မြဲမြံစွာ စွဲကိုင်ထားစေလိုပါသည်။ လူငယ်များအနေဖြင့် မိမိတို့မျှော်လင့်ချက်အိပ်မက်အတွက် အမြဲတစေ တက်တက်ကြွကြွ ရှိနေရပါမည်။ စိတ်ကူးထဲတွင် မိမိတို့၏စိတ်ကူးယဉ် အိပ်မက် မျှော်လင့်ချက်များကို ဖန်တီး နေသင့်ပါသည်။ မျှော်လင့်ချက်ဆုံးရှုံးကာ အိပ်မက်ပျောက်နေခြင်းမျိုးမဖြစ်သင့်ပါ။ မျှော်လင့်ချက် အိပ်မက် ပျောက်ဆုံးနေပါက လူငယ်လူရွယ်တို့သည် အထက်တွင်ရေးသားခဲ့သကဲ့သို့ အသက်ရှင်လျက်သေနေသူများ ဖြစ်ကုန်ကြမည်ဖြစ်ပါသည်။ အိပ်မက်မျှော်လင့်ချက်အား အမြဲတစေ မက်နေသင့်ပါသည်။ ထို့ပြင် စိက်ကူးယဉ် အိပ်မက် မျှော်လင့်ချက်ကို စိတ်ကူးကလေးယဉ်၊ အိပ်မက်ကလေးမက်နေရုံဖြင့် မျှော်လင့်ချက်တို့သည် အလိုအလျောက်ပြည့်စုံလာနိုင်မည်မဟုတ်ပါ။ မျှော်လင့်ချက်အား ပံ့ပိုးထောက်ပံ့ပေးမည့် အကြောင်းအရာ တို့အား စဉ်ဆက်မပြတ်လုပ်ကိုင်နေကြရမည်ဖြစ်ပါသည်။ စိတ်ပျက်စရာ၊ အားလျော့စရာများက မျှော်လင့်ချက် အိပ်မက်တို့အား ကန့်လန့်တိုက် ဖျက်ဆီးကြမည်ဖြစ်သော်ည်း စိတ်ပျက်အားလျော့မနေကြပဲ မိမိတို့၏ မျှော်လင့်ချက်အိပ်မက်ပန်းတိုင်ခရီးအား စိတ်ပျက်ပျက်နှင့် ဆက်လက်လျောက်လှမ်းနေကြရမည်ဖြစ်ပါသည်။ ထိုသို့ စိတ်ပျက်ပျက်နှင့် လျောက်လှမ်းနေသူ နှင့် စိတ်ပျက်ပျက်နှင့်ဘေးထိုင်ကျန်နေသူတို့သည် အချိန်တစ်ခု တွင် သိသာစွာ ကွဲပြားခြားနားသွားကြမည်ဖြစ်ပါသည်။ စိတ်ကူးယဉ်အိပ်မက်ပန်းတိုင်ကို မရောက်မချင်း ဇွဲလုံ့လ ဖြင့် လျောက်လှမ်းကြရန်လိုပါမည်။ ဇွဲ လုံ့လ မရှိလျင်လည်း စိတ်ကူးယဉ် အိပ်မက် ပန်းတိုင်သို့ ရောက်ရှိနိုင်လိမ့် မည်မဟုတ်ပါ။


03.png


တန်ဖိုးရှိသော အရာတို့သည် အလွယ်တကူရရှိရိုးထုံးစံမရှိပါ။ အခက်အခဲမျိုးစုံ၊ ပင်ပန်းမှုအပေါင်းတို့ဖြင့် ခြံရံကာ နေတတ်ပါသည်။ ရရှိရန်ခက်ခဲသောကြောင့်လည်း တန်ဖိုးရှိနေခြင်းဖြစ်ပါသည်။ တန်ဖိုးကြီးလေလေ အခက်အခဲများလေလေဖြစ်ပါမည်။ အလွယ်တကူရရှိနေသော အရာတို့သည်ကား တန်ဖိုးမရှိဖြစ်နေတတ်ပါ သည်။ ဒါကလည်း လူတိုင်းနားလည်ပြီး လက်ခံထားကြပြီးဖြစ်သော်လည်း ဇွဲ လုံ့လ စိုက်ထုတ်လိုမှု အားနည်းနေ ခြင်းသာဖြစ်ပါမည်။ သွားနေသူသည် တစ်ချိန်ချိန်တွင် ခရီးရောက်မည်သာဖြစ်သည်။ သွားလျှင်ရောက်ပြီး မသွားလျှင် မရောက်ပါ။ ဇွဲ လုံ့လ ကြိုးစားအားထုတ်မှုတို့ကို အရင်းမပြုပဲ ရတာလေးပဲ တော်ပါပြီဆိုသူများ အတွက် တန်ဖိုးကြီးမားသော အရာတို့အား ရရှိနိုင်မည်မဟုတ်ပါ။ ဆရာဝန်ဖြစ်လိုသောသူသည် ဆရာဝန်ဖြစ် နိုင်သော ကြိုးစားအားထုတ်မှု၊ ဇွဲ လုံ့လ ထားရမည်ဖြစ်ပါသည်။ အင်ဂျင်နီယာဖြစ်လိုသောသူသည်လည်း အင်ဂျင်နီယာဖြစ်စေနိုင်လောက်သော ကြိုးစားအားထုတ်မှု နှင့် ဇွဲ လုံ့လ ရှိရမည်ဖြစ်ပါသည်။ ထိုက်သင့်သော ကြိုးစားအားထုတ်မှု နှင့် ဇွဲ လုံ့လမရှိပါက တက္ကသိုလ်ဝင်တန်းကိုပင် အောင်မြင်ဖို့ လွယ်ကူမည်မဟုတ်ပါ။ လူတိုင်း လူတိုင်းတွင် ကိုယ်ပိုင်အိပ်မက်ကိုမက်ခွင့်ရှိပါလျက်နှင့် အိပ်မက်မမက် မျှော်လင့်ချက်မဲ့နေခြင်းသည် အသက်ရှင်လျက်နှင့် သေနေသောသူနှင့်မခြားနားတော့ပါ။ မိမိတို့မက်သည့် အိပ်မက်အလျောက် ဖြစ်လာရန်လည်း ဇွဲ လုံ့လဖြင့် အားထုတ်ကြိုးစားကြပါ။ အောက်ခြေအလုပ်သမား၊ ကျောင်းဆရာ၊ ကုန်သည်ပွဲစား၊ ငွေကြေးချမ်းသာကြွယ်ဝသူ၊ ဆေးဆရာ၊ အင်ဂျင်နီယာ စသည်ဖြင့် ကြိုက်နှစ်သက်ရာ မက်ခွင့် ရှိပါသည်။ သို့သော် အိပ်မက်မျှော်လင့်ချက်အား မျက်ခြေမပြတ် ကြိုးစားအားထုတ်ရန်လိုပါမည်။ ကြိုးစားအားထုတ်မှုမရှိပဲ မျှော်လင့်ချက် အိပ်မက်အား ရင်ဝယ်ပိုက်ထားကာ ထိုင်နေခြင်းဖြင့် မျှော်လင့်ချက် ပြည့်ဝလာမည်မဟုတ်ပါ။ မည်သည့် တန်ခိုးရှင်ကမျှလည်း မျှော်လင့်ချက်အိပ်မက်ကို ဖြည့်စွမ်းမပေးနိုင်ပါ။ ကိုယ်တိုင်အကောင်အထည်ဖော် ကြိုးစားအားထုတ်ခြင်းဖြင့်သာ မျှော်လင့်ချက် အိပ်မက်ကို ရရှိနိုင်ပါမည်။


04.png


ကျွန်တော်တို့ MSC အဖွဲ့သားများသည် ယခုလက်ရှိအခြေအနေကို ကြည့်ရှုပါက ယခင်က တက်ကြွမှုဖြင့် စာများရေးနေသူအများစုသည် မျှော်လင့်ချက်မဲ့ကုန်ကြပြီလား? မျှော်လင့်ချက်ကို လက်လွှတ်ချထားလိုက် ကြပြီလားမသိ။ ဈေးနှုန်းများကျဆင်းနေသောကြောင့် ခေတ္တခဏ ရပ်နားနေကြသည်လား? သေချာမသိတော့ပါ။ ယခင်က အချိန်မမှီမည်စိုးသဖြင့် အလုအယက် Promotion Post တင်သူများ အဘယ်သို့ ရောက်ကုန်ကြသနည်း။ မျှော်လင့်ချက် မရှိကြတော့ပြီလော။ အိပ်မက်များဆက် မမက်လိုကြတော့ပြီလော။ အဖွဲ့သားများအား ပြောလိုသည်မှာ ယခုအချိန်တွင် Steemit သည်စိတ်ပျက်စရာ၊ အားလျော့စရာများနှင့် ဖြစ်ကောင်းဖြစ်နေမည်ဖြစ်သော်လည်း Steemit အိပ်မက်ရှည်ကိုတော့ ဆက်မက်စေချင်ပါသေးသည်။ Steemit Platform မပျက်စီးသေးပါ။ အားလုံးသော Online ငွေကြေးများ တန်ဖိုးကျဆင်းနေသောကြောင့်သာ Steem ဈေးနှုန်းသည်လည်း လိုက်လံကျဆင်းနေရခြင်းသာဖြစ်ကြောင်း လက်ခံကာ မျှော်လင့်ချက်အား ဆက်လက် အကောင်အထည်ဖော်ကြပါရန်လည်း တိုက်တွန်းလိုပါသည်။ မည်သည့်လုပ်ငန်းတွင်မဆို စိတ်ပျက်စရာ၊ အားလျော့စရာများ ရှိကြသည်သာဖြစ်ပါသည်။ အလှည့်အပြောင်းတစ်ခုအဖြစ် သတ်မှတ်ကာ မျှော်လင့်ချက်ကို မြဲမြဲဆုပ်ကိုင်ပြီး ရှေ့ဆက်လျောက်လှမ်းစေလိုပါသည်။ မကြာသောအချိန်ကာလတွင် Steemit သည်လည်း ကောင်းမွန်သော အကျိုးရလာဒ်များကို ပေးစွမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်ချက်အပြည့်ဖြင့် မျှော်လင့်ချက် အိပ်မက်အား ဆက်မက်စေလိုပါသည်။ စိတ်ပျက်ပျက်နှင့် မိမိတို့၏ မျှော်လင့်ချက်အိပ်မက်ကို အကောင်အထည် ဖော်နိုင်ရန် ကြိုးစားအားထုတ်နိုင်ကြပြီး အသက်ရှင်လျက်သေနေသူများ မဖြစ်ကြပါစေနှင့်လို့ တိုက်တွန်းရင်း ရပ်နားလိုက်ပါသည်။


ရေးသားသူ(Author) ___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

17-Aug-2018 သောကြာနေ့(Friday)