ယနေ့ခေတ်လူငယ်နှင့် ယနေ့ခေတ် လူကြီးများ ( Youth and Old Men)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,

လူငယ်တွေကိုဘဲပြုပြင်နေရတာ ဒီတစ်ခေါက်တော့ ကျွန်တော့်ကို လူကြီးပြုပြင်ရေးပါထည့်ထားသော ဆောင်းပါးလေး ရေးခွင့်ပြုပါခင်ဗျာ။

ယနေ့ခေတ်ကာလ ကျွန်တော်တို့ နေထိုင်ကြသော အမိမြန်မာနိုင်ပြည်ကြီးတွင် လူကြီး မိဘများ အနေဖြင့်(ကျွန်တော်အပါအ၀င်) ခေတ်လူငယ်များနှင့်ပတ်သက်ပြီး အမြဲတမ်းလိုလို ပြောတတ်သော စကား တစ်ခွန်းရှိပါတယ်။

အဲဒီစကားကတော့ အခုခေတ်လူငယ်တွေ တော်တော်ရိုင်းလာပြီ ဆိုသော စကားဖြစ်လေသည်။ ထို စကားကို အကြောင်းတစ်ခုခုပေါ်တိုင်း ပြောနေကြသည်ကို ကျွန်တော်ကြားနေရသည်မှာ အတော်ကြာခဲ့ပါပြီ။ စဉ်းစားနေသည်မှာလည်း အလွန်ကြာပါခဲ့ပြီ။ လူငယ်များ ထိုကဲ့သို့ ဖြစ်နေကြသည်မှာ မည်သူမှာ တာဝန်ရှိသနည်းဟု တွေးတော ငေးမော စဉ်းစားရင်းဖြင့် ယခုမှ စာရေးရန် စိတ်ကူးထဲ ထိုအတွေးရောက်ရှိလာသောကြောင့် ယခုဆောင်းပါးအား ရေးသားလိုက်ပါသည်။

youth and old man.png

Image from google


အထက်ပါ အခုခေတ်လူငယ်တွေ တော်တော်ရိုင်းလာပြီ ဆိုသော စကားနှင့်ပတ်သက်ပြီး ကျွန်တော် စဉ်းစားခဲ့သည်များကို ချစ်မိတ်ဆွေ လူကြီး လူငယ်အပေါင်းတို့လည်း ၀ိုင်းဝန်းစဉ်းစား ဝေဖန် အကြံပြု နိုင်ကြပါကြောင်းလည်း ပြောလိုပါသည်ခင်ဗျာ။ လူငယ်တိုင်းတော့မရိုင်းပါ။ ယခုခေတ်လူငယ်များ ဘာကြောင့် ယဉ်ကျေးမှု နည်းပါးပြီး ရိုင်းစိုင်း ကြမ်းတမ်းပြီး ယဉ်ကျေးမှု နည်းပါးလာကြပါသနည်း။ ယခင်တစ်ချိန်တုံးက လူငယ်များက အဘယ်ကြောင့် ယဉ်ကျေးမှု ရှိကြပါသနည်း။ ထိုနှစ်ခုကို ချိန်ထိုး စဉ်းစားရမည် ထင်ပါသည်။ ယခုမျက်မှောက်ခေတ်လူငယ်များကို မစဉ်းစား မဝေဖန်မီ အရင်ဆုံး အရင်အချိန်က လူငယ်များကို စဉ်းစားကြည့်ကြရအောင်ပါခင်ဗျာ။

youth 2.png

Image from google


လွန်ခဲ့ပြီးသောအချိန်ကာလများက လူငယ်များအား မိဘများ အသက်အရွယ်ကြီးရင့်သော လူကြီးများ ပညာရပ်အသီးသီးကို သင်ကြားပေးကြပါသော ဆရာများ ဆရာမများ၊ ကိုးကွယ်သော ဘာသာတရားအရအဆုံးအမပေးကြသည့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များမှ လူငယ်များနှင့်တွေ့ကြုံ ဆုံဆည်းပါက ဆုံးမတတ်ကြပေသည်။ လမ်းညွှန်ကြပေသည်။ ဒါသည်အမှား ဒါသည်အမှန် စသည်ဖြင့်လည်း နားလည်အောင် ပြောဆိုဆုံးမခဲ့ကြပေသည်။ အိမ်တောင်စု တစ်ခုတွင် ဖခင်ဖြစ်သူမှ ပြောဆိုဆုံးမှသောစကားများကို ဇနီးအပါအ၀င် သားသမီးများမှ မြေ၀ယ်မကျ နားထောင်တတ်ကြပေသည်။ မိခင် ဖခင်တို့သည် လက်ဦးဆရာ ပီသစွာဖြင့် သိသင့် သိထိုက်သည်များကို မိမိတို့၏ဥာဏ်မီသလောက် သင်ကြားလမ်းညွှန်ကြပေးကြပေသည်။ အားလပ် ချိန်များတွင် မိမိတို့ကိုးကွယ်ရာဘာသာအလိုက် ဘာသာရေးဆရာများထံသို့သွားရောက်ကာ အလှူ အတန်းပြုလုပ်ကြခြင်း၊ အဆုံးအများနာယူကြခြင်းများကိုလည်း ပြုလုပ်စေခဲ့ကြပေသည်။ ထိုမှတဆင့် ကျောင်းနေအရွယ်ရောက်သောအခါတွင် စာသင်ကျောင်းများတွင်လည်း ဆရာ ဆရာမများမှ မိမိတို့၏ တပည့်ကျောင်းသား ကျောင်းသူများအား အမှား အမှန် ခွဲခြမ်းစိတ်ဖြာတတ်စေရန်ကိုလည်းကောင်း၊ မိမိတို့၏တာဝန်ကိုလည်းကောင်း နားလည်စေရန် သင်ကြားပြသလမ်းညွှန်ခဲ့ကြပေသည်။ လိုက်နာမှုမရှိသော တပည့်များအားလည်း အပြစ်ပေး ဆုံးမကြပေသည်။ ထိုသို့ အပြစ်ပေး ဆုံးမကြသည်ကိုလည်း လူငယ်များက အဆုံးအမကို လက်သင့်ခံသလို မိခင် ဖခင်တို့မှ လက်သင့်ခံခဲ့ကြပေသည်။ အမှားကို အမှန်ပြင်ရန် အတွက် လိုအပ်လျှင် ရိုက်နှက်ဆုံးမခြင်းလည်း ခံကြရပေသည်။ ထိုသို့ရိုက်ဆုံးမရာတွင် မိမိတို့တပည့်များအား ထိခိုက်စေလိုသောဆန္ဒဖြင့် ရိုက်ခြင်းမဟုတ်ပဲ မိမိတို့အမှားကို သိရှိစေရန်နှင့် ထိုသို့သော အမှားများအတွက် အပြစ်ဒဏ်ခံရတတ်ကြောင်း သိစေလိုခြင်း စေတနာသာရှိကြပါသည်။

true or false.png

Image from google


နွေရာသီ ကျောင်းပိတ်ရက်များတွင် နွေရာသီသင်တန်းများဖွင့်လှစ်ကာ စိတ်ပိုင်းဆိုင်ရာအတွက် ယဉ်ကျေးမှု သင်တန်းများ၊ ရုပ်ပိုင်းဆိုင်ရာ များအတွက် အားကစားသင်တန်းများ၊ ကျန်းမာရေး ဗဟုသုတသင်တန်းများ၊ အသက်မွေးမှုပညာရပ်များဖြစ်သော ဘာသာစကားသင်တန်း၊ ပန်းချီပညာ သင်တန်း စသည် စသည့် သင်တန်းအမျိုးမျိုးတို့ကို သင်ကြားပေးကြကုန်လေသည်။ စဉ်းစားကြည့် ကြပါ ချစ်မိတ်ဆွေတို့ခင်ဗျာ။ ယနေ့မျက်မှောက်ခေတ်ကာလတွင် အဆိုပါနည်းစနစ်များ ကို လူကြီး မိဘ ဆရာသမားများမှ လုပ်ကိုင်ဆောင်ရွက်ခြင်းပြုပေးကြပါသလား။ ဒီနေရာမှာတော့ အဓိက အရေးကြီးသောသူများမှာ လက်ဦးဆရာများဖြစ်ကြသော မိခင် နှင့် ဖခင်တို့ဖြစ်ပေသည်။ ကလေး သူငယ်များသည် ငယ်ရွယ်စဉ်ကာလတွင် ဖခင်ဖြစ်သူကို အားကျ အတုယူတတ်ကြလေကုန်သည် မဟုတ်ပါလား။ မိခင် ဖခင်တို့အား ကြည့်ပြီး အတုယူ သင်ကြားခဲ့ကြပေသည်။ မိခင် ဖခင်တို့မှာ မှန်ကန်သော အသိပညာရရှိစေရေးအတွက် အလွန်ပင်အရေးပါသလို ကလေးသူငယ်များ အရွယ် ရောက်ချိန်တွင် ကောင်းမွန်သော အသိပညာရရှိစေရေးအတွက် အဓိကလည်းကျပေမည်။ ကလေးများ ဆိုးသွမ်းခြင်းသည် မိခင် ဖခင် နှင့် နီးစပ်ရာ ဆွေမျိုးများကြောင့်သာဖြစ်ကြောင်းလည်း တွေ့မြင်သိရှိ နေရပါသည်။ ထိုသို့ ဆိုပါလျှင် မိမိတို့၏ သား သမီး တပည့်များ ဆိုးသွမ်းခြင်းသည် မည်သူတို့တွင် တာဝန်ရှိ ပေသနည်း။ မိခင် ဖခင် ဆွေမျိုးများနှင့် ငယ်စဉ်ကာလ စာသင်ပြကြရပါသော ဆရာ ဆရာမများတွင် တာဝန်ရှိမည်ဖြစ်ပါကြောင်း ထင်မြင်မိပါသည်။ ထို့သို့ဆိုသော် လူငယ်များမမှားဘူးလား ဟု များ မေးလာခဲ့သည်ရှိသော် ကျွန်တော့်အဖြေကတော့ * ဟုတ်ကဲ့ မှားပါတယ်* ဒါပေမယ့် အမြဲတမ်းမဟုတ်သလို အလွန်တရားကြီးမားသော အမှားမျိုးကို ကျူးလွန်သူ အနည်းငယ်သာရှိမည်ထင်ပါသည်။ ထိုသို့မေးခွန်းများ ပေါ်လာခဲ့သော် လူကြီးများကော မမှားဘူးလား ဟု မေးချင်ပါသည်။ တကယ်လို့များ လူကြီးတွေက အမှားလုပ်ခဲ့သည်ရှိသော် အလွန်တရာ ဆိုးရွားသော အကျိုးဆက်များကို ခံစားကြရပေသည်။ ဥပမာအနေဖြင့်ဆိုရသော် အမိ အဖ များ စိတ်သဘောထားမတိုက်ဆိုင်ပါဟုဆိုကာ အိမ်ထောင်ကွဲခဲ့ကြသည်ရှိသော် ထိုကွဲကွာခြင်းဆိုသောအမှား၏ အကျိုးဆက်ကို စဉ်းစားကြည့်လျှင် သိနိုင်မည်ထင်ပါသည်။ စာရှည်သွားမည်ဖြစ်ပါသောကြောင့် နောက်ထပ် အမှားများအား ထည့်သွင်းရေးသားခြင်းမပြုတော့ပါ။ (ကျွန်တော်၏ သားသမီးများ ဆိုးသွမ်းနေခြင်းသည် ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့်ဟုသာ အမြဲတမ်း မှတ်ယူခဲ့ပါသည်)

teaching.png

Image from google


အထက်ဖော်ပြပါ အချက်များသည် ကျွန်တော့်၏အမြင်များသာဖြစ်ပါသဖြင့် သဘောထား မတိုက်ဆိုင် ခဲ့ပါက ခွှင့်လွှတ်နားလည်ပေးကြပါခင်ဗျာ။ အမှားအယွင်း တစ်စုံတစ်ရာရှိလျှင်လည်းကောင်း အကြံဥာဏ်ပေးလိုလျှင်လည်းကောင်း comment လေးရေးပေးသွားကြပါခင်ဗျာ။

ယနေ့ခေတ် လူငယ်များကို အထက်ပါအချက်များအား မိဘများ ဆရာများ က သင်ကြားပေးခဲ့ပါ သလား။ အမှား အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် လက်ဦးဆရာများဖြစ်ကြပါကုန်သော မိခင် ဖခင်တို့မှ မိမိတို့၏ ရင်နှစ်သည်းခြာများအား သင်ကြားပေးခဲ့ပါသလားခင်ဗျာ။

yes or no 1.png

Image from google



ဘာသာတရား၏ အဆုံး အမကို လိုက်နာတတ်စေရန် ယဉ်ကျေးမှုရှိစေရန် လုပ်ဆောင်ပေးခဲ့ဘူးပါသလားခင်ဗျာ။ အားလုံးသော လူကြီး မိဘ ဆရာသမားများ စဉ်းစားကြည့်စေချင်ပါသည်။ များသောအားဖြင့် လူကြီးများ၏ သဘောထားမှာ ငါက လူကြီး မိဘ ငါပြောတာ နားထောင် ဆိုသော သဘောထားကို စွဲမြဲစွာ ခံယူထားကြသူများပါသည်။ လူငယ်များ၏ ခံစားချက် နှင့် ခေတ်ကာလအခြေအနေကို နားလည်နိုင်
အောင် လူကြီး မိဘများ ကြိုးစားသင့်လှပေသည်။ လူကြီး မိဘများ၏ ဆုံးမမှုကို လူငယ်များကလည်း လက်ခံကျင့်သုံးသင့်လှပါသည်။

ဆုံးမမှုကို မနာခံသောသူကို မည်သူမျှ ဆုံးမလိုစိတ်မရှိ ဆုံးမ မည့်သူ မရှိသောသူတွင် တိုးတက်လမ်းမရှိ လူညွန့်တုံးလေသည် ယနေ့ခေတ်လူငယ်များအဘယ့်ကြောင့် ယဉ်ကျေးမှု မရှိ ဆိုးသွမ်းနေရပါသလဲဆိုသော အဖြေကို စဉ်းစားနိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့် ဆောင်းပါးကို နိဋ္ဌိတံ လိုက်ရပါသည်ခင်ဗျာ။

ဒီနေရာရောက်အောင် ဖတ်ရှုပေးသည့်အတွက် ကျေးဇူးအထူးပင်တင်ရှိပါသည်။

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

6-9-2017(Wednesday)