ယနေ့ခေတ်လူငယ်များနှင့်အိမ်ထောင်ပြုခြင်း (Youth and Merriage)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
တိုးတက်နေသည်ဟူသော ယနေ့ခေတ်ကာလတွင် လူငယ်အများအပြားက IT ခေတ်ဟုကြွေးကြော်ကြသည်။ ရှေးခေတ်ကာလအချိန်များထက် တိုးတက်လာသည်ဟု ပြောဆိုကြသည်။ ရှေးခေတ်က အတွေးအခေါ်တွေပါ။ လာမပြောနဲ့ဟု ပင်ပြောဆိုနေကြသည်ကို မြင်ဖူး ကြားဖူး တွေ့ဖူးခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ ယခုခေတ် ဟုပြောဆိုရာတွင် မြန်မာနိုင်ငံမှ လူငယ်များကိုသာဆိုလိုပါသည်။ အခြားသော နိုင်ငံခြားတိုင်းပြည်များမှ လူငယ်များကို မဆိုလိုပါချေ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံ အခြေခံယဉ်ကျေးမှု၊ လူမှုရေး အခြေခံ၊ နေထိုင်မှုပုံစံများ မတူညီကြသည့်အပြင် တိုးတက်မှုခြင်းလည်း မတူညီကြသောကြောင့်ဖြစ်ပါသည်။ ကျွန်တော်တို့ Myanmar Steemit Community တွင်ဝင်ရောက်လုပ်ကိုင်နေကြပါသော ညီအစ်ကို မောင်နှမများ တွင်လည်း အိမ်ထောင်မပြုသေးသောသူများလည်းပါကြမည်ဖြစ်ပါသည်။ သတိပေးလိုခြင်းလည်းဖြစ်ပါသည်။ မမှားယွင်းစေလိုသော စေတနာလည်းဖြစ်ပါသည်။ လူတိုင်း လူတိုင်းက တစ်ချိန်ချိန်တွင် ဘ၀အတွက် လက်တွဲဖော်တစ်ယောက်ရှာပြီး သေတစ်ပန်သက်တစ်ဆုံး ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်လိုကြမည် ထင်ပါသည်။ ထိုကဲ့သို့ သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်းနေထိုင်နိုင်ရန်အတွက်လည်း စဉ်းစား ချင့်ချိန်ပြီး ဘ၀လက်တွဲဖော်ကောင်းကို ရွှေးချယ်နိုင်ကြပါရန်အတွက် ရေးသားလိုက်ပါသည်။
Image from google
လူပျိုကြီး အပျိုကြီးများလည်း အိမ်ထောင်ပြုသင့်ပါသည်။ အိမ်ထောင်ပြုခြင်းအကြောင်းအရာကို မပြောကြားမီမှာ လူတွေက ဘာကြောင့် တစ်ဦး တစ်ယောက်တည်းမနေကြပဲ အိမ်ထောင်ပြုကြသလဲ ဆိုတဲ့ မေးခွန်းလေးကို ချစ်မိတ်ဆွေ ညီအစ်ကိုမောင်နှမ များအား မေးကြည့်ချင်ပါသေးသည်။ အဲဒီမေးခွန်းအတွက် အဖြေကလည်း အမျိုးမျိုးထွက်လာနိုင်မည်ထင်ပါသည်။ "ချစ်လို့ပေါ့" "တစ်ယောက်တည်းနေရမှာ ပျင်းစရာကောင်းလို့" "သူများတွေအိမ်ထောင်ပြုလို့" "၀တ္ထုတွေ ဇာတ်လမ်းတွေထဲက အချစ်အကြောင်းအရာလေးတွေကိုအားကျလို့" "အသက်ကြီးရင်ဆေးပေးမီးယူလိုအပ်တယ်ထင်လို့" အမျိုးသမီးများက "အားကိုးစရာလိုချင်လို့" အမျိုးသားများကလည်း "အိမ်စောင့် ထမင်းချက် လိုချင်လို့" စသည်ဖြင့် အမျိုးမျိုး အဖြေထွက်လာကြမှာလည်း အမှန်ပါပဲ။ အဖြေကလည်း တူညီတဲ့အဖြေတွေချည်းထွက်လာနိုင်မှာ မဟုတ်ပါဘူး။
ရှေးခေတ်အခါက မိန်းကလေးများသည် အိမ်ထောင်ပြုကြသည်ဆိုရာတွင် တကယ်ပင် မိမိတို့ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးနိုင်မည့် ယောက်ျားကောင်းတစ်ယောက်ကို အားကိုး အားထားပြုချင်သောကြောင့် အိမ်ထောင်ပြုကြခြင်းဖြစ်မည်ထင်ပါသည်။ မိမိ၏ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်မည့်ယောက်ျားသည် အားကိုး ထိုက်သည့်ယောက်ျားတစ်ယောက် ဟုတ် မဟုတ်။ အိမ်ထောင်တစ်ခုကို ကောင်းမွန်နိုင်နင်းစွာ ထိန်းသိမ်းနိုင်မည့် ယောက်ျားတစ်ယောက် ဟုတ် မဟုတ်။ မိမိအား ဦးဆောင်ဦးရွက်ပြုပေးမည့် ယောက်ျားတစ်ယောက် ဖြစ်နိုင်မဖြစ်နိုင် ကြည့်ရှုကြပေသည်။ လူကြီးများအားလည်း အကဲခတ်ခိုင်းပေသည်။ အားကိုး အားထားပြုထိုက်သည့်အတွက်လည်း ခင်ပွန်းသည်ယောက်ျားများကို အိမ်ဦးနတ် ဟု ခေါ်တွင်ခဲ့ခြင်းဖြစ်ပေမည်။ အားကိုးအားထိုက်မပြုနိုင်လောက်သော ယောက်ျားကို ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်မိပါက မိမိကပင် ပြန်လည် ရှာဖွေလုပ်ကိုင်ကျွေးမွေးနေကြရသည့် အိမ်ရှင်မများအားလည်း တွေ့မြင်ဖူးပါသည်။
Image from google
ယခုခေတ်ကာလတွင် မိန်းကလေးများက ဘ၀လက်တွဲဖော်ကို မည်ကဲ့သို့ ရွေးချယ်နေကြပါသနည်း။ ကျွန်တော်မသိပါ။ နားလည်ရန်လည်းမလွယ်ကူပါ။ လူငယ်တို့၏ သဘာဝဟု ဆိုပါက ဆိုနိုင်မည်ဖြစ်သော်လည်း ထိုကဲ့သို့ စိစစ် ရွေးချယ်သော မိန်းကလေးများ ရှားပါးကုန်ကြပြီလော။ စိစစ်သင့်ဟု မထင်ကြတော့သော ခေတ်ကို ရောက်နေကြပြီလားမသိပါ။ ကျွန်တော်ပင် ခေတ်နောက်ကျနေခဲ့ပြီလားမပြောတတ်။ယောက်ျားလေးများကလည်း အဘယ်ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် အိမ်ထောင်ပြုကြပါသနည်း။ ယောက်ျားလေး အများစုသည် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မိန်းကလေးများကို အားကိုးသဖြင့် အိမ်ထောင်ပြုကြခြင်းသာ ဖြစ်ပါသည်။ ဟုတ်ပါဘူးဗျာဟု ဆိုမည့်သူများရှိကောင်း ရှိနိုင်ပါသည်။ ထိုသို့ဆိုသူများသည် လိမ်လည်သူများဖြစ် နိုင်သကဲ့သို့ အမှန်မစဉ်းစားမိသူများလည်း ဖြစ်နိုင်ပါသည်။ ဘယ်အရာကိုအားကိုးကြသလဲ။ ကျွန်တော်တို့ ယောက်ျားလေးအများစုသည် မိဘအိမ်တွင် နေထိုင်စဉ် မိမိကိုယ်တိုင် ထမင်း၊ ဟင်းချက်စားသူ၊ မိမိတို့၏ အ၀တ် အစားများကို လျှော်ဖွတ်၊ မီးပူတိုက်သူ ဘယ်နှစ်ယောက်များရှိမည်ထင်ပါသနည်း။ အမေဖြစ်သူ နှင့် အမ ညီမ များမှ ထိုအလုပ်များကို ပြုလုပ်ပေးပြီး ယောက်ျားလေးအများစုသည် အဆင်သင့် စားသောက် ၀တ်စား နေထိုင် ကြကြောင်း သတိထားမိပါသည်။ အိမ်ထောင်ပြုသောအခါတွင်လည်း မိန်းမဖြစ်သူမှသာ အများအားဖြင့် တာဝန် ဆက်လက်ယူကြပေသည်။ ထိုလုပ်ငန်းများအတွက်အားကိုးပြီး မိန်းမယူကြခြင်းဖြစ်နိုင်ပါသည်။ ဟုတ်မဟုတ် ကိုတော့ အိမ်ထောင်ပြုပြီးသောသူများ သေချာစဉ်းစားလျှင် သိနိုင်မည်ထင်ပါသည်။ အိမ်ထောင်မပြုရသေးသော သူများလည်း စဉ်းစားကြည့်နိုင်ကြပါသည်။
Image from google
ယခုခေတ်ကာလ လူငယ် မိန်းကလေး ယောက်ျားလေးများသည် ကျွန်တော့်အမြင် တလွဲဆံပင်ကောင်းနေကြသည် ထင်ပါသည်။ အဓိကအားဖြင့် အိမ်ထောင်ပြုခြင်းသည် လိင်ကိစ္စသက်သက်ဟု ထင်မြင်နေကြပုံရပါသည်။ အိမ်ထောင်မပြုခင်ကတည်းကပင် ထိုလိင်ကိစ္စကို လက်တဲ့စမ်းကြပြီးလည်းဖြစ်နေကြပေသည်။ အများစုကို ပြောခြင်းဖြစ်ပါသည်။ အားလုံးကိုဆိုလိုခြင်းမဟုတ်ပါ။ လိင်ကိစ္စသက်သက်သာဆိုလျှင် အိမ်ထောင်ပြုစရာပင်မလို။ အိမ်ထောင်သည်ဘ၀တွင်မူ လိင်ကိစ္စသည် အဓိကကျသော ခံစားချက်တစ်ရပ်မဟုတ်တော့ကြောင်းကိုလည်း အိမ်ထောင်ကျပြီးသူတိုင်း နားလည်ကြမည်ထင်ပါသည်။ ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင် နိုင်ရန်အတွက် တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်မြတ်နိုးခြင်း၊ တစ်ဦးကို တစ်ဦး အပြန်အလှန်လေးစားမှုရှိခြင်း၊ နားလည်မှုရှိခြင်းတို့သည် အလွန်အရေးကြီးသော လိုအပ်ချက်ဖြစ်ပါသည်။ ငွေကြေးထက်ပင် ပိုမို အရေးပါလှပါ သည်။ မိမိတို့ရွေးချယ်မည့် လက်တွဲဖော်သည် အတွေးအခေါ်ရင့်ကျက်သောသူမျိုးလည်းဖြစ်သင့်ပါသည်။ ကလေး ဆန်လွန်းအားကြီးသောသူများအား ရွေးချယ်ခြင်းသည် သမီးရည်းစားဘ၀တွင် ချစ်ခင်နှစ်သက်စရာကောင်းသည် ဟုထင်မြင်နိုင်ကြသော်လည်း အိမ်ထောင်သည်ဘ၀တွင်မူ သည်းခံနိုင်ရန်အလွန်ခက်ခဲပေသည်။ သည်းမခံနိုင်လျှင် အိမ်ထောင်ရေးခွာပြဲကုန်မည်ဖြစ်ပေသည်။ အိမ်ထောင်ပြုမည်ဆိုပါက မိမိတို့တွင် ထိုက်သင့်သော ငွေကြေး အရင်း အနှီးလည်းလိုအပ်ပါသည်။ ကိုယ်ပိုင်ငွေကြေးကို ဆိုလိုခြင်းဖြစ်ပါသည်။ သင့်တင့်မျှတသော ၀င်ငွေလည်း ရှိထား သင့်ပါသည်။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရ နေရ ဆိုသည်မှာ လက်တွေ့ဘ၀နှင့် အံမ၀င်ပါ။ ငွေကြေးအဆင်မပြေ လျှင် အိမ်ထောင်ပြုပြီး မကြာမီ ပြသနာတက်ပြီး ခွာပြဲကြအုံးမည်ဖြစ်ပါသည်။ ဘ၀လက်တွဲဖော်ရွေးချယ်ရာတွင် နှစ်ဦးစလုံးသည် ကျန်းမာရေးကောင်းမွန်နေသောသူများဖြစ်နေလျှင်ကောင်းပါမည်။ ငွေကြေးတတ်နိုင်သော်လည်း ရူနာရှိုက်ကုန်းဖြစ်နေပါကလည်း ရေရှည် တည်မြဲနိုင်ရန်မလွယ်ကူနိုင်ပါချေ။ လိုအပ်သော အချက်အလက်များ ပြည့်စုံကောင်းမွန်သော လက်တွဲဖော်ရရန်မလွယ်ကူနိုင်သော်လည်း အကောင်းဆုံးဖြစ်စေရန်အတွက် ကြိုးစား ရှာဖွေသင့်ပါကြောင်း အကြံပေးအပ်ပါသည်။ သို့မှသာလည်း သာယာချမ်းပြေ့သော အိမ်ထောင်ရေးတစ်ခုကို ကောင်းမွန်စွာ တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ယခုခေတ်တွင် လူငယ်များသည် ဦးစားမပေးသင့်သည်များကို ဦးစားပေးလာသည့်အတွက် မမှားသင့်သော အမှားများဖြစ် လာကြရသည်။ စိတ်ဆင်းရဲ၊ စိတ်ဒုက္ခရောက်ရသည့်ကိစ္စများ ၀င်ရောက်လာကြကုန်လေသည်။ Facebook ပေါ်မှာ ချက်တင် ထိုင်ရင်း သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသူမသိ ရည်းစားဖြစ်သွားကြ။ ရည်းစားဖြစ်လို့ မကြာမီ အိမ်ထောင်ပြုကြ။ အိမ်ထောင်ပြုပြီး မကြာမီ လမ်းခွဲကြသည့် လူငယ်တို့၏ အိမ်ထောင်ရေးကို မြင်တွေ့နေရပါသည်။ လူငယ်တိုင်းတော့မဟုတ်ပါချေ။ သို့သော် အများအားဖြင့် ထိုကဲ့သို့ပင် ဖြစ်ပျက်နေကြပါ သည်။ ယခုလောလောလတ်လတ်တွင်ပင် ကျွန်တော့်၏ အသိထဲမှ လူပျိုကြီးတစ်ယောက်သည်Facebook တွင် ချက်တင်ထိုင်ရင်း နှင့် လူပျိုကြီးဘ၀စွန့်လွှတ်တော့မည်ဟု ပြောကြားလာသည်။ တစ်ယောက်အကြောင်း တစ်ယောက်ကောင်းစွာပင် မသိရှိရသေးပါဘဲနှင့် အိမ်ထောင်ပြုရန်ပင် ကမ်းလှမ်းပြီးကုန်ကြလေပြီဖြစ်သည်။ မည်သည့်အချိန်တွင် ခွာပြဲကြမည်လဲ။ ရှေးလူကြီးသူမများကမူ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး ထိုသုံးမျိုး နောင်ပြင်ရန်ခက်သည့်အမျိုး ဟု စာချိုးထားခဲ့ကြပေသည်။ ပြန်ပြင်ရန်ခက်ခဲသည်ကို မမေ့သင့်ပါကြောင်း နှင့် အိမ်ထောင်ပြုမည်ဆိုပါက တစ်ယောက်အကြောင်း တစ်ယောက် ကောင်းမွန်စွာ နားလည် သိရှိအောင်ကြိုးစားကြပါဟု တိုက်တွန်းအပ်ပါသည်။ ညှိနှိုင်းသင့်သည်များကို အကျေအလည် ညှိနှိုင်းတိုင်ပင်သင့် လှပါသည်။ လူပျိုကြီး အပျိုကြီးများအဖြစ်မှလည်း လွတ်ကင်းအောင် ကြိုးစားကြပါလို့လည်း တိုက်တွန်းနှိုးဆော်ရင်း ရပ်နားလိုက်ရပါသည်။ အားလုံးသော ညီအစ်ကို မောင်နှမများအားလုံး မိမိတို့လက်တွဲဖော်ကို အကောင်းဆုံး ရှာဖွေ ပိုင်ဆိုင်နိုင်ကြပါစေ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
13-11-2017 တနင်္လာနေ့(Monday)